International News

အရေးပေါ်အခြေအနေကို ခံနိုင်ရည်စွမ်းရှိသည့် အင်ဒို-ပစိဖိတ်ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ဖြစ်စေရေး ဂျပန်-တောင်ကိုရီးယားပူးပေါင်းဆောင်ရွက်သွားမည်

Last Updated:

အရေးပေါ်အခြေအနေတွင် အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင်(IPEF)၏အဖွဲ့ဝင်နိုင်ငံများအကြား အရေးပါသည့်အရင်းအမြစ်များ စဉ်ဆက်မပြတ်ရရှိနိုင်မှုသေချာစေရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ခိုင်မာအားကောင်းစေရန် ဂျပန်-တောင်ကိုရီးယားပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ပါသည်။

အဆိုပါသတင်းတွင် အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင်(IPEF)အဖွဲ့ဝင်နိုင်ငံများအကြား အရေးပေါ်အခြေအနေတုံ့ပြန်ရေးကွန်ယက်(Crisis Response Network) တည်ထောင်သွားမည်ဖြစ်ကြောင်း တောင်ကိုရီးယားအစိုးရက ၃၀-၇ -၂၀၂၄ ရက်နေ့တွင် ကြေညာခဲ့ကြောင်း၊ အဆိုပါအဖွဲ့တွင် တောင်ကိုရီးယားနိုင်ငံမှ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ဂျပန်နိုင်ငံမှ ပူးတွဲဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အဆိုပါကွန်ယက်အနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးဆိုင်ရာ အခြေခံအဆောက်အဦများအား ဆိုက်ဘာတိုက်ခိုက်ခံရမှုနှင့် သဘာဝဘေးဒဏ်ကြောင့်အပါအဝင် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်များပြတ်တောက်သည့်အခါ လိုအပ်သည့်အရေးယူဆောင်ရွက်မှုများကို ပြုလုပ်သွားမည်ဖြစ်ကြောင်း၊ အရေးပေါ်အခြေအနေဖြစ်ပွားပြီး ၁၅ ရက်အတွင်း အရေးပေါ်အစည်းအဝေးကို ကျင်းပမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

IPEFအဖွဲ့ဝင်နိုင်ငံများအနေဖြင့် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်သည့်အချိန်တွင် ကုန်စည်သိုလှောင် ထားရှိမှုဆိုင်ရာအချက်အလက်များကို မျှဝေသွားမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံအများအပြားအနေဖြင့် အရေးကြီးကုန်စည်များ အလျင်အမြန်လိုအပ်လာသည့်အချိန်တွင် မိတ်ဖက်အဖွဲ့ဝင်နိုင်ငံများမှ ကုန်စည်များမျှဝေသွားခြင်းနှင့် အခြားသောထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြန်လည်ကောင်းမွန်လာစေမည့် နည်းလမ်းများကိုရှာဖွေသွားနိုင်ရေး ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းများ၊ ဆေးဝါးများနှင့် အရေးပါသည့်သယံဇာတများအားလုံးကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ထားကြောင်း၊ အရေးပေါ်အခြေအနေတွင် တုံ့ပြန်ဆောင်ရွက်နိုင်ရေးအတွက် အဖွဲ့ဝင်နိုင်ငံများအနေဖြင့် ပို့ကုန်ထိန်းချုပ်မှုများကင်းလွတ်ခွင့်ပြုခြင်းအပါအဝင် အခြားသောလုပ်ငန်းစဉ်များကို လျင်မြန်စွာတုံ့ပြန်နိုင်ရေးအတွက် အစမ်းလေ့ကျင့်မှုများလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း ဖော်ပြထား ပါသည်။

အရေးပေါ်အခြေအနေတုံ့ပြန်ရေးကွန်ယက်(Crisis Response Network)အနေဖြင့် ယခင်ကဖြစ်ပွားခဲ့သော ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ပြတ်တောက်ခဲ့သည့်အခြေအနေများအပေါ်တွင်လည်း သင်ခန်းစာယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တောင်ကိုရီးယားနိုင်ငံအနေဖြင့် ဒီဇယ်အသုံးပြုသည့်မော်တော်ယာဉ်များမှ ဓာတ်ငွေ့ထုတ်လွှတ်မှုလျှော့ချနိုင်စေရန်အတွက် အသုံးပြုသည့် ယူရီးယားပြတ်လပ်မှုကို ၂၀၂၁ ခုနှစ်တွင် ကြုံတွေ့ခဲ့ရဘူးကြောင်း၊ အဆိုပါကာလမှစတင်၍ တောင်ကိုရီးယားနိုင်ငံအနေဖြင့် အရင်းအမြစ်များတင်သွင်းရာ၌ တရုတ်နိုင်ငံအပေါ် မှီခိုရလျက်ရှိမှုကို ပြန်လည်သုံးသပ်ခဲ့ကြောင်း ဖော်ပြထားပါသည်။

တရုတ်-အမေရိကန်အားပြိုင်မှုဖြစ်ပွားခဲ့သည့် ၂၀၂၂ ခုနှစ်တွင် သမ္မတဂျိုးဘိုင်ဒင်၏ဦးဆောင်မှုဖြင့် အမေရိကန်နိုင်ငံအနေဖြင့် အင်ဒိုပစိဖိတ်စီးပွားရေးမူဘောင်(IPEF)ကို စတင်ဖွဲ့စည်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် IPEF အဖွဲ့ဝင်နိုင်ငံများအကြား အရေးကြီးကုန်စည်များပြတ်လပ်မှုမရှိစေရေးအတွက် ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်ခိုင်မာအားကောင်းစေရေးဆောင်ရွက်သွားရန်သဘောတူညီခဲ့ကြကြောင်း၊IPEF အဖွဲ့ဝင်များတွင် ဂျပန်၊ တောင်ကိုရီးယား၊ အမေရိကန်၊ ဩစတြေးလျ၊ နယူးဇီလန်၊ အိန္ဒိယ၊ ဖီဂျီနှင့် အရှေ့တောင်အာရှမှ နိုင်ငံ ၇ နိုင်ငံ ပါဝင်ကြောင်း ဖော်ပြထားပါသည်။

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Source: The Nikkei Asia

Category: International News