International News

ထိုင်းနိုင်ငံအစိုးရသည် အမေရိကန်နိုင်ငံ၏ စီးပွားရေးအလားအလာ အပါအဝင် ကမ္ဘာ့အခြေအနေ အပေါ် သတိထားစောင့်ကြည့်လျက်ရှိ

Last Updated:

ထိုင်းနိုင်ငံအစိုးရသည် အမေရိကန်၏ စီးပွားရေးအလားအလာများနှင့် ကမ္ဘာ့စီးပွားရေးကျဆင်းမှု အလားအလာများကို စောင့်ကြည့်လျက်ရှိပြီး ပို့ကုန်အပေါ် သက်ရောက်မှုရှိလာပါက ဖြေရှင်းရန်အစီအစဉ်များ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကမ္ဘာ့ဈေးကွက်ကို စိုးရိမ်မှုနှင့် သိသာသော ကျဆင်းမှုကို ဖြစ်စေမည့် အမေရိကန်နိုင်ငံ၏ စီးပွားရေး အကျဖက်သို့ဦးတည်နေသည့် အချက်များအပေါ် စိုးရိမ်မှု မြှင့်တက်လာသဖြင့် အမေရိကန်၏ စီးပွားရေး အလားအလာများကို စောင့်ကြည့်လျက်ရှိကြောင်း၊ အစိုးရအနေဖြင့် ထိုင်းလုပ်ငန်းများနှင့် စားသုံးသူများအပေါ် သက်ရောက်မှုရှိစေမည်မဟုတ်ကြောင်း၊ အမေရိကန်တစ်ခုတည်းကို စောင့်ကြည့် နေခြင်းမဟုတ်ဘဲ ကမ္ဘာ့အခြေအနေကို စောင့်ကြည့်နေပါကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွား ရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ကမ္ဘာ့ပြောင်းလဲမှုကို လက်ခံရန် ဆွေးနွေးလျက်ရှိပါကြောင်း၊ ဝန်ကြီး ဌာနအနေဖြင့် အဖြေရှာနေဆဲဖြစ်ပြီး တိုးတက်မှုအခြေအနေများကို အသိပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဝန်ကြီး H.E Mr. Phumtham Wechayachai က ပြောကြားခဲ့ပါသည်။

ဝန်ကြီးဌာနသည် နိုင်ငံရေးအခြေအနေ၊  စီးပွားရေးအခြေအနေ၊ ပဋိပက္ခနှင့် ပို့ကုန်အပေါ် အဟန့်အတားများနှင့်စပ်လျဉ်းသည့် စီစဉ်မှုများအပါအဝင် ဖြစ်နိုင်သော သက်ရောက်မှုများအတွက် ပြင်ဆင်ပြီးဖြစ်ကြောင်း၊ ဝန်ကြီးဌာနအနေဖြင့် စီမံခန့်ခွဲရန် နည်းလမ်းများကို အဆက်မပြတ် ရှာဖွေ နေပြီး ဖြစ်ပေါ်နေသော ပြောင်းလဲမှုများကို စနစ်တကျ တုန့်ပြန်နိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုင်းဈေးကွက်အတွင်းသို့ e-commerce ကုမ္ပဏီများ ဝင်ရောက်လာြခင်းကြောင့် ပြည်တွင်းလုပ်ငန်း များကို ထိခိုက်မှုရှိသည်ကို ဝန်ကြီးဌာနအနေဖြင့် သိရှိမှတ်သားထားပါကြောင်း၊ လက်ရှိ ကုန်သွယ်ရေး စနစ်သည် အွန်လိုင်းစီးပွားရေးဆီသို့ ဦးတည် တိုးတက်နေကြောင်း ဝန်ကြီးက အလေးပေး ပြောကြား ခဲ့သည်။

သွင်းကုန်စံနှုန်းများနှင့်စပ်လျဉ်း၍ စက်မှုဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနများ နှင့် ဆွေးနွေးသွားမည် ဖြစ်ကြောင်း၊ ဆွေးနွေးမှုတွင် စက်မှုစံနှုန်းများနှင့် အစားအသောက်နှင့် ဆေးဝါး ကွပ်ကဲမှုဆိုင်ရာ စံနှုန်းများကို ဦးစားပေးဆွေးနွေးမည်ဖြစ်ကြောင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ စာချုပ်ပါ ဥပဒေပြဌာန်းချက်များနှင့် သွေဖီမှုမရှိစေဘဲ ပြဿနာများကို ထိန်းချုပ်ရန်နှင့်ကာကွယ်ရန် သို့မဟုတ် ပြင်ဆင်ရန် နည်းလမ်းများ ရှာဖွေသွားမည်ဖြစ်ကြောင်းဝန်ကြီးက ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိစီးပွားရေးအခြေအနေများသည် အမှန်တကယ် အခြေအနေထက် ပူပန်မှုများကြောင့် ဖြစ်ကြောင်း၊ အမေရိကန်အနေဖြင့် စီးပွားရေးကို လှုံ့ဆော်ရန် အစီအမံများ ချမှတ်ဆောင်ရွက်သွားမည် ဟုယုံကြည်ပါကြောင်း၊ စတော့ခ်ဈေးကွက်အခြေအနေသည် ပြန်လည်ကောင်းမွန်လာသည်ကို တွေ့မြင်ရပါကြောင်း၊ ဂျပန်နိုင်ငံ၏ Nikkei ညွှန်ကိန်းသည်လည်း ပြန်လည်ကောင်းမွန်လာသည်ကို တွေ့ရှိရပါကြောင်း၊ တရုတ်ပစ္စည်းများ အများအပြားဝင်ရောက်မှုပြဿနာနှင့်စပ်လျဉ်း၍ အနီးကပ် စောင့်ကြည့်ဖြေရှင်းရန် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးကို လမ်းညွှန်ထားပြီးဖြစ်ကြောင်း ဝန်ကြီးချုပ် H.E Mr. Srettha Thavisin က ဖြည့်စွက်ပြောကြားခဲ့သည်။

အမေရိကန်စီးပွားရေးသည် အကျဖက်သို့သွားနေပါက ထိုင်းပို့ကုန်လုပ်ငန်းရှင်များနှင့် ထုတ် လုပ်ရေး လုပ်ငန်းရှင်များအတွက် စိတ်မချမ်းမြေ့ဖွယ် သက်ရောက်မှုဖြစ်လာနိုင်ကြောင်း၊ ယခုကဲ့သို့ အကျပ်အတည်းအသစ်ကြောင့် ဦးစွာထိခိုက်မည်မှာ ပို့ကုန်ကဏ္ဍဖြစ်ပြီး ထုတ်လုပ်သူများသည် ဒုတိယ ဖြစ်ပါကြောင်း၊ စက်ရုံများသည် ၎င်းတို့ထုတ်ကုန်အတွက် အမှာစာအသစ်များ လက်ခံရရှိခြင်း မရှိ သဖြင့် ရောင်းအားကျဆင်းမှု တွေ့ကြုံနေရပါကြောင်း၊ ရောင်းအားကျဆင်းခြင်း၊ ဝယ်ယူမှု အမှာစာများ လျော့နည်းခြင်း၊ ထုတ်လုပ်မှုကျဆင်းခြင်း၊ စီးပွားရေးပြန်လည်ကောင်းမွန်မှုနှေးကွေးခြင်းနှင့် စားသုံးသူ ဝယ်ယူမှုစွမ်းရည် အားနည်းခြင်းတို့ကြောင့် ထိုင်းစက်ရုံများ၏ ညွှန်ကိန်းသည် ဇွန်လအတွင်း၌ ၈၇.၂ သို့ ကျဆင်းခဲ့ပါကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်၏ ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က သုံးသပ်ပြောကြားခဲ့သည်။

ရင်းနှီးမြှုပ်နှံသူများကလည်း အမေရိကန်စတော့ခ်ညွှန်ကိန်းများ ကျဆင်းလာမှု၊ အထူးသဖြင့် အမေရိကန်စီးပွားရေးကြံ့ခိုင်မှုအပေါ် စိုးရိမ်လျက်ရှိပါကြောင်း၊ ထိုင်းစတော့ခ်ဈေးကွက်ကိုလည်း တိုက်ခတ်မှုဖြစ်လာနိုင်ကြောင်း၊ အမေရိကန်စီးပွားရေးအခြေအနေများသည် ကမ္ဘာ့စီးပွားရေးအပေါ် လတ် ဆတ်သော စိုးရိမ်မှုများထဲမှတစ်ခုဖြစ်စေပြီး အီရန်နှင့် အစ္စရေး တို့အကြား တင်းမာမှုသည်လည်း ပူပန် စေမှုများဖြစ်ကြောင်း Mr. Kriengkrai က ဖြည့်စွက်ပြောကြားခဲ့သည်။

ယခုနှစ်အတွင်း ပို့ကုန်တိုးတက်မှုကို ၁ ရာခိုင်နှုန်းမှ ၂ ရာခိုင်နှုန်းအကြား ခန့်မှန်းထားပါကြောင်း၊ ဒုတိယနှစ်ဝက်အတွင်း ဥရောပနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခများ၊ အမေရိကန်နှင့် တရုတ် ကုန်သွယ် ရေး ပဋိပက္ခ၊ အမေရိကန်သမ္မတရွေးကောက်ပွဲ၊ အမေရိကန် အလုပ်အကိုင်ပြောင်းရွှေ့မှုနှင့် သင်္ဘောတင်ပို့စရိတ်ကြီးမြင့်မှု စသည့် မမျှော်လင့်သော အခြေအနေများစွာကို သတိထားလျက်ရှိပြီး ထိုင်းပို့ ကုန်များအပေါ် သက်ရောက်လာနိုင်သည့် ပင်လယ်နီတိုက်ခိုက်မှုကိုလည်း စောင့်ကြည့်နေပါကြောင်း၊ တရုတ်နိုင်ငံ၏ ပိုလျှံထုတ်လုပ်မှုနှင့် ကမ္ဘာ့ဈေးကွက်အတွင်း တင်ပို့နေမှုအပေါ်လည်း စိုရိမ်မှုရှိပါ ကြောင်း၊ အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ၏ ပို့ကုန်အတွက် ထုတ်လုပ်မှုတွင် ငွေ ဖြစ်လွယ်မှု ပြတ်လပ်မှုကြုံတွေ့နေရကြောင်း Thai National Shippers’ Council ဥက္ကဋ္ဌ Mr. Chaichan Chareonsuk က ပြောကြားခဲ့သည်။

ထိုင်းထုတ်ကုန်များကို ကမ္ဘာ့ကသိစေမည့် ပြည်ပကုန်သွယ်မှုမြှင့်တင်ရေးဆောင်ရွက်မှုများကို အစိုးရအနေဖြင့် ထောက်ပံ့စေလိုကြောင်း၊ ထိုင်းလုပ်ငန်းရှင်များကို ကူညီပေးရန်နှင့် ယှဉ်ပြိုင်မှုတွင် ကျန်ရစ်စေရန် ပို့ကုန်ကဏ္ဍကို ပြန်လည်တည်ဆောက်စေလိုကြောင်း၊ တင်ပို့ခနှုန်းထား ပုံသေဖြစ် ရန်နှင့် လုပ်ငန်းဆောင်ရွက်မှု ချောမွေ့စေရန် ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် သင်္ဘောကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုထားသင့်ကြောင်း၊ ထိုင်း Supplier များကို အထောက်အကူပြုသည့် နိုင်ငံခြား ရင်းနှီး မြှုပ်နှံမှုကို  အစိုးရအနေဖြင့် မြှင့်တင်သင့်ကြောင်း၊ ပို့ကုန် တိုးမြှင့်နိုင်ရန် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများသည် ချေးငွေရရှိမှု လိုအပ်နေပါကြောင်း Mr. Chaichan က သုံးသပ်အကြံပြု ထားပါသည်။

 

Source: www.bangkokpost.com  

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

 

 

Category: International News