Local News

ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးခုံးမပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့

Last Updated:

ဧရာဝတီတိုင်းဒေသကြီး မအူပင်ခရိုင် ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇူလိုင်လအတွင်း ငါးခုံးမ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း ညောင်တုန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြ၍ သိရသည်။ ညောင်တုန်းမြို့နယ်မှ ရန်ကုန်ဈေးကွက်သို့ ဇွန်လအတွင်း ငါးခုံးမပိဿာချိန် ၆၅၀၀၀ ထိသာ တင်ပို့ရောင်းချနိုင်ခဲ့ပြီး ဇူလိုင်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့ထိ ငါးခုံးမ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချနိုင်ခဲ့ကြောင်း၊ အဆိုပါဒေသက ငါးခုံးမများအပါအဝင် ရေထွက်ကုန်များကို ရန်ကုန်ဈေးကွက်သို့ အများဆုံးတင်ပို့ရောင်းချလျက်ရှိကြောင်း သိရသည်။

“ညောင်တုန်းမြို့နယ်က ငါးခုံးမတွေကို ရန်ကုန်မြို့က ဝယ်လိုအားကောင်းနေပါတယ်။ ပြည်တွင်း ငါးစားသုံးမှုများလာတာကြောင့် ရန်ကုန်ဈေးကွက်က အဝယ်လိုက်လာတာဖြစ်ပါတယ်။ ဇူလိုင်လတစ်လအတွင်း ငါးခုံးမ ပိဿာချိန် ၈၅၀၀၀ ထိ တင်ပို့ရောင်းချခဲ့ရပါတယ်။ ညောင်တုန်းမြို့နယ်ကထွက်ရှိတဲ့ ငါးခုံးမတွေက ရန်ကုန်ဈေးကွက်ကို ဇွန်လကထက် ပိဿာချိန် ၂၀၀၀၀ ထိ ပိုမိုတင်ပို့ရောင်းချနိုင်ခဲ့ပါတယ်” ဟု ညောင်တုန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြသည်။

ညောင်တုန်းမြို့နယ်မှ ငါးခုံးမများကို ရန်ကုန်ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိပြီး ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်နှင့် အခြားဒေသများသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း၊ အဆိုပါ ငါးများပိုမိုတင်ပို့ရောင်းချလာရသည့်အတွက် မွေးမြူရေးလုပ်ငန်းရှင်များ၊ ကုန်တင်ကုန်ချလုပ်သားများ၊ ကုန်သည်များ၊ ကုန်တင်ယာဉ်အငှားလိုက်သူများ အလုပ်အကိုင်အဆင်ပြေလျက်ရှိကြောင်း ညောင်တုန်းမြို့နယ် ရေထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးပွဲရုံပိုင်ရှင် ဒေါ်ဝင်းမော်က ပြောပြ၍ သိရသည်။

Source: ရတနာပုံသတင်းစာ

Category: Local News