International News

ထိုင်းနိုင်ငံ အစားအစာပြပွဲမှ ငွေလွှဲပေးပို့မှု ၈၁ ရာခိုင်နှုန်းထိ‌ မြင့်တက်

Last Updated:

ထိုင်းနိုင်ငံတွင် မေလ ၂၃ ရက်နေ့မှ ၂၇ ရက်နေ့ထိကျင်းပခဲ့သည့် အစားအသောက်နှင့် အဖျော်ယမကာ ပြပွဲတစ်ခုဖြစ်သည့် ThaiFex-Anuga Asia 2023 မှ ဘတ် ၁၂၀ ဘီလီယံထိ ငွေလွှဲပေးပို့မှုရှိခဲ့ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Jurin က ပြောကြားခဲ့ပါသည်။

ယင်းပြပွဲတွင် ထိုင်းနိုင်ငံအပါအဝင် အရှေ့အာရှ၊ အရှေ့တောင်အာရှ၊ အီးယူ၊ အမေရိကန်၊ ဩစတြေးလျနှင့် အရှေ့အလယ်ပိုင်းနိုင်ငံ ၄၅ နိုင်ငံတို့မှ ကုမ္ပဏီ ၃,၀၃၄ ခု လာရောက်ပြသကြပြီး၊ ယင်းတို့မှာ တရုတ်၊ တောင်ကိုရီးယား၊ ဗီယက်နမ်၊ မလေးရှားနှင့် ဂျပန်တို့မှ ကုမ္ပဏီအများစုဖြစ်ကြောင်း သိရှိရပါသည်။

ပို့ကုန်ပမာဏအမြင့်ဆုံးဖြစ်သည့် ပစ္စည်းများမှာ အစားအသောက်၊ သစ်သီး၊ အစားအသောက်ပြုလုပ်သည့် စက်ပစ္စည်း၊ ကော်ဖီနှင့် လက်ဖက်ရည်တို့ဖြစ်ကြောင်း၊တရုတ်၊ထိုင်း၊ အမေရိကန်၊ မလေးရှားနှင့် ဂျပန်နိုင်ငံတို့သည်မှာယူမှု အမြင့်ဆုံး ၅ နိုင်ငံဖြစ်ကြောင်း ၎င်းကဆိုပါသည်။

ယခုပြပွဲမှအစပြု၍ ထိုင်းအစားအသောက်များကို ပိုမိုတင်ပို့နိုင်မည်ဟု မျှော်လင့်ပါကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် ယခုနှစ်အတွင်း အစားအသောက်တင်ပို့နိုင်မှုကို ၁၀ ရာခိုင်နှုန်းအထိ တိုးမြှင့်တင်ပို့နိုင်ပြီး ဘတ် ၁.၅၅ ထရီလီယံ ဝင်ငွေရရှိရန် ရည်မှန်းထားပါကြောင်း၊ထို့အပြင် နိုင်ငံတကာတွင် ထိုင်းတံဆိပ်ဖြင့် ထိုင်းအစားအသောက်ဆိုင်များ တိုးချဲ့ဖွင့်လှစ်ခြင်းဖြင့် ထိုင်းအစားအသောက်များကို နိုင်ငံတကာဟင်းလျာအဖြစ် အဆင့်မြှင့်တင်သွားရန် ကတိပြုပါကြောင်းပြောကြားခဲ့ပါသည်။

 

စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Source: www.bangkokpost.gov

Category: International News