International News

အမေရိကန် IBM ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ ၎င်း၏သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ (R&D Operations) များကို ပိတ်သိမ်းခဲ့

Last Updated:

အမေရိကန်ကုမ္ပဏီတစ်ခုဖြစ်သည့် IBM ကုမ္ပဏီ တရုတ်နိုင်ငံရှိ ၎င်း၏သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများ (Research and Development, R&D Operations) များကို ပိတ်သိမ်းခဲ့ကြောင်း Wall Street Journal အွန်လိုင်းသတင်း၌ ၂၆-၈-၂၀၂၄ ရက်တွင် “IBM Shuts China R&D Operations in Latest Retreat by U.S. Companies” ခေါင်းစဉ်ဖြင့် ဖော်ပြထားပါသည်။

IBM ကုမ္ပဏီသည် တရုတ်နိုင်ငံရှိ ၎င်း၏သုတေသနနှင့် ဖွံ့ဖြိုးရေးလုပ်ငန်းများကို ပိတ်သိမ်းခဲ့ပြီး ၎င်း၏လုပ်ငန်းများကို အခြားနိုင်ငံများသို့ ရွှေ့ပြောင်းသွားမည်ဟု ကုမ္ပဏီ၏ အမှုဆောင်အရာရှိချုပ်တစ်ဦးဖြစ်သည့် Mr. Jack Hergenrother က ၂၆-၈-၂၀၂၄ ရက် အစည်းအဝေး၌ ပြောကြားခဲ့ကြောင်း၊ IBM ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံ၌ ပြင်းထန်သည့် ယှဉ်ပြိုင်မှုများနှင့် ကြုံတွေ့ခဲ့ရကြောင်း၊ အင်ဂျင်နီယာများနှင့် သုတေသနပညာရှင်များကို အိန္ဒိယနိုင်ငံ၊ Bengaluru မြို့အပါအဝင် တရုတ်နိုင်ငံ ပြင်ပရှိရုံးများ၏ ဝန်ထမ်းများအဖြစ် ထည့်သွင်းသွားမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံရှိလုပ်ငန်းများကို ပိတ်သိမ်းခြင်းဖြင့် ဝန်ထမ်းပေါင်း ၁,၀၀၀ ကျော် ထိခိုက်မှုရှိမည်ဖြစ်ပြီး ယင်းဝန်ထမ်းများမှာ တရုတ်နိုင်ငံရှိ ပေကျင်းမြို့နှင့် ရှန်ဟိုင်းမြို့အပါအဝင် အခြားမြို့အများအပြားရှိ ကုမ္ပဏီ၏ R&D ဓာတ်ခွဲခန်းများတွင် ဆော့ဖ်ဝဲလ်များစမ်းသပ်ထုတ်လုပ်နေသည့် ဝန်ထမ်းများဖြစ်ကြောင်း၊ တရုတ်နိုင်ငံ ဈေးကွက်သည် ကြီးမားသည့်ဈေးကွက်တစ်ခု အဖြစ် IBM ကုမ္ပဏီက ယူဆခဲ့သော်လည်း မကြာသေးမီကာလအတွင်း တရုတ်ပြည်တွင်းလုပ်ငန်းများနှင့် ယှဉ်ပြိုင်ခဲ့ရပြီး တရုတ်နိုင်ငံမှ ဖောက်သည်များကလည်း “Delete America” ဆောင်ပုဒ်ဖြင့် ပြည်တွင်းကုမ္ပဏီများ၏နည်းပညာကို ပိုမိုဝယ်ယူခြင်းတို့ကြောင့် ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံရှိ ကုမ္ပဏီ၏လုပ်ငန်းများမှ ဝင်ငွေသည် ၁၉.၆ ရာခိုင်နှုန်းသို့ကျဆင်းခဲ့ကြောင်း၊ တရုတ်နိုင်ငံရှိ အမေရိကန်ကုမ္ပဏီများသည် ၎င်းတို့၏ လုပ်ငန်းအရွယ် အစားကို လျှော့ချလာခဲ့ကြရာ Microsoft ကုမ္ပဏီကလည်း ၎င်း၏ Cloud-Computing နှင့် ဉာဏ်ရည်တုကဏ္ဍ သုတေသနလုပ်ငန်း (Artificial Intelligence, AI) ကို လျှော့ချခဲ့ကာ တရုတ်နိုင်ငံပြင်ပရှိ အခြားရုံးခွဲများသို့ ပြောင်းရွှေ့လိုသည့် ဝန်ထမ်းများရှိ/မရှိ မေးမြန်းကာ လိုအပ်ပါက ပြောင်းရွှေ့ပေးခဲ့ကြောင်း သိရှိရပါသည်။

IBM ကုမ္ပဏီသည် တရုတ်နိုင်ငံ၌ နှစ်ပေါင်း ၄၀ ခန့် လုပ်ငန်းများ လုပ်ကိုင်ခဲ့ပြီး ၎င်း၏ ဖောက်သည်များတွင် ဆက်သွယ်ရေးကုမ္ပဏီကြီးများ၊ ဘဏ်များနှင့် စွမ်းအင်ကုမ္ပဏီကြီးများ ပါဝင်ကြောင်းနှင့် ၂၀၂၁ ခုနှစ်တွင် IBM အနေဖြင့် တရုတ်နိုင်ငံ၌ နှစ်ပေါင်း ၂၀ ကျော် လုပ်ကိုင်ခဲ့သည့် သုတေသနလုပ်ငန်းကို ရပ်နားကာ အဆင့်မြင့် နည်းပညာသုတေသနလုပ်ငန်းများတွင် စူးစိုက် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။ အမေရိကန်နှင့် တရုတ်နိုင်ငံတို့အကြား ပထဝီနိုင်ငံရေးအရ တင်းမာမှုများရှိလာချိန်တွင် တရုတ်နိုင်ငံ၌ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေကြသည့် နိုင်ငံစုံကော်ပိုရေးရှင်းကြီးများအနေဖြင့် ၎င်းတို့၏ဝန်ထမ်းများကို လျှော့ချကာ တရုတ်နိုင်ငံပြင်ပရှိ အခြားနိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်လာကြခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။

 

Source: https://www.wsj.com/business/ibm-shuts-china-r-d-operations-in-latest-retreat-by-u-s-companies-b37cd9a0?mod=Searchresults_pos1&page=1

(စီးပွားရေးသံမှူး၊ ဝါရှင်တန်ဒီစီ)

 

Category: International News