International News

ဆန်သိုလှောင်ထားသူများ၊ ဈေးကစားသူများနှင့် ဆန်သိုလှောင်ရုံများအား ဝင်ရောက်စစ်ဆေးသွားရန် သမ္မတမားကို့စ်မှ အကောက်ခွန်ဦးစီးဌာနသို့ ညွှန်ကြား

Last Updated:

ဆန်စပါးတရားမဝင်တင်သွင်းသူများ၊ ဆန်စပါးသိုလှောင်ဈေးကစားသူများအား ထိထိရောက်ရောက် အရေးယူနိုင်ရေး ဆန်သိုလှောင်ရုံများအား ဆက်လက်ပြီး ရှောင်တခင်စစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်သွားရန် သမ္မတမားကို့စ်မှ ဖိလစ်ပိုင်အကောက်ခွန်ဦးစီးဌာနသို့ ညွှန်ကြားသည့် အမိန့်ထုတ်ပြန်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့က ပြုလုပ်ခဲ့သည့် သတင်းထုတ်ပြန်မှုတွင် အကောက်ခွန်ဦးစီးဌာန အနေဖြင့် စိုက်ပျိုးရေးထုတ်ကုန်ပစ္စည်းများ တရားမဝင်တင်သွင်းသူများအား ဖမ်းဆီးနိုင်ရေး ယခုထက် နှစ်ဆတိုးမြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ကုန်သိုလှောင်ရုံများတွင် ဆန်စပါးသိုလှောင်သိမ်းဆည်း ထားမှုများရှိ/မရှိ၊ အထူးသဖြင့် ဆန်စပါးသိုလှောင်ထားရှိမှုများ ရှိ/မရှိကို ကြပ်မတ်စစ်ဆေးသွားမည် ဖြစ်ပါကြောင်း ဖော်ပြပါရှိပါသည်။

သမ္မတ၏ညွှန်ကြားချက်နှင့်အညီ  တင်သွင်းလာသည့် ဆန်များအား သိုလှောင်ထားရှိသည့် ဆန်သိုလှောင်ရုံများအား စစ်ဆေးသွားပြီး သက်တမ်းသတ်မှတ်ချက် ပါဝင်သည့်စာအား ထုတ်ပေးသွားမည်ဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများနှင့် လိုအပ်သည့်စစ်ဆေးမှုများ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း၊ အကောက်ခွန်ဦးစီးဌာနအနေဖြင့် သမ္မတညွှန်ကြားချက်နှင့်အညီ ဆောင်ရွက်နေကြောင်း သိရှိနိုင်ရန် ဘူလကန်ဒေသရှိ ဆန်သိုလှောင်ရုံများအား ရှောင်တခင်စစ်ဆေးခဲ့ပါကြောင်း ဖော်ပြပါရှိပါသည်။ လက်ရှိအခြေအနေထိ ဆန်သိုလှောင်ရုံ(၃)ခုအား စစ်ဆေးခဲ့ပါကြောင်းနှင့် ၎င်းတို့မှာ Great Harvest Rice Mill Warehouse, San Pedro Warehouse, FS Rice Mill Warehouse  တို့ ဖြစ်ပါကြောင်း ဖော်ပြထားပါသည်။

စစ်ဆေးပြီးခဲ့သည့် ဆန်သိုလှောင်ရုံ (၃) ခုတွင် သိုလှောင်သိမ်းဆည်းထားသည့် ဆန်များမှာ ဗီယက်နမ်၊ ကမ္ဘောဒီး ယားနှင့် ထိုင်းနိုင်ငံတို့မှ တင်သွင်းခဲ့သည့် ဆန်များဖြစ်ပြီး ကနဦးတွက်ချက်မှု အရ ပီဆို ၅၀၅ သန်းခန့်ရှိပါကြောင်း၊ အဆိုပါ ဆန်သိုလှောင်ရုံပိုင်ရှင်များအနေဖြင့် ဆန်တင်သွင်းခဲ့ခြင်းဖြစ်ကြောင်း လိုအပ်သည့်၊ ခိုင်လုံသည့် အထောက် အထားများ၊ အခွန်ပေးဆောင်ထားသည့် စာရွက်စာတမ်း များအား ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့နောက်ဆုံးထား၍ တင်ပြသွားရန်ဖြစ်ပြီး မတင်ပြနိုင်ပါက သိမ်းဆည်းခြင်းခံရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အထက်ဖော်ပြပါ ကုန်သိုလှောင်ရုံများအား ယာယီ တံဆိပ်ရိုက်နှိပ်ထားပြီး ဆန်လိုအပ်ချက်အရ တင်သွင်းခဲ့သည့် ဆန်များဖြစ်ကြောင်း သတ်မှတ်ထားပြီး လိုအပ်သည့် စစ်ဆေးမှုများအား ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့မှစ၍ စစ်ဆေးသွားမည်ဖြစ်ပါသည်။ ပိုင်ရှင်များအနေဖြင့် အခွန်ထမ်းဆောင်ထားသည့်စာရွက် စာတမ်းများအပါအဝင် တင်သွင်းရာတွင် တင်ပြရန် လိုအပ်သည့် စာရွက်စာတမ်း၊ အထောက်အထားများအား ၁၅ ရက်အတွင်း ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလ ၈ ရက်နေ့ နောက်ဆုံးထားတင်ပြသွားရန် ဖြစ်ပါသည်။

စုံစမ်းစစ်ဆေးမှုများပြုလုပ်ပြီး ပြစ်မှုကျူးလွန်ခဲ့ကြောင်းထင်ရှားပါက အကောက်ခွန်ဦးစီးဌာနနှင့် တရားရေးဝန်ကြီး ဌာနတို့ပူးပေါင်း၍ ဆန်များသိုလှောင်ပြီး ဈေးကစားဆောင်ရွက်သူများအား ဖမ်းဆီးအရေးယူမှုများ  ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

သုံးသပ်တင်ပြချက်

စိုက်ပျိုးရေးဝန်ကြီးဖြစ်သူ သမ္မတမားကို့စ်သည် ဆန်စပါးဈေးနှုန်းနှင့် ကျောင်းဖွင့်ရာသီဖြစ်၍ ကျောင်းသုံးပစ္စည်းများရောင်းချရာတွင် ဈေးတင်ရောင်းချခြင်းမျိုးမရှိစေရန်၊ ဈေးကစားမှုများ မရှိစေရန်အတွက် စောင့်ကြည့်စစ်ဆေးသွားရန် ဖိလစ်ပိုင်ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာနအပါအဝင် သက်ဆိုင်ရာဝန်ကြီးဌာန၊ အဖွဲ့အစည်းများအား ညွှန်ကြားထားပါကြောင်း၊ ကုန်သွယ်ရေးနှင့်စက်မှု ဝန်ကြီးဌာနမှ ဦးဆောင်သည့် စစ်ဆေးရေးအဖွဲ့သည် နေ့စဉ်အခြေခံလိုအပ်ချက်ဖြစ်သည့် ကုန်ပစ္စည်းများ ဈေးနှုန်းတည်ငြိမ်စေရေး ပူးပေါင်းစစ်ဆေးမှုများ ဆောင်ရွက်ခဲ့ပါ သည်။

ကျောင်းသုံးပစ္စည်းများလက်လီရောင်းချသည့် ဆိုင်တစ်ဆိုင်မှ သတ်မှတ်ဈေးနှုန်းထက် မြင့်တင်ရောင်းချခဲ့သဖြင့် ဖြေရှင်းချက်စာ ရေးသားတင်ပြစေပြီး သတိပေးခဲ့ပါကြောင်း၊ အလားတူ အကောက်ခွန်ဦးစီးဌာနမှ ဦးစီး၍ အခြားအဖွဲ့အစည်းများပူးပေါင်း၍ ဆန်ဈေးနှုန်းများ တည်ငြိမ်စေရေးအတွက် ယခုကဲ့သို့သော ရှောင်တခင်စစ်ဆေးမှုများပြုလုပ်နေခြင်းကိုလည်း တွေ့ရှိရပါသည်။

ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော်မနီလာတွင် ဆန်ဈေးနှုန်းမှာ ပုံမှန်အားဖြင့် တည်ငြိမ်လျက်ရှိပါကြောင်း၊ ငွေလဲလှယ်နှုန်းအတက်/အကျကြောင့်သာ ဈေးနှုန်းအနည်းငယ်ပြောင်းလဲမှု ရှိပါကြောင်း၊ သို့ရာတွင် ယနေ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၂၉ ရက်နေ့တွင်မူ Well-milled တစ်ကီလိုလျှင် ယခင်က ၄၆ ပီဆိုရှိရာမှ ၅၂ ပီဆိုသို့ အနည်းငယ်မြင့်တက်ခဲ့ပါကြောင်း၊ Regular-milled မှာမူယခင်ရက်ဈေးနှုန်းအတိုင်းပင်ဖြစ်ပြီး တစ်ကီလိုလျှင် ၄၃ ပီဆို ရှိပါကြောင်း လေ့လာသုံးသပ်တင်ပြအပ်ပါသည်။

 

 

(ကေသွယ်ခိုင်၊ စီးပွားရေးသံမှူး၊ မနီလာမြို့)

 

Category: International News