International News

ထိုင်းနိုင်ငံ “Ignite” မျှော်မှန်းချက်၏ တစ်စိတ်တစ်ပိုင်းအဖြစ် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် ချေးငွေအစီအစဉ်ကို အစိုးရအဖွဲ့က ခွင့်ပြုခဲ့

Last Updated:

ထိုင်းနိုင်ငံ အစိုးရ၏ “Ignite Thailand” မျှော်မှန်းချက်ကို အထောက်အကူပြုရန် အလို့ငှာ ဘတ် ၅၀ ဘီလီယံကို အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား အတိုးနှုန်းသက်သာစွာ ချေးငှား ပေးမည့် အစီအစဉ်အတွက် ထိုင်းအစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း သိရှိရပါသည်။

ဝန်ကြီးချုပ်၏ မူဝါဒနှင့်ကိုက်ညီသည့် Ignite Thailand မျှော်မှန်းချက်ကို တွန်းအားပေးရန်နှင့် ထိုင်းနိုင်ငံကို ကမ္ဘာ့စက်မှုအချက်အချာဖြစ်စေရန်အတွက် အတိုးနှုန်းသက်သာသည့် ချေးငွေအစီ အစဉ်ကို ကြေညာခဲ့ခြင်းဖြစ်ပါကြောင်း၊ အဆိုပါ အစီအစဉ်အရ ဦးစားပေးနယ်ပယ်များမှာ ခရီးသွား လုပ်ငန်း၊ ကျန်းမာရေးစောင့်ရှောက်မှုနှင့် ဆေးဝါး၊ စိုက်ပျိုးရေးနှင့် အစားအစာကဏ္ဍတို့ ဖြစ်ပါကြောင်း၊ ချေးငှားသူ တစ်ဦးလျှင် အများဆုံး ဘတ် ၁၀ သန်းထိ ချေးယူနိုင်ပြီး ချေးငွေကာလမှာ ၁၀ နှစ်ဖြစ်ပါ ကြောင်း၊ အတိုးနှုန်းသည် ပထမ ၂ နှစ်အတွက် ၁ နှစ်လျှင် ၂.၅ ရာခိုင်နှုန်းဖြစ်ပြီး အရင်းပြန်လည် ပေးဆပ်ရန် စောင့်ဆိုင်းကာလမှာ ၆ လဖြစ်ပါကြောင်း၊ ချေးငွေအစီအစဉ်အရ ဦးစားပေး နယ်ပယ်များ သည် ဘဏ္ဍာငွေရရှိနိုင်ပြီး လုပ်ငန်းစွမ်းဆောင်ရည်များ တိုးမြှင့်နိုင်ပြီး စီးပွားရေးမောင်းနှင်သူများအဖြစ် ထိုင်းနိုင်ငံကို ကမ္ဘာ့စက်မှုအချက်အချာဒေသသို့ ရောက်ရှိစေရန် ခေါ်ဆောင်သွားမည် ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Paopoom Rojanasakul က ပြောကြားခဲ့ပါသည်။

Ignite Thailand ၏ ရှုထောင့် ၈ ခုအနက် ချေးငွေအစီအစဉ်တွင် ၃ ခုပါဝင်ခဲ့ပါကြောင်း၊ ခရီး သွားလုပ်ငန်းနှင့်စပ်လျဉ်း၍ ထိုင်းနိုင်ငံသည် နိုင်ငံခြားခရီးသွားဝင်ရောက်မှုတွင် ကမ္ဘာ့အဆင့် ၈ နေရာ တွင်ရှိပြီး ၁ နှစ်လျှင် ဘတ် ၂.၃ ထရီလီယံ ဝင်ငွေရရှိသောကြောင့် အစိုးရအသုံးစရိတ်သို့ ၇၀ ရာခိုင်နှုန်း ရောက်ရှိပါကြောင်း၊ ယခင်နှစ်က ကျန်းမာရေးခရီးသွားမှ ဘတ် ၄၀ ဘီလီယံရရှိခဲ့ပါကြောင်း သိရှိရပါ သည်။

အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများကို အကူအညီပေးရန်ရည်ရွယ်၍ Portfolio Guarantee Scheme (PGS 11) အတွက် ဘတ် ၅၀ ဘီလီယံကိုလည်း အစိုးရအဖွဲ့က ခွင့်ပြုခဲ့ပါ ကြောင်း၊ အဆိုပါ လုပ်ငန်းစဉ်ကို Thai Credit Guarantee Corporation (TCG) က ဆောင်ရွက်မည် ဖြစ်ပြီး ချေးယူမည့်သူ တစ်ဦးလျှင် ဘတ် ၄၀ သန်းထိ ရယူနိုင်မည် ဖြစ်ကြောင်း၊ ကာလမှာ ၁၀ နှစ်ဖြစ် ပါကြောင်း၊ အဆိုပါ အာမခံချက်ကို အစိုးရအဖွဲ့၏ ခွင့်ပြုသည့်နေ့မှစ၍ ထုတ်ပေးမည် ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့အထိဖြစ်ကြောင်း၊ အာမခံကြေးသည် အာမခံစာချုပ် သက်တမ်း အားလုံး အတွက် ၁.၇၅ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ချေးငွေအာမခံကို အသေးစားနှင့် အလတ်စား စီးပွားရေးလုပ် ငန်း ၇၆,၉၀၀ ကို ပေးရန် ခန့်မှန်းထားပြီး အာမခံငွေ ဘတ် ၆၀ ဘီလီယံဖြစ်ကြောင်း အစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ Mr. Chai Wacharonke က ပြောကြားခဲ့ပါသည်။

ယခင်နှစ်က စီးပွားဘဏ်များရှိ ချေးငွေပမာဏ ဘတ် ၅၀၀ သန်းထက်များသော အကြီးစား လုပ်ငန်းများအတွက် ချေးငွေပမာဏများသည် ၃.၃ ရာခိုင်နှုန်း ထိ မြင့်တက်လာပါကြောင်း၊ ဘတ် ၅၀၀ သန်းအောက်နည်းသော ချေးငွေသည် ၅.၁ ရာခိုင်နှုန်း ကျဆင်းခဲ့ပါကြောင်း၊ ဘဏ်၏ အရင်းအနှီး လုံလောက်မှုအချိုးသည် ၂၀.၁ ရာခိုင်နှုန်း၊ ငွေဖြစ်လွယ်မှုအချိုးသည် ၂၀၃ ရာခိုင်နှုန်း၊ အချိန်စေ့လွန် ကြွေးကျန်အချိုးသည် ၁၇၆ ရာခိုင်နှုန်းရှိခဲ့ပါကြောင်း၊ အဆိုပါ ကိန်းဂဏန်းများအရ ဘဏ်များသည် တည်ငြိမ်ပြီး လုပ်ငန်းကြီးများကို ငွေချေးပေးလေ့ရှိသောကြောင့် အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများတွင် ဘဏ္ဍာငွေရရှိမှု၌ အကန့်အသတ်ရှိပါကြောင်း၊ ထို့ကြောင့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် လိုအပ်သော ဘဏ္ဍာငွေမရှိသောကြောင့် ပိတ်သိမ်းခြင်း၊ ထုတ်လုပ်မှု လျှော့ချခြင်းနှင့် အလုပ်အကိုင်လျှော့ချခြင်းတို့ဖြစ်စေပြီး စီးပွားရေးကို ထိခိုက်လာနိုင်ကြောင်း ဒုတိယ ဝန်ကြီးက ဆက်လက်ပြောကြားခဲ့ပါသည်။

TCG ၏ အာမခံအရ ဘတ် ၁၀၀ ဘီလီယံသည် ဝန်ဆောင်မှုကဏ္ဍကို ၁၂ ရာခိုင်နှုန်းမှ ၁၃ ရာခိုင် နှုန်းလွှမ်းခြုံနိုင်ပြီး ခရီးသွားနှင့် ကျန်းမာရေးစောင့်ရှောက်မှုတို့ ပါဝင်ပါကြောင်း၊ အစားအစာနှင့် စိုက်ပျိုးရေးအတွက် ၁၀ ရာခိုင်နှုန်းဖြစ်ကြောင်း သိရှိရပါသည်။

အတိုးနှုန်းသက်သာသော ချေးငွေများသည် ဟိုတယ်လုပ်ငန်းရှင်များအတွက် အကျိုးရှိစေနိုင်ပါ ကြောင်း၊ သို့သော် တင်းကျပ်သော ဘဏ္ဍာရေးဆိုင် ရာ သတ်မှတ်ချက်များကြောင့် အချို့သော ဟိုတယ် များသည် ချေးငွေရရှိရန် မဖြစ်နိုင်ပါကြောင်း၊ ဟိုတယ်များသည် ခရီးသွားများကို ဖိတ်ခေါ်ရန်နှင့် ဟိုတယ်အတွက် ဖြည့်ဆည်းနိုင်ရေး ဘဏ္ဍာငွေလိုအပ်သဖြင့် ဟိုတယ်ချေးငွေကို အချိန်စေ့လွန်ကြွေး ကျန်အဖြစ် သတ်မှတ်ပေးစေလိုကြောင်း ထိုင်းဟိုတယ်များအသင်း ဥက္ကဋ္ဌ Mr. Thienprasit Chaiyapa-tranun က သုံးသပ်ပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံဝန်ကြီးချုပ်၏ ထိုင်းနိုင်ငံကို နယ်ပယ် ၈ ခု၌ အချက်အချာဖြစ်စေရမည့် မူဝါဒနှင့် ကိုက်ညီစေရေးအတွက် နယ်ပယ် ၃ ခုရှိ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများအား အတိုး နှုန်းသက်သာသော ချေးငွေထုတ်ပေးမည့် အစီအစဉ်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News