International News

ပြည်ပနိုင်ငံများရှိ ထိုင်းနိုင်ငံသား ကျွမ်းကျင်လုပ်သားများအား နိုင်ငံအတွင်းသို့ ပြန်ဝင်လာစေရေး အတွက် တစ်ဦးကျဝင်ငွေခွန်နှုန်းထားလျှော့ချမည့် အစီအစဉ်အပေါ် ထိုင်းနိုင်ငံ အစိုးရအဖွဲ့က ခွင့်ပြုခဲ့

Last Updated:

ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်လျက်ရှိသော ထိုင်းနိုင်ငံသား ကျွမ်းကျင်လုပ် သားများအား နိုင်ငံအတွင်းသို့ ပြန်ဝင်လာစေရေးအတွက် ၂၀၂၉ ခုနှစ်အထိ တစ်ဦးကျ ဝင်ငွေခွန် ၁၇ ရာခိုင်နှုန်းကို ခံစားခွင့်ပေးမည့် အစီအစဉ်အပေါ် ထိုင်းနိုင်ငံအစိုးရအဖွဲ့က ခွင့်ပြုခဲ့ကြောင်း သိရှိရပါ သည်။

အစိုးရအနေဖြင့် အရည်အချင်းပြည့်ဝသော လုပ်သားများကို နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်လာစေရေးအတွက် ယခုကဲ့သို့ ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ နိုင်ငံခြားသားများနှင့် နိုင်ငံခြားတွင် အလုပ်လုပ်ကိုင်နေသော ထိုင်းနိုင်ငံသားများ ပါဝင်ပါကြောင်း၊ ၎င်းတို့ကို နိုင်ငံအတွင်းသို့ ပြန်လည်  ခေါ်ယူနိုင်ပါက စက်မှုလုပ်ငန်းများတွင် သိသိသာသာ ဖွံ့ဖြိုးတိုးတက်လာပြီး နိုင်ငံစီးပွားရေး မြင့်တက် လာရုံသာမက အခွန်အသစ်များကိုလည်း ဖန်တီးလာနိုင်မည် ဖြစ်ကြောင်း၊ သို့သော် မည်သည့် စက်မှု နယ်ပယ်ဖြစ်သည်ကို အသေးစိတ်ပြောကြားခဲ့ခြင်းမရှိပါကြောင်း၊ အရည်အချင်းပြည့်ဝသော အလုပ် သမားများအတွက် ၎င်းတို့၏ လက်ရှိ တစ်ဦးကျဝင်ငွေခွန်နှုန်းထား ၃၅ ရာခိုင်နှုန်းအစား ၁၇ ရာခိုင်နှုန်း အောက်နည်းသော ပမာဏကိုသာ သတ်မှတ်ထားပါကြောင်း၊ ဥပဒေစတင်အသက်ဝင်ချိန်မှ ရရှိသော ဝင်ငွေအပေါ် ကောက်ခံသွားမည် ဖြစ်ပြီး ၂၀၂၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး H.E. Mr. Paopoom Rojanasakul က ပြောကြားခဲ့ပါသည်။

ဥပဒေပါ သတ်မှတ်ချက်များအနေဖြင့် ထိုင်းနိုင်ငံသားဖြစ်ရန်လိုအပ်ပြီး အနည်းဆုံး ဘွဲ့တစ်ခု ရရှိထားရန်နှင့် ယခုနှစ် အခွန်ကောက်ခံနှစ်မတိုင်ခင် အနည်းဆုံး ၂ နှစ် နိုင်ငံပြင်ပတွင် အလုပ်လုပ်ကိုင် ဖူးသူဖြစ်ရန်လိုအပ်ကြောင်း၊ ဥပဒေ စတင်အသက်ဝင်ချိန်မှစ၍ ၂၀၂၅ ခုနှစ်ထက် နောက်မကျစေဘဲ နိုင်ငံအတွင်းသို့ ပြန်လည်ဝင်ရောက်ရမည်ဖြစ်ပြီး အလုပ်စာချုပ်ချုပ်ဆိုထားရာ သတ်မှတ်စက်ရုံများ တွင် အလုပ်လုပ်ကိုင်ရမည် ဖြစ်ကြောင်း၊ အခွန်နှစ်အတွင်းဖြစ်ပါက အနည်းဆုံး ရက်ပေါင်း ၁၈၀ ထိုင်း နိုင်ငံတွင် နေထိုင်ရမည်ဖြစ်ကြောင်း၊  အလုပ်ရှင်များသည် အလုပ်သဘောတူစာချုပ်များ ဥပဒေအသက် ဝင်သည့် နေ့မှစ၍ ၂၀၂၉ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့အထိ အရည်အချင်းပြည့်မီသော ဝန်ထမ်းများ အား ပေးဆောင်သည့် လစာ၏ ၁.၅ ဆကို နုတ်ယူနိုင်ပါကြောင်း ဒုတိယဝန်ကြီးက ဆက်လက်ပြော ကြားခဲ့သည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News