International News

အမေရိကန်ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဒုတိယသမ္မတကင်မလာဟဲရစ်၏ အခွန်တိုးမြှင့်မှုနှင့် လျှော့ချကောက်ခံမှု

Last Updated:

အမေရိကန်ဒီမိုကရက်တစ်ပါတီသမ္မတလောင်း ဒုတိယသမ္မတကင်မလာဟဲရစ်၏ အခွန်တိုးမြှင့်ကောက်ခံမှုနှင့် အခွန်ဖြတ်တောက်မှုနှင့်ပတ်သက်၍ Wall Street Journal အွန်လိုင်းသတင်း တွင် ၂၇-၈-၂၀၂၄ ရက်၌ “Kamala Harris’s Tax Increases and Cuts Take Shape” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

အမေရိကန် ဒီမိုကရက်တစ်ပါတီ သမ္မတလောင်း ဒုတိယသမ္မတကင်မလာဟဲရစ်၏ အခွန် ကောက်ခံမှုအဆိုပြုချက်သည် ကော်ပိုရေးရှင်းကြီးများနှင့် ဝင်ငွေမြင့်မားသည့်အိမ်ထောင်စုများအား အခွန်တိုးမြှင့်ကောက်ခံရန်နှင့် အခြားအမေရိကန်နိုင်ငံသားများအပေါ် ကောက်ခံသည့်အခွန်ကို မူလအတိုင်း သို့မဟုတ် လျှော့ချကောက်ခံရန်ဖြစ်သဖြင့် ယင်းအခွန်မူဝါဒသည် သမ္မတဂျိုးဘိုင်ဒင် အစိုးရ၏ မပြီးမြောက်သေးသည့် ကိစ္စရပ်တစ်ခုဖြစ်ကြောင်း၊ နောက် ၁၀ နှစ်ခန့်တွင် အခွန်တိုးမြှင့် ကောက်ခံမှုမှ ရငွေအမေရိကန်ဒေါ်လာ ၅ ထရီလီယံရှိလာရန်နှင့် အခြားအခွန်များကို အမေရိကန်ဒေါ်လာ ၄ ထရီလီယံအထိ လျှော့ချရန် ဒီမိုကရက်တစ်ပါတီသမ္မတလောင်းအနေဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊  ဖက်ဒရယ်အစိုးရအနေဖြင့် နောင် ၁၀ နှစ်အတွင်း အခွန်ကောက်ခံမှုမှရငွေ အမေရိကန်ဒေါ်လာ ၆၃ ထရီလီယံရရှိရန် ခန့်မှန်းထားရာ ဤအဆိုပြုချက်သည် ယင်းခန့်မှန်းချက်ကို သက်ရောက်မှု ရှိစေနိုင်ကြောင်း၊ သမ္မတလောင်းကင်မလာဟဲရစ်၏ အစီအစဉ်အရမည်သူက အခွန်ပို၍ ပေးဆောင်ရမည်ဆိုသည့် အချက်မှာ ပြောင်းလဲသွားမည်ဖြစ်ကြောင်း၊ ဝင်ငွေမြင့်မားသည့် အိမ်ထောင်စုများအနေဖြင့် အခွန်ပေးဆောင်ရမှု ပို၍များလာနိုင်ပြီး ၁၉၈၆ ခုနှစ်နောက်ပိုင်းတွင်  အမြင့်ဆုံးအခွန်နှုန်းဖြစ်နိုင်ကြောင်း၊ အချမ်းသာဆုံးရင်းနှီးမြှုပ်နှံသူများနှင့် ကုမ္ပဏီပိုင်ရှင်များသည် လက်ရှိအခွန်ဥပဒေအရ မကြုံဖူးသည့် ပမာဏများပြားသော အမြတ်ခွန်ကို ပေးဆောင်ရနိုင်ကြောင်း၊ အခွန်မူဝါဒသည် အမေရိကန်အင်အားကြီးပါတီနှစ်ရပ်အကြား အကြီးမားဆုံး ကွာဟချက်တစ်ခုဖြစ်ကြောင်း၊ ဒုတိယသမ္မတကင်မလာဟဲရစ်အနေဖြင့် ၎င်း၏အခွန်မူဝါဒကို အသေးစိတ်ဆွေးနွေးခြင်း မပြုသော် လည်း ၎င်းအနေဖြင့် သမ္မတဂျိုးဘိုင်ဒင်အဆိုပြုသည့် အခွန်တိုးမြှင့် ကောက်ခံမှုကို ထောက်ခံပြီး တစ်နှစ်လျှင် ဝင်ငွေအမေရိကန်ဒေါ်လာ ၄၀၀,၀၀၀ အောက်ရှိသည့် မိသားစုများကို အခွန်တိုးမြှင့်ကောက်ခံမှုမှ အကာအကွယ်ပေးသွားမည်ဟု ၎င်း၏ရွေးကောက်ပွဲလက်ထောက် များကပြောကြားခဲ့ကြောင်း၊ ထို့အပြင် ဒုတိယသမ္မတကင်မလာဟဲရစ်အနေဖြင့် ကလေးငယ်ရှိသည့် မိသားစုများအတွက် အခွန်သက်သာခွင့်ပိုမိုရရှိစေရန် ဩဂုတ်လဆန်းပိုင်းတွင် ပြောကြားခဲ့ကြောင်း၊ အိမ်ဖြူတော်၊ အထက်လွှတ်တော်နှင့် အောက်လွှတ်တော်တို့ရှိ ဒီမိုကရက်တစ်ပါတီဝင်များအနေဖြင့် ၎င်း၏အခွန်ဥပဒေကို ပြဋ္ဌာန်းရန် ခွင့်ပြုနိုင်သော်လည်း ပါတီတွင်း သဘောထားကွဲလွဲမှုများ ရှိနေသဖြင့် ယင်းဥပဒေပြဋ္ဌာန်းရန် အဟန့်အတားဖြစ်နိုင်ကြောင်း၊ ဒီမိုကရက်တစ်ပါတီအနေဖြင့် လွှတ်တော်တစ်ခုလုံးကို အပြည့်အဝမထိန်းချုပ်နိုင်သော်လည်း ကင်မလာဟဲရစ်အစိုးရအနေဖြင့် ၂၀၂၅ ခုနှစ်တွင် အခွန်မူဝါဒနှင့် ပတ်သက်၍ ရီပတ်ဘလင်ကန် ပါတီကိုယ်စားလှယ်များနှင့် အပြင်းအထန်ဆွေးနွေးရနိုင်ကြောင်း၊ ၂၀၁၇ ခုနှစ်၊ အခွန်ဥပဒေ၏ အဓိကပြဋ္ဌာန်းချက်များသည် ၂၀၂၅ ခုနှစ်၊ နှစ်ကုန်ပိုင်းတွင် သက်တမ်းကုန်ဆုံးမည် ဖြစ်ရာ ပါတီနှစ်ရပ်လုံးအနေဖြင့် ယင်းအခြေအနေသို့ မရောက်ရှိစေရန် ကြိုးပမ်းလာနိုင်ကြောင်း၊ အကယ်၍ သမ္မတနှင့်လွှတ်တော်က အခွန် ဥပဒေကို သက်တမ်းတိုးမြှင့်ခြင်းမပြုခဲ့လျှင် အမေရိကန် မိသားစု ၆၂ ရာခိုင်နှုန်းသည် အခွန်တိုးမြှင့်ပေးဆောင်ရနိုင်ကြောင်း သိရှိရပါသည်။

ရီပတ်ဘလင်ကန်သမ္မတလောင်း ဒေါ်နယ်ထရမ့်က သက်တမ်းကုန်ဆုံးမည့် အခွန်လျှော့ချ ကောက်ခံမှုများအားလုံးကို ဆက်လက်သက်တမ်းတိုးလိုပြီး ယင်းသို့လျှော့ချမှုပမာဏသည် နောင် ၁၀ နှစ်ကျော်တွင် အခွန်ရငွေအမေရိကန်ဒေါ်လာ ၄ ထရီလီယံနှင့် ညီမျှကြောင်း၊ ထို့အပြင် ကုမ္ပဏီ အမြတ်ခွန်လျှော့ချရန်နှင့် မေတ္တာကြေး Tips ရငွေနှင့် လူမှုဖူလုံရေး ခံစားခွင့်အတွက် အခွန်ကင်းလွတ်ခွင့်စသည့် ကောက်ခံသည့် အလွှာအလိုက် အခွန်လျှော့ချမှုဆောင်ရွက်ရန် ထပ်မံအဆိုပြုထားကြောင်းနှင့် ၎င်း၏ ဒုတိယသမ္မတလောင်း ဂျေဒီဗင့်စ်က ကလေးငယ်ရှိသည့် မိသားစုများကို အခွန်သက်သာခွင့်ပေးရန် ပြောကြားထားကြောင်း၊ သမ္မတလောင်း ဒေါ်နယ်ထရမ့်အနေဖြင့် လျော့ကျသွားသည့်အခွန်ရငွေကို အစားထိုးရန်အတွက် အကောက်ခွန်နှုန်းတိုးမြှင့် ကောက်ခံမည်ဖြစ်ရာ ယင်းသို့ဆောင်ရွက်ခြင်းမှာ စားသုံးသူများ၏ ကုန်ကျစရိတ်ကို မြင့်မားစေကြောင်း သိရှိရပါသည်။

ဒုတိယသမ္မတကင်မလာဟဲရစ်၏ အစီအစဉ်အရ အမြင့်ဆုံးအလွှာတွင်ရှိသည့် ဝင်ငွေမြင့်မား သူများ၏ဝင်ငွေအမျိုးအစားအားလုံးသည် အခွန် ၄၄.၆ ရာခိုင်နှုန်းသို့ မြင့်တက်လာမည်ဖြစ်ပြီး လက်ရှိတွင် ရင်းနှီးမြှုပ်နှံမှု သို့မဟုတ် ပိုင်ဆိုင်မှုကိုရောင်းချ၍ရသည့်အမြတ်အပေါ် ကောက်ခံသော Capital Gain Tax သည် ၂၃.၈ ရာခိုင်နှုန်း၊ စီးပွားရေးလုပ်ငန်းများမှရရှိသည့် ဝင်ငွေအပေါ် ၂၉.၆ ရာခိုင်နှုန်းနှင့် လုပ်ခလစာဝင်ငွေအပေါ် ၃၉ ရာခိုင်နှုန်း စသည်ဖြင့် အသီးသီးကောက်ခံလျက်ရှိပါကြောင်း၊ ဝင်ငွေမြင့်မားသူများအနေဖြင့် အချို့ဝင်ငွေအပေါ်ပေးချေရသည့် အခွန်လျော့နည်းသော်လည်း အခွန် ၄၄.၆ ရာခိုင်နှုန်း ပမာဏကြောင့် ရင်းနှီးမြှုပ်နှံရန် ဆုံးဖြတ် ချက်ကို ထိခိုက်စေနိုင်ကြောင်း၊ သို့ရာတွင် သမ္မတဂျိုးဘိုင်ဒင်အစိုးရ၏ လက်ရှိအခွန်မူဝါဒကို အသုံးပြုခြင်းဖြင့် Capital Gain Tax မှရငွေသည် အမေရိကန်ဒေါ်လာ သန်း ၁၀၀ အထိပိုလာနိုင်ကြောင်း၊ ဝင်ငွေအမြင့်ဆုံး အလွှာတွင်ရှိသည့်မိသားစု ၀.၀၁ ရာခိုင်နှုန်းသည် ၎င်းတို့၏ နှစ်စဉ်ဝင်ငွေအပေါ် ၂၅ ရာခိုင်နှုန်း အခွန်ပေးဆောင်ရမည်ဖြစ်ကြောင်း၊ ဝင်ငွေအနည်းဆုံး အမေရိကန်ဒေါ်လာ ၁ သန်းရှိသည့် မိသားစု များအနေဖြင့် ပုံမှန်ဝင်ငွေရရှိသည့် မိသားစုများကဲ့သို့ ပေးဆောင်ရန်နှင့် ကော်ပိုရေးရှင်းများကို လက်ရှိအခွန်နှုန်း ၂၁ ရာခိုင်နှုန်းမှ ၂၈ ရာခိုင်နှုန်း၊ ကုမ္ပဏီကြီးများကိုလက်ရှိ ၁၅ ရာခိုင်နှုန်းမှ အနည်းဆုံး ၂၁ ရာခိုင်နှုန်းသို့ အသီးသီး တိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း၊ ဒုတိယသမ္မတ ကင်မလာဟဲရစ်အနေဖြင့် ဖက်ဒရယ်မှကောက်ခံသည့်အမြတ်ခွန်ကို ၂၈ ရာခိုင်နှုန်းတိုးမြှင့်ရန် ပြောကြားခဲ့ပြီး ယင်းသို့တိုးမြှင့်ခြင်းကြောင့် ကုန်ဈေးနှုန်းမြင့်မား၍ လုပ်ခလစာ လျှော့နည်းကာ အလုပ်အကိုင်အရေအတွက် လျှော့နည်းလာမည်ဖြစ်သည်ဟု လက်လီအရောင်းဆိုင်ကြီးများဖြစ်သည့် Target နှင့် Altria တို့ပါဝင်သော RATE Coalition အဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားပါကြောင်း သိရှိရပါသည်။

ထို့အပြင် ၂၀၂၁ ခုနှစ်တွင် သတ်မှတ်ခဲ့သည့် ကလေးငယ်ရှိသည့်မိသားစုများအနေဖြင့် အခွန် သက်သာခွင့်ကို တိုးချဲ့ကာ ကလေးငယ်ရှိသည့် အိမ်ထောင်စုများကို အမေရိကန်ဒေါ်လာ ၃,၀၀၀ နှင့် အသက် ၆ နှစ်အောက်ရှိသည့် ကလေးငယ်ရှိသောအိမ်ထောင်စုများကို အမေရိကန်ဒေါ်လာ ၃,၆၀၀ အထိ သက်သာခွင့်ပေးသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် အခွန်ပေးဆောင်ရမည့်နှစ်တွင်မွေးဖွားသည့် ကလေးငယ်များအတွက် အဆိုပါအခွန်နှစ်အတွက် အခွန်သက်သာခွင့် အမေရိကန်ဒေါ်လာ ၆,၀၀၀ အထိ သက်သာခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ဝင်ငွေနည်းမိသားစုများအတွက် အခွန်သက်သာခွင့်၊ ကျန်းမာရေးအာမခံအတွက် အခွန်သက်သာခွင့်ထောက်ပံ့မှုများနှင့် သမ္မတလောင်းဒေါ်နယ်ထရမ့်၏ လူကြိုက်များသည့်အယူအဆတစ်ရပ်ဖြစ်သော ဘောက်ဆူးငွေများကို အခွန်ကင်းလွတ်ခွင့်စသည့် တို့ကိုလည်း တိုးချဲ့ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဒုတိယသမ္မတကင်မလာဟဲရစ်အနေဖြင့် ၎င်း၏ အစီအစဉ်တွင် ၂၀၂၅ ခုနှစ်တွင် သက်တမ်းကုန်ဆုံးမည့် ပြည်နယ်နှင့် ဒေသန္တရအခွန် အများဆုံး လျှော့ချမှုပမာဏ အမေရိကန်ဒေါ်လာ ၁၀,၀၀၀ နှင့်ပတ်သက်၍ မည်သို့ဆောင်ရွက်မည်ကို ပြောကြားခြင်းမရှိကြောင်း၊ အဆိုပါပြည်နယ်နှင့် ဒေသန္တရအခွန် အများဆုံးလျှော့ချမှုပမာဏ အောက်တွင် ပြည်သူများအနေဖြင့် ယခင်စနစ်ဟောင်းနှင့် နှိုင်းယှဉ်ပါက အခွန်ပေးဆောင်ရမှု နည်းသည်ကို တွေ့ရကြောင်း၊ ဒီမိုကရက်တစ်ပါတီအနိုင်ရပါက လွှတ်တော်နှင့် သမ္မတအိမ်ဖြူတော် ၏ ဆုံးဖြတ်ချက်ကို လွှမ်းမိုးနိုင်မည်ဖြစ်ရာ အခွန်ပမာဏလျှော့ချမှုဖြင့် ရရှိလာမည့် အခွန်ငွေပမာဏ နှင့် ပါတီတွင်းရှိ ယင်းအစီအစဉ်ကို ဆန့်ကျင်သည့် ပါတီဝင်များအကြား သမ္မတအနေဖြင့် ရွေးချယ်ရနိုင်ကြောင်း၊ လက်ရှိ အစိုးရအနေဖြင့် သေဆုံးချိန်၌ Capital Gain Tax  ကောက်ခံမှုကို ပြောင်းလဲနိုင်ခြေရှိသော်လည်း သမ္မတလောင်း ဒုတိယသမ္မတကင်မလာဟဲရစ်အနေဖြင့် အိမ်ခြံမြေ အခွန် ကင်းလွတ်ခွင့်ပေးရန် ပြောဆိုထားခြင်းမရှိကြောင်း၊ တစ်ဦးချင်းအခွန်ကင်းလွတ်ခွင့် (Per-person exemption)နှင့် ပတ်သက်၍ လွှတ်တော်က တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမရှိလျှင် ယင်းသို့ သက်သာခွင့်ပေးခြင်းကြောင့် ၂၀၂၆ ခုနှစ်တွင် ယင်းကဏ္ဍမှရငွေ အမေရိကန်ဒေါ်လာ ၁၃.၆ သန်း၏ ထက်ဝက်ခန့်သို့ လျော့ကျနိုင်ကြောင်း သိရှိရပါသည်။

 

Source: https://www.wsj.com/politics/policy/kamala-harris-tax-plan-2024-election-10f95d18?mod=politics_lead_pos5

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News