International News

ကမ္ဘာ့ဆန်ထောက်ပံ့မှုမြင့်တက်လာနိုင်ခြင်းကြောင့် လာမည့်နှစ်တွင် ထိုင်းဆန်တင်ပို့မှုအပေါ် ထိခိုက်မှု ရှိလာနိုင်

Last Updated:

ထိုင်းနိုင်ငံ၌ ဆန်အမျိုးအစားများအတွက် သုတေသနနှင့် ဖွံ့ဖြိုးမှု (Research and Develop-ment-R&D)  မရှိခြင်း၊ ကမ္ဘာ့ဆန်ထောက်ပံ့မှု မြင့်တက်လာခြင်း၊ နှစ်ဆုံးပိုင်းတွင် အိန္ဒိယက ၎င်း၏ ဆန်တင်ပို့မှု ကန့်သတ်ချက်များကို ဖယ်ရှားလာနိုင်ခြင်း စသည်တို့ကြောင့် ယှဉ်ပြိုင်မှုကို အတားအဆီး ဖြစ်စေနိုင်ပြီး လာမည့်နှစ် ဆန်တင်ပို့မှုသည် တန်ချိန် ၈ သန်းအောက် လျော့နည်းနိုင်ကြောင်း Thai Rice Exporters’ Association ၏ ပြောကြားချက်အရ သိရှိရပါသည်။

လာမည့်နှစ် ထိုင်းဆန်တင်ပို့မှုသည် ယခင် ခန့်မှန်းထားသည့် တန်ချိန် ၈.၂ သန်းအောက် လျော့ နည်းနိုင်ကြောင်း၊ ကမ္ဘာ့ဆန်လက်ကျန် ၁.၄ ရာခိုင်နှုန်း မြင့်တက်လာသဖြင့် တန်ချိန် ၅၂၈ သန်းရှိနေ ခြင်း၊ လာနီညာရာသီဥတုကြောင့် စိုက်ပျိုးချိန်၌ မိုးရေချိန်တိုးတက်ရရှိခဲ့ခြင်း၊ ဆန်အမျိုးအစားများ အတွက် သုတေသနနှင့် ဖွံ့ဖြိုးမှု (Research and Development-R&D) မရှိခြင်းကြောင့် အခြားသော ဆန်တင်ပို့သည့် နိုင်ငံများဖြစ်သည့် ဗီယက်နမ်၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့ထက် ၁ ရိုင်လျှင် ဆန်ထွက် ရှိမှု ကျဆင်းလာနိုင်ခြင်း၊ ထုတ်လုပ်မှုကုန်ကျစရိတ်မြင့်တက်လာခြင်း၊  နှစ်ဆုံးပိုင်းတွင် ဘာစမာတီ မဟုတ်သော ဆန်ဖြူတင်ပို့မှုအပေါ် အိန္ဒိယ၏ ကန့်သတ် ချက် ဖယ်ရှားလာနိုင်ခြင်းတို့သည် သတိမူရ မည့် အချက်များဖြစ်ကြောင်း အသင်းဥက္ကဋ္ဌ Mr. Charoen Laothanatas  က သုံးသပ်ပြောကြားပါ သည်။

ထိုင်းနိုင်ငံအနေဖြင့် ဆန်ပျော့အမျိုးအစားကို ပိုမိုကြိုက်နှစ်သက်သည့် ကမ္ဘာ့ဈေးကွက်လိုလား ချက်နှင့်ကိုက်ညီစေရေးအတွက် ဆန်မူဝါဒများကို ပြောင်းလဲရန် လိုအပ်ပါကြောင်း၊ ကမ္ဘာ့ဈေးကွက် တွင် ယှဉ်ပြိုင်ရန် အထွက်နှုန်းတိုးစေရေးအတွက် R&D တွင် ရင်းနှီးမြှုပ်နှံရန်လိုအပ်ကြောင်း၊ ဗီယက် နမ်သည် အိန္ဒိယမှ ဈေးနည်းသော ဆန်များဝယ်ယူတင်သွင်းခြင်းဖြင့် ဆန်ပို့ကုန်မူဝါဒကို ချိန်ညှိလျက်ရှိ ပါကြောင်း၊ ရနံ့ပါဆန်နှင့် ဆန်ပျော့များကို ပို့ကုန်အတွက် အရည်အသွေးမြင့်ဆန်များအဖြစ် ဖန်တီးခြင်း ဖြင့် ရောင်းဈေးအမြင့်နှင့် တန်ဖိုးမြှင့်တင်ခြင်းတို့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ယင်းပြဿနာအတွက် ဆောင်ရွက်မှုတစ်စုံတစ်ရာမရှိခဲ့ပါက အဓိက ဆန်တင်ပို့ သည့် နိုင်ငံများ၌ ၎င်း၏ ဈေးကွက်ခွဲဝေမှုကျဆင်းနိုင်ပြီး တရုတ်နိုင်ငံသည် ဆန်အမျိုးအစားများစွာနှင့် အဆင့်မြင့်စိုက်ပျိုးရေးနည်းပညာများကြောင့် ကမ္ဘာ့ထိပ်တန်းဆန်တင်ပို့သူ ဖြစ်လာနိုင်ကြောင်း၊ နိုင်ငံ အများစုသည်လည်း ကိုယ်တိုင်လုံလောက်မှုမူဝါဒသို့ ပြောင်းလဲလာကြကြောင်း၊ ၂၀၂၅ ခုနှစ်တွင် အိန္ဒိယသည် ဆန်တင်ပို့မှု တန်ချိန် ၁၈ သန်းဖြင့် ကမ္ဘာ့အကြီးဆုံး ဆန်တင်ပို့သူအဖြစ် ရပ်တည်နေမည် ဖြစ်ပြီး  ထိုင်းနိုင်ငံသည် တန်ချိန် ၇.၅ သန်း၊ ဗီယက်နမ်သည် တန်ချိန် ၇.၅ သန်းနှင့် ပါကစ္စတန်သည် တန်ချိန် ၅.၆ သန်း အသီးသီး တင်ပို့နိုင်မည်ဟု အမေရိကန် စိုက်ပျိုးရေးဦးစီးဌာနက ခန့်မှန်းထား ကြောင်း သိရှိရပါသည်။

ထိုင်းဆန်တင်ပို့မှုသည် ၁ လလျှင် ပျမ်းမျှ တန်ချိန် ၇ သိန်း တင်ပို့နိုင်ပါက ရည်မှန်းထားသည့် တန်ချိန် ၈.၂ သန်းကို ပြည့်မီနိုင်ပြီး တန်ချိန် ၉ သန်းထိ ရောက်ရှိနိုင်ပါကြောင်း၊ အိန္ဒိယနိုင်ငံတွင် မုတ်သုံ ရာသီဥတုကြောင့် မိုးရေချိန်တိုးလာနိုင်ပြီး ပုံမှန်ဆန်လက်ကျန် တန်ချိန် ၁၄၀ သန်းသို့ ရောက်ရှိလာ ပါက ၎င်း၏ဆန်တင်ပို့မှု ကန့်သတ်ချက်အပေါ် ပြန်လည်သုံးသပ်လာနိုင်သဖြင့် ဆန်မူဝါဒကို စောင့် ကြည့်ရန် လိုအပ်ပါကြောင်း၊ အိန္ဒိယဆန်ဈေးနှုန်းသည် အခြားသော ဆန်တင်ပို့သည့်နိုင်ငံများထက် သက်သာသဖြင့် ကမ္ဘာ့ဆန်တင်ပို့မှုကို သက်ရောက်လာနိုင်ကြောင်း Thai Rice Exporters Association ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ Mr. Chookiat Ophaswongse က သုံးသပ်အကြံပြုထားပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News