International News

တရုတ်နိုင်ငံ၏ ပြည်တွင်း ပဲပိစပ် ထုတ်လုပ်မှု တိုးတက်စေရေးမူဝါဒ ထုတ်ပြန်

Last Updated:

တရုတ်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေးအတွက် ပိုမိုကျယ်ပြန့်သော ကြိုးပမ်းမှုတစ်စိတ် တစ်ပိုင်းအနေဖြင့် ပဲပိစပ်စိုက်ပျိုးမှုကို တိုးချဲ့ရန်နှင့် တောင်သူများ၏ အကျိုးစီးပွားကို ကာကွယ်ရန် မူဝါဒအစီအမံအချို့ကို ထုတ်ပြန်ခဲ့သည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနက စားသုံးဆီထုတ်လုပ်မှုကို အားကောင်းလာစေ ရန်အတွက် ပဲပိစပ်စိုက်ပျိုးသော တောင်သူလယ်သမားများအား ပံ့ပိုးကူညီရာတွင် မက်လုံး များစွာ ချမှတ်မည်ဖြစ်ကြောင်း၊ ဗဟိုအစိုးရသည် ပြောင်းနှင့် ပဲပိစပ်စိုက်ပျိုးသော လယ်သမား များအား ထောက်ပံ့ငွေများ ပေးအပ်မည်ဖြစ်ပြီး နိုင်ငံ၏ အဓိက စပါးစိုက်ပျိုးသည့် ဒေသ ဖြစ်သည့် တရုတ်နိုင်ငံ အရှေ့မြောက် ပိုင်းရှိ ပြည်နယ်အာဏာပိုင်များကိုလည်း အလားတူ လုပ်ဆောင်ရန် အားပေးမည်ဖြစ်ကြောင်း၊ စရိတ်စကများကာမိစေရန်နှင့် ၀င်ငွေရရှိရေး အာမခံ ပေးမည့် ပဲပိစပ်တောင်သူများအတွက် ချေးငွေပိုမိုတိုးမြှင့်ပေးမည် ဖြစ်ကြောင်း ၁၇-၃-၂၀၂၃ ရက်နေ့ (သောကြာနေ့) ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြောက်ပိုင်းဒေသ၊ အရှေ့တောင်ပိုင်းဒေသနှင့် ယန်ဇီမြစ်အောက်ပိုင်းနှင့် အလယ်ပိုင်းရှိ လယ်သမားများအား စပါးနှင့် ပဲပိစပ်များ ယှဉ်တွဲစိုက်ပျိုးသည့် ရှေ့ပြေးအစီအစဉ်တွင် ပါဝင်ရန် တွန်းအားပေးသွားမည်ဖြစ်ပြီး ဒေသဆိုင်ရာအာဏာပိုင်များသည် လယ်သမားများအား သစ်သီး ပင်များ၊ ဂျုံစပါးနှင့်အတူ ပဲပိစပ်စိုက်ပျိုးရန် တွန်းအားပေးသွားမည်ဖြစ်သည်။

နည်းပညာဝန်ဆောင်မှုများ အားကောင်းလာစေရန်၊ ပိုမိုကောင်းမွန်သောမျိုးကွဲများ၊ စိုက်ပျိုးနည်းစနစ်များနှင့် စက်ယန္တရားများအသုံးပြုမှုကို မြှင့်တင်ရန် စသော အဆင့်များ အပါအဝင် 906 ပဲပိစပ်စိုက်ပျိုးသော ခရိုင်တစ်ခုစီအတွက် အံဝင်ခွင်ကျဖြေရှင်းနိုင်မည့် နည်းလမ်းများ ထွက်ပေါ်လာရန် စီစဉ်ထားကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

မိသားစုလယ်ယာများ၊ ကျေးလက်သမဝါယမများနှင့် လယ်ယာစီးပွားရေးလုပ်ငန်းများကို လည်း ပဲပိစပ်စိုက်ပျိုးရန် တွန်းအားပေးမည်ဖြစ်ပြီး အစိုးရအနေဖြင့် ပဲပိစပ်စိုက်ပျိုးသူများအတွက် ကုန်ကျစရိတ်သက်သက်သာသာနှင့် အဆင်ပြေပြီး အလုံးစုံဝန်ဆောင်မှုများပေးနိုင်ရန် ကျွမ်းကျင်သော ဝန်ဆောင်မှုပေးသူများကို ဖြစ်ထွန်းလာအောင် အစိုးရမှ တွန်းအားပေး သွားမည်ဖြစ်သည်။

တရုတ်နိုင်ငံ၏အကြီးဆုံးစပါးသိုလှောင်မှုနှင့်သယ်ယူပို့ဆောင်ရေးကုမ္ပဏီ China Grain Reserves Group Co.,Ltd သည် ပဲပိစပ်စိုက်ပျိုးမှု အများဆုံးဖြစ်သည့် ဒေသများဖြစ်သော Heilongjiang ပြည်နယ်နှင့် Inner Mongolia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများရှိ ပဲပိစပ်များကို စိုက်ပျိုးသူများထံမှ ဝယ်ယူရန် ကြိုးပမ်းမှုများကို အရှိန်မြှင့်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့သည်။

ကမ္ဘာပေါ်တွင် ပဲပိစပ်တင်သွင်းမှုအများဆုံးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသည် စားနပ်ရိက္ခာ ဖူလုံရေးနှင့် ဖူလုံရေးဆိုင်ရာ ကြိုးပမ်းအားထုတ်မှုများ တိုးမြှင့်လုပ်ဆောင်သွားရန် နိုင်ငံ၏ ခေါင်းဆောင်ပိုင်းမှ တောင်းဆိုထားသောကြောင့် ယမန်နှစ်တွင် စိုက်ပျိုးမှုတိုးချဲ့ရန် ကြိုးပမ်း အားထုတ်မှုများ စတင်ခဲ့ခြင်း ဖြစ်ပါသည်။

တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်တွင် ပဲပိစပ်တန်ချိန် ၉၁ ဒသမ ၀၈ သန်း တင်သွင်းခဲ့ပြီး တန်ဖိုးအားဖြင့် ကန်ဒေါ်လာ ၄၀ ဒသမ ၈၄ ဘီလီယံရှိပြီး ယင်းကိန်းဂဏန်းနှစ်ခုစလုံးမှာ တစ်နှစ်ထက်တစ်နှစ် ၅ ဒသမ ၆ ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း အကောက်ခွန် အထွေထွေ အုပ်ချုပ်ရေးအဖွဲ့မှ သိရှိရပါသည်။

စိုက်ပျိုးရေးနှင့် ကျေးလက်ရေးရာဝန်ကြီးဌာနမှ ပဲပိစပ်သုတေသနပညာရှင် Yin Ruifeng က တရုတ်နိုင်ငံသည် ၂၀၂၂ ခုနှစ်မတိုင်မီ ၎င်း၏ပဲပိစပ် ၈၅ ရာခိုင်နှုန်းကျော်အတွက် နိုင်ငံတကာ ဈေးကွက်ကို မှီခိုအားထားနေရပြီး ဖူလုံမှုအဆင့်ကို မြှင့်တင်ရန် အခြေအနေများစွာရှိနေသည်ဟု ဆိုသည်။ သို့သော်လည်း လယ်သမားများစွာသည် ယမန်နှစ်တွင် ပဲပိစပ်ကို ပြောင်းလဲစိုက်ပျိုး ပြီးနောက် ပြည်တွင်းထုတ်လုပ်မှု မြင့်တက်လာခြင်းကြောင့် ဈေးနှုန်းကျဆင်းလာသဖြင့် စိုက်ပျိုးသူများ၏ စိတ်အားထက်သန်မှုကို လျော့နည်းလာစေကြောင်းနှင့် ပဲပိစပ်ဖူလုံမှုအဆင့်ကို မြှင့်တင်ဖို့သည် အချိန်ကုန်စေသော လုပ်ငန်းစဉ်ဖြစ်ပြီး ပြည်တွင်းမျိုးကွဲများ ဖွံ့ဖြိုးတိုးတက် လာရန်နှင့် ပြည်တွင်းထောက်ပံ့ရေးကွင်းဆက်များ ထူထောင်နိုင်ရန်အတွက် လုပ်ငန်းများကို ပိုမိုလုပ်ဆောင်ရမည်ဖြစ်ကြောင်း သူမက ပြောကြားခဲ့ပါသည်။

သုံးသပ်ချက်

ယခုလအတွင်း ပဲပိစပ်ဆီဈေးကွက်သည် ဆက်လက်လှုပ်ခတ်နေပြီး တဖြည်းဖြည်းကျဆင်း လျက်ရှိသည်ကို တွေ့ရပါသည်။ မတ်လပထမအပတ်တွင် ပျမ်းမျှပဲပိစပ်ဆီဈေးသည် တစ်တန်လျှင် ၉,၆၃၄ ယွမ်ရှိပြီး မတ်လတတိယအပတ်တွင် ပဲပိစပ်ဆီဈေးကွက်တွင် ပျမ်းမျှစျေးနှုန်းမှာ တစ်တန်လျှင် ၈,၄၉၀ ယွမ်ဖြစ်လာသဖြင့် စျေးနှုန်းအနေဖြင့် ၁၁.၈၉ ရာခိုင်နှုန်းခန့် ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပါသည်။

ယခုတစ်ပတ်တွင် ပဲပိစပ်ဆီဈေးကွက် ကျဆင်းမှုကို ထိခိုက်စေသည့် အကြောင်းအရင်းများ ကို အောက်ပါအတိုင်း လေ့လာသုံးသပ်ထားပါသည်-

(က)    ထောက်ပံ့မှု။ ပို့ဆောင်ရေးအချက်အလက်များအရ မတ်လအတွင်း တင်သွင်းသည့် ပဲပိစပ်ပမာဏ မှာ တန်ချိန် ၆ ဒသမ ၁၉ သန်းရှိပြီဖြစ်သဖြင့် ယခင်လက ခန့်မှန်း ထားသည့် တန်ချိန် ၅ ဒသမ ၇၈၅ သန်းနှင့် နှိုင်းယှဉ်ပါက တန်ချိန် ၃၁၈,၀၀၀ တိုးလာပြီး ယခင်နှစ် အလားတူကာလ တင်သွင်းမှု တန်ချိန် ၅ ဒသမ ၈၇၂ သန်းနှင့် နှိုင်းယှဉ်မည်ဆိုပါကလည်း တန်ချိန် ၄၀၅,၀၀၀ တိုးလာခဲ့ကြောင်း တွေ့ရှိရပါသည်။ ပြည်ပမှတင်သွင်းသည့် ကုန်ကြမ်း ပဲပိစပ်များ အသုံးပြုမှု မြင့်တက်လာသဖြင့် ပဲပိစပ်ဆီဈေးနှုန်း မြင့်တက်လာနိုင်ရေး အတွက် ဖိအားများစွာ ရင်ဆိုင်နေရပါသည်။

(ခ)   သိုလှောင်မှုစာရင်းအင်း။ စာရင်းအင်းများအရ ယခုနှစ်၏ ပထမသုံးလပတ်တွင် ပဲပိစပ်ဆီသည် တန်ချိန် ၈၀၀,၀၀၀ အတွင်း လည်ပတ်နေသဖြင့် မြင့်မားသောအဆင့်တွင် ရှိနေပါသည်။ ယခုလတွင်လည်း ပဲပိစပ်ဆီစာရင်းအင်းအရ တန်ချိန် ၇၄၀,၀၀၀ မှ ၈၄၀,၀၀၀ အကြားတွင် ဆက်လက်တည်ရှိနေပြီး အဓိကအားဖြင့် မြင့်မားသောအဆင့်တွင် လည်ပတ် နေသည်ကို တွေ့ရှိသော်လည်း မတ်လလယ် တွင် ပဲပိစပ်ဆီ သိုလှောင်မှု တန်ချိန် ၆၇၀,၀၀၀ အထိ ကျဆင်းခဲ့သဖြင့်  ပဲပိစပ်ဆီ စျေးကွက်မှာ  အတိုင်းအတာတစ်ခုအထိ သိသိသာသာ ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။

(ဂ)   ကမ္ဘာ့ဈေးကွက်။ အမေရိကန်ပဲပိစပ်ဆီ၏ အနာဂတ်စျေးနှုန်း ဆက်လက်ကျဆင်း နေချိန်တွင် တောင်အမေရိကပဲပိစပ်များကို အလေးအနက်ထားလာသည်ကို တွေ့ရှိ ရပါသည်။ ကမ္ဘာလုံးဆိုင်ရာ ဟင်းသီးဟင်းရွက်ဆီ စားသုံးမှု၀ယ်လိုအား အားနည်းလာသဖြင့် ပြင်ပဆီဈေးကွက်သည်လည်း ကျဆင်းလာသည်ကို တွေ့ရပါသည်။ တရုတ်နိုင်ငံ Dalian မြို့ တွင် ပဲပိစပ်ဆီဈေးကွက် ကျဆင်းလာသည်နှင့် ပဲပိစပ်ဆီ ဈေးနှုန်းသည်လည်း ဆက်လက် ကျဆင်းလာသည်ကို တွေ့ရှိရပါသည်။

(ဃ)    ဝယ်လိုအား။ သိုလှောင်မှုဂိတ်အဝင်အထွက်စာရင်းတွင် စားသုံးသူဝယ်လိုအားမှာ အနည်းငယ်ကျဆင်းသွားပြီး ပဲပိစပ်ဆီစျေးနှုန်းများ အဆက်မပြတ် ကျဆင်းလာကာ စားသောက်ကုန် လုပ်ငန်းများ၏ သိုလှောင်ထားမှုမှာလည်း နှေးကွေးသွားခဲ့သည်။ ဝယ်ယူအသုံးပြုခြင်းနှင့် ဝယ်လိုအားကျဆင်းလာပြီး ပဲပိစပ်ဆီဈေးကွက်မှာလည်း အားနည်း သည့်ပုံစံဖြင့် ဆက်လက်ကျဆင်းလာခဲ့သည်ကို တွေ့ရှိရပါသည်။

 

စီးပွားရေးသံမှူး၊ ကူမင်းမြီု့

Source: March 22, 2023 10:00    China Daily

Category: International News