International News

ထိုင်းနိုင်ငံအစိုးရ၏ ၁၀ စုနှစ်ကြာ သိုလှောင်ထားသော ဆန်ဟောင်းများအား လေလံတင်ရောင်းချမည့် ပွဲတွင် ပို့ကုန်လုပ်ငန်းရှင် များစွာကို ဆွဲဆောင်နိုင်ခဲ့

Last Updated:

ထိုင်းနိုင်ငံအစိုးရ၏ ဆယ်စုနှစ် ၁ ခုကြာမြင့်အောင် သိမ်းဆည်းထားခဲ့သည့် ဆန်များအား ရောင်းချမည့် လေလံပွဲတွင် ကုမ္ပဏီ ၈ ခုက စိတ်ဝင်စားခဲ့ပြီး ခန့်မှန်းထားသည်ထက် စိတ်ဝင်စားမှုမြင့် တက်ခဲ့ကြောင်း သိရှိရပါသည်။

ထိုင်း Hom mali စပယ်ဆန် တန်ချိန် ၁၅,၀၀၀ ကို ရောင်းချနိုင်ရေးနှင့်စပ်လျဉ်း၍ Public Warehouse Organization က တိုးတက်မှုအခြေအနေကို အစီရင်ခံတင်ပြခဲ့ပါကြောင်း၊ စိတ်ပါဝင်စား သည့် ကုမ္ပဏီများကို စိစစ်နိုင်ရေးအတွက် လိုအပ်သော အချက်အလက်များ တင်ပြရန် ဖိတ်ခေါ်ခဲ့ပါ ကြောင်း၊ ပို့ကုန်လုပ်ငန်းရှင် ကုမ္ပဏီ ၈ ခုက လေလံစာရွက်စာတမ်းများ တင်ပြခဲ့ပါကြောင်း၊ လေလံ အတွက် အရည်အချင်းပြည့်မီသူကို ဇွန်လ ၁၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့တွင် လေလံတင်ရမည် ဖြစ်ကြောင်း၊ ဇွန်လ ၂၁ ရက်နေ့တွင် အောင်မြင်သူကို ထုတ် ပြန်ပေးသွားမည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့် ရှိသူ Mr. Wittayakorn Maneenetr က ပြောကြားခဲ့ပါသည်။

လေလံပွဲမှ ဝင်ငွေ ဘတ်သန်း ၂၇၀ ရရှိရန် ခန့်မှန်းထားပြီး သိုလှောင်မှုအတွက်ကုန်ကျစရိတ် ၁ လလျှင် ဘတ် ၃၈၀,၀၀၀ ကိုလည်း သက်သာသွားစေမည် ဖြစ်ကြောင်း၊ လုပ်ငန်းညွှန်းတမ်းအရ လေလံ အောင်မြင်ပြီးနောက် ၁၅ ရက်အတွင်း ဝယ်ယူရေးစာချုပ်ကို Public Warehouse Organization (PWO) နှင့် ချုပ်ဆိုရမည်ဖြစ်ကြောင်း၊ လေလံအောင်မြင်သူက စာချုပ်မချုပ်ဆိုနိုင်ပါက အမြင့်ဆုံး နောက်တစ်ဦးကို စာချုပ်ချုပ်ဆိုရန် အခွင့်အရေးပေးမည် ဖြစ်ကြောင်း၊ ကမ်းလှမ်းချက်သည် လေလံ အောင်မြင်သူ၏ လေလံအောက်နည်းပါက ကုမ္ပဏီသည် ကွာခြားချက်ဈေးနှုန်းကို PWO ကို ပေးရမည် ဖြစ်ကြောင်း သိရှိရပါသည်။

ယခုနှစ် ပထမ ၄ လအတွင်း ဆန်တင်ပို့မှုခဲ့မှုသည် တန်ချိန် ၃.၄ သန်းရှိပြီး ဘတ် ၇၈.၅ ဘီလီယံ ရရှိခဲ့သည်ဟု အကောက်ခွန်ဦးစီးဌာနက ထုတ်ပြန်ထားပါကြောင်း၊ ထိုင်းဆန်ပို့ကုန်လုပ်ငန်းများ အသင်းက ၂၀၂၄ ခုနှစ် မေလအတွင်း ပို့ကုန်ပမာဏသည် တန်ချိန် ၉၀၀,၀၀၀ ထက်ကျော်လွန်နိုင် သည်ဟု ခန့်မှန်းထားခဲ့ပါကြောင်း၊ အစိုးရအချင်းချင်း စာချုပ်အရ အင်ဒို နီးရှားသို့ ပေးပို့ရန် စာချုပ်များ ရှိပြီးဖြစ်ကြောင်း၊ ပုဂ္ဂလိက ရောင်းချမှုအနေဖြင့် ဖိလစ်ပိုင်၊ မလေးရှား၊ ဂျပန်၊ အာဖရိကနိုင်ငံများ၊ အရှေ့အလယ်ပိုင်းနှင့် အလယ်ပိုင်းအမေရိကသို့ ရောင်းချလျက်ရှိပါကြောင်း၊ ထိုင်းနိုင်ငံ၏ ဆန်ပို့ကုန်  အဓိက ဈေးကွက်များမှာ အမေရိကန်၊ ကနေဒါ၊ ဟောင်ကောင်၊ စင်ကာပူ၊ ပြင်သစ်နှင့် ယူကေတို့ဖြစ် ကြောင်း၊ ထိုင်းဆန်သည် အခြားသော ပြိုင်ဘက်နိုင်ငံများ၏ ဆန်ဈေးနှုန်းထက် မြင့်မားနေသော ကြောင့် ယခုနှစ် တတိယ ၃ လပတ်တွင် ဈေးကွက်အချို့ကို ဆုံးရှုံးရနိုင်ကြောင်း၊ အထူးသဖြင့် အာဖရိကသို့ တင်ပို့လျက်ရှိသည့် ပေါင်းဆန်အမျိုးအစားဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဝန်ကြီး Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

ဇွန်လ ၅ ရက်နေ့ ဈေးနှုန်းဖော်ပြချက်များအရ ဆန်ဖြူ ၅ ရာခိုင်နှုန်း ဈေးနှုန်းများမှာ ၁ တန်လျှင် ထိုင်းသည် အမေရိကန်ဒေါ်လာ ၆၄၇၊ ဗီယက်နမ်သည် အမေရိကန်ဒေါ်လာ ၅၇၃ နှင့် ၅၇၇ ကြား နှင့် ပါကစ္စတန်သည် အမေရိကန်ဒေါ်လာ ၅၈၇ မှ ၅၉၁ ကြား ဖြစ်ပါကြောင်း၊ ပေါင်းဆန်ဈေးနှုန်းများမှာ ၁ တန်လျှင် ထိုင်းသည် အမေရိကန်ဒေါ်လာ ၆၃၆၊ အိန္ဒိယသည် အမေရိကန်ဒေါ်လာ ၅၄၂ မှ ၅၄၆ ကြားနှင့် ပါကစ္စတန်သည် အမေရိကန်ဒေါ်လာ ၅၉၅ မှ ၅၉၉ ကြားဖြစ်ကြောင်း သိရှိရပါသည်။  

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News