International News

ထိုင်းနိုင်ငံအတွင်းသို့ တရုတ်ပစ္စည်းများ ဝင်ရောက်လာမှုကြောင့် စက်ရုံများ ပိတ်သိမ်းမှုအန္တရာယ် ကြုံ တွေ့လာနိုင်

Last Updated:

တရုတ်အွန်လိုင်း လက်လီရောင်းချသူ Temu ထိုင်းနိုင်ငံတွင်းသို့ ဝင်‌ရောက်လာမှုနှင့်စပ်လျဉ်း၍ အစိုးရအနေဖြင့် အစီအမံများ ဆောင်ရွက်မှုမရှိပါက တရုတ်မှ ဈေးနည်းသော ပစ္စည်းများ ဝင်ရောက် လာမှုကြောင့် ထိုင်းထုတ်လုပ်သူများ၏ အရှုံးပေးမှုကြုံလာနိုင်ကြောင်း ထိုင်းစက်မှုလုပ်ငန်းရှင်များ အသင်းချုပ်က ပြောကြားခဲ့ပါသည်။

Temu သည် ၎င်း၏ ပလက်ဖောင်းပေါ်တွင် ရောင်းချသည့် ပစ္စည်းများကို ၉၀ ရာခိုင်နှုန်းနှင့် အထက် လျှော့ဈေးပေးပါကြောင်း၊ ထိုင်းစက်ရုံများမှ ထွက်ရှိသည့် ထုတ်ကုန်များသည် တရုတ်ပစ္စည်း များနှင့် ယှဉ်ပြိုင်နိုင်မှု အားနည်းသောကြောင့် ပိတ်သိမ်းနိုင်မှု အလားအလာရှိနိုင်ကြောင်း၊ Temu သည် ဝယ်ယူသူများကို ဈေးနှုန်းနည်းသည့် ထုတ်ကုန်များနှင့် ဆွဲဆောင်နိုင်ခြင်းမှာ တရုတ်နိုင်ငံတွင် စွမ်းအင် ဈေးနှုန်းများနှင့် လုပ်ခလစာများသည် ထိုင်းနိုင်ငံထက် သက်သာပါကြောင်း၊ e-commerce ပလက် ဖောင်းအသစ် ဝင်ရောက်လာခြင်းသည် ဈေးနှုန်းနိမ့်သော တရုတ်ပစ္စည်းများတင်သွင်းမှု မြင့်တက်လာနိုင်သောကြောင့် ထိုင်းဈေးကွက်တွင် ယှဉ်ပြိုင်မှု ပြင်းထန်လာနိုင်ကြောင်း အသင်းချုပ် ဒုတိယ ဥက္ကဋ္ဌ Mr. Apichit Prasoprat က သုံးသပ်ထားပါသည်။

ပြည်ပမှ ဈေးနှုန်းနိမ့်သော ဝင်ရောက်မှုကို ကာကွယ်ရန် အစိုးရ၏ ဆောင်ရွက်ဆဲ အစီအမံများ သည် ပြည်တွင်းစက်ရုံများကို မကာကွယ်နိုင်သဖြင့် အသင်းချုပ်အနေဖြင့် စိုးရိမ်လျက်ရှိပါကြောင်း၊ ပြဿနာများကို ဖြေရှင်းသည့် နည်းလမ်းနေဖြင့် တင်သွင်းကုန်စည်များ၏ အရည်အသွေးကို စစ်ဆေး ရန် အကောက်ခွန်ဦးစီးဌာနနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ယခင်နှစ်က စက်မှုဝန်ကြီးဌာနက ထုတ်ပြန်ကြေညာခဲ့ပါကြောင်း၊ အမေရိကန်-တရုတ် ကုန်သွယ်ရေး ပဋိပက္ခပြီးနောက် တရုတ်၏ နိုင်ငံ တကာကုန်သွယ်မှုအပေါ် သက်ရောက်မှုရှိလာသဖြင့် တရုတ်သည် ၎င်း၏ ကုန်ပစ္စည်းများကို အာဆီယံ နိုင်ငံများသို့ တင်ပို့ရန် ဦးတည်လာကြောင်း၊ ထိုင်းပြည်သူများ၏ အွန်လိုင်းဈေးဝယ်မှုနှုန်း မြင့်တက်လာ လျက်ရှိသောကြောင့် တရုတ်ကုန်သည်များကလည်း ထိုင်းနိုင်ငံကို  ပစ်မှတ်ထားလာကြကြောင်း Mr. Apichit က ဆက်လက်ပြောကြားခဲ့ပါသည်။

တရုတ်တင်သွင်းမှု မြင့်တက်လာပါက ပြည်တွင်းထုတ်လုပ်သူများသည် ၎င်းတို့၏ ထုတ်လုပ်မှု ကို ရပ်ဆိုင်းပြီး တရုတ်မှ ပစ္စည်းများ တင်သွင်းရောင်းချသည့် လုပ်ငန်းများသို့ ပြောင်းလဲနိုင်ကြောင်း၊ ကုန်ပစ္စည်းတန်ဖိုး ဘတ် ၁,၅၀၀ ထက်မပိုသော တင်းသွင်းပစ္စည်းများအပေါ် တန်ဖိုးမြှင့်အခွန် ၇ ရာခိုင် နှုန်း ကောက်ခံခဲ့သည့် အရွေ့တစ်ခုကို အစိုးရအနေဖြင့် ဆောင်ရွက်ခဲ့ပါကြောင်း၊ တရုတ်ပစ္စည်းများ၏ သက်ရောက်မှု ခံစားရသည့် စက်ရုံအရေအတွက်မှာ ၃၀ ခန့်ရှိပြီး သံမဏိ၊ ချည်မျှင်၊ အထည်ချုပ်နှင့် လူသုံးကုန်ပစ္စည်းများဖြစ်ကြောင်း ဒုတိယ ဥက္ကဋ္ဌက ဆက်လက်ပြောကြားခဲ့သည်။

စက်မှုဝန်ကြီးဌာန ဝန်ထမ်းများအနေဖြင့်လည်း အိမ်နီးချင်းနိုင်ငံများမှ တင်သွင်းလာသော ကုန် ပစ္စည်းများအား စစ်ဆေးမှုကို အပြင်းအထန် ဆောင်ရွက်လျက်ရှိပြီး အခြေအနေကို စောင့်ကြည့်လျက် ရှိပါကြောင်း၊ ဦးစီးဌာနအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေး ကုမ္ပဏီများနှင့် ပူးပေါင်း၍ တင်သွင်းပစ္စည်း များ ထားသိုရာ သိုလှောင်ရုံများကို စစ်ဆေးလျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ပြဿနာကို ထိထိ ရောက်ရောက် မဖြေရှင်းပါက နိုင်ငံ၏ စက်မှုကဏ္ဍ ထုတ်လုပ်မှုညွှန်ကိန်းနှင့် GDP တို့ကို ထိခိုက်လာ နိုင်ကြောင်း စက်မှုစီးပွားရေးရုံး ညွှန်ကြားရေးမှူးချုပ် Mrs. Warawan Chitaroon က ဖြည့်စွက်ပြော ကြားခဲ့သည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News