Ease of Doing Business

ထိုင်းနိုင်ငံ၏ ကော်ဖီဈေးကွက်တိုးတက်မှုသည် ကောင်းမွန်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံတွင် ကော်ဖီသောက်သုံးသူများ၏ နေထိုင်စားသောက်မှုပုံစံကြောင့် ထိုင်းကော်ဖီဈေး ကွက်သည် ပြည်တွင်းသာမက ပြည်ပတင်ပို့မှုလုပ်ငန်းစဉ်များတွင်ပါ တိုးတက်မှုရှိလာကြောင်း သိရှိရပါ သည်။

ထိုင်းနိုင်ငံသည် ကော်ဖီကုန်ကြမ်းမှ ပို့ကုန်အတွက် တန်ဖိုးမြှင့် ကော်ဖီထုတ်ကုန်များထုတ်လုပ်နိုင်သည့် အလားအလာရှိပါကြောင်း၊ ၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ်အတွင်း ထိုင်းကော်ဖီဈေးကွက်သည် နှစ်စဉ်ပျမ်းမျှနှုန်းအားဖြင့် ၈.၅၅ ရာခိုင်နှုန်း  ကြီးထွားလာလျက်ရှိပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ဈေးကွက်တန်ဖိုးသည် ဘတ် ၃၄.၅ ဘီလီယံထိ ရောက်ရှိခဲ့ပြီး ၇.၃၄ ရာခိုင်နှုန်း တိုးတက်ခဲ့ပါကြောင်း၊ အသင့်သောက်ကော်ဖီသည် ဈေးကွက်တန်ဖိုး ဘတ် ၂၉ ဘီလီယံဖြစ်ပြီး ပြည်တွင်းဈေးကွက်တွင် ၈၄ ရာခိုင်နှုန်းရှိပါကြောင်း၊ လတ်ဆတ်ကော်ဖီ၏ ဈေးကွက်တန်ဖိုးသည် ဘတ် ၅.၅၂ ဘီလီယံ ဖြစ်ပါ ကြောင်း ကုန်သွယ်ရေးမူဝါဒနှင့် မဟာဗျူဟာရုံး၏ ညွှန်ကြားရေးမှူးချုပ် Mr. Poonpong Naiyanapakorn က ပြောကြားခဲ့ပါသည်။

ယင်းကဲ့သို့ တိုးတက်ခဲ့မှုသည် အလုပ်လုပ်ကိုင်လျက်ရှိသော အသက်အပိုင်းအခြားမှ သောက် သုံးသူများနှင့် အဖျော်ယမကာအတွက် လွယ်ကူမှုကို ရှာဖွေလေ့ရှိသည့် နေထိုင်မှုပုံစံကြောင့် ဖြစ် ကြောင်း၊ ထိုင်းနိုင်ငံ၏ ပူပြင်းသော ရာသီဥတုသည် ကော်ဖီအေး၊ အသင့်သောက်ကော်ဖီနှင့် အသင့် သောက်ကော်ဖီပုလင်း ဈေးကွက်ကို တွန်းအားပေးလျက် ရှိကြောင်း၊ ကော်ဖီစေ့လတ်လတ်ဆတ် ဆတ်ကို ကြိတ်ချေသောက်သုံးခြင်းကို ကြိုက်နှစ်သက်သည့် အချို့သော သောက်သုံးသူများလည်း ရှိပါကြောင်း၊ မတူညီသော နယ်ပယ်အလိုက် စားသုံးသူများ၏ ပြောင်းလဲမှု ပုံစံကို လုပ်ငန်းရှင်များက လေ့လာခြင်းဖြင့် ဝယ်လိုအားကို ထိထိရောက်ရောက်သိရှိနိုင်ပါကြောင်း ၎င်းက ဆက်လက်ပြောကြား ခဲ့သည်။

၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံသည် ကော်ဖီ တန်ချိန် ၁၆,၅၇၅ ထုတ်လုပ်ခဲ့ပြီး အာရေဗီကာ ကော်ဖီစေ့ ၄၈.၂ ရာခိုင်နှုန်းနှင့် ရိုဘတ်စတာကော်ဖီစေ့ ၅၁.၈ ရာခိုင်နှုန်းဖြစ်ပါကြောင်း၊ ထိုင်းနိုင်ငံ၏ ကော်ဖီတင်သွင်းမှုသည် ၂၀၁၉ ခုနှစ်မှစ၍ တိုးတက်လာလျက်ရှိပြီး ၂၀၂၃ ခုနှစ်တွင် တန်ဖိုး အမေရိကန် ဒေါ်လာ ၃၃၈ သန်း တင်သွင်းခဲ့ပါကြောင်း၊ ကော်ဖီကုန်ကြမ်းတင်သွင်းမှုသည် တန်ချိန် ၆၂,၁၇၁ ဖြစ်ပြီး အမေရိကန်ဒေါ်လာ ၁၈၅ သန်းဖြစ်ကြောင်း၊ Roasted ကော်ဖီ တန်ချိန် ၁,၆၄၇ (တန်ဖိုး အမေရိကန် ဒေါ်လာ ၂၇.၆ သန်း) နှင့် အသင့်သောက်ကော်ဖီ တန်ချိန် ၁၅,၉၄၇ (တန်ဖိုး အမေရိကန်ဒေါ် လာ ၁၂၆ သန်း) ဖြစ်ကြောင်း၊ ယခုနှစ် ပထမ ၃ လအတွင်း ကော်ဖီတင်သွင်းမှုသည် အမေရိကန်ဒေါ်လာ ၇၆.၃ သန်းဖြစ်ပြီး ကုန်ကြမ်း အမေရိကန်ဒေါ်လာ ၃၁.၂ သန်း၊ Roasted အမေရိကန်ဒေါ်လာ ၆.၁၅ သန်းနှင့် အသင့်သောက် အမေရိကန်ဒေါ်လာ ၃၈.၉ သန်းဖြစ်ကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံသည် ပြည်တွင်းဈေးကွက်အတွက် ကော်ဖီကုန်ကြမ်းပမာဏကြီးမားစွာ တင်သွင်းလျက်ရှိပြီး ပို့ကုန်အတွက် အသင့်သောက်ကော်ဖီအဖြစ်ထုတ်လုပ်ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ အသင့်သောက်ကော်ဖီ ထိပ်တန်းဈေးကွက်မှာ ကမ္ဘောဒီးယား၊ လာအိုနှင့် ဖိလစ်ပိုင်တို့ဖြစ် ကြောင်း၊ ကော်ဖီကုန်ကြမ်းများကို ဗီယက်နမ်၊ အင်ဒိုနီးရှားနှင့် လာအိုတို့မှ အများဆုံးဝယ်ယူ တင်သွင်း ပါကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ထိုင်းနိုင်ငံ၏ ကော်ဖီတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၁၂၆ သန်းရှိခဲ့ပြီး အသင့်သောက်ကော်ဖီ အမေရိကန်ဒေါ်လာ ၁၂၁ သန်း၊ Roasted အမေရိကန်ဒေါ်လာ ၂.၇၅ သန်းနှင့် ကုန်ကြမ်း အမေရိကန်ဒေါ်လာ ၂.၂၀ သန်း ဖြစ်ပါကြောင်း၊ ယခုနှစ် ပထမ ၃ လပတ်အတွင်း အသင့် သောက်ကော်ဖီ အမေရိကန်ဒေါ်လာ ၃၂.၇ သန်း၊ Roasted အမေရိကန်ဒေါ်လာ ၁.၂၄ သန်းနှင့် ကုန်ကြမ်း အမေရိကန်ဒေါ်လာ ၂၁၀,၀၀၀ တင်ပို့ခဲ့ကြောင်း သိရှိရပါသည်။

စားသုံးသူများ၏ နေထိုင်မှုပုံစံပြောင်းလဲလာမှုအရ နေ့စဉ်ကော်ဖီသောက်သုံးမှု မြင့်တက်လာ လျက်ရှိရာ ထိုင်းနိုင်ငံသည်လည်း ကော်ဖီသုံးစွဲမှု မြင့်တက်လာသည့် နိုင်ငံတစ်နိုင်ငံဖြစ်ပါသည်။ ထိုင်းနိုင်ငံ၏ ကော်ဖီပြည်တွင်းဈေးကွက်သည် ကြီးမားသကဲ့သို့ တန်ဖိုးမြှင့် ထုတ်ကုန်များအဖြစ် ပြင်ဆင်ထုတ်လုပ်ကာ ပို့ကုန်အမယ်တစ်မျိုးအဖြစ် တင်ပို့လျက်ရှိကြောင်း သုံးသပ် တင်ပြအပ်ပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။