International News

ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူများ ပိုမိုဝင်ရောက်လာစေရေးအတွက် လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ သွားရန် ရှိ

Last Updated:

ထိုင်းနိုင်ငံ၏ ရုပ်ရှင်လုပ်ငန်း၊ အစားအစာနှင့် ဆေးဝါးစက်မှုလုပ်ငန်းများတွင် နိုင်ငံခြား ရင်းနှီး မြှုပ်နှံသူများ ဖိတ်ခေါ်နိုင်ရန် အလို့ငှာ မက်လုံးများ ပိုမိုပေးအပ်ခြင်းအပြင် လိုအပ်သည့် လုပ်ငန်းစဉ်များ ကို အစိုးရအနေဖြင့် ဖြေလျှော့ပေးသွားမည် ဖြစ်ကြောင်း သိရှိရပါသည်။

လုပ်ငန်းများစွာ၏ လုပ်ငန်းစဉ်များကို ကန့်သတ်ထားသော ဥပဒေများနှင့် လုပ်ထုံးလုပ်နည်း များကို ပြင်ဆင်ခြင်းများ ဆောင်ရွက်နေပါကြောင်း၊ လုပ်ငန်းများ လွယ်ကူချောမွေ့စေမှု၊ လုပ်ငန်းများ ၏ ယုံကြည်မှုမြှင့်တင်မှုနှင့် ကမ္ဘာ့စင်မြင့်တွင် ယှဉ်ပြိုင်နိုင်မှုကို တိုးမြှင့်စေရန် ဖြစ်ကြောင်း၊ အဓိက ဦးစားပေးမည့် နယ်ပယ်မှာ လက်ရှိတွင် နှစ်စဉ် ဝင်ငွေ ဘတ် ၇ ဘီလီယံခန့်ရရှိလျက်ရှိသည့် တေးဂီတ ဖျော်ဖြေပွဲများနှင့် နိုင်ငံခြားရုပ်ရှင်ထုတ်လုပ် ရေးနှင့်စပ်လျဉ်းသည့် ဥပဒေကန့်သတ်မှုများကို ဖြေလျှော့ သွားရန်ဖြစ်ပြီး ဝင်ငွေပမာဏကို ဘတ် ၁၂ ဘီလီယံထိ မြှင့်တင်သွားရန်ဖြစ်ကြောင်း လုပ်ငန်းများ လွယ်ကူစေရေးအတွက် လုပ်ထုံးလုပ်နည်းပြုပြင်ရေးကော်မတီ ဥက္ကဋ္ဌ Mr. Tongthong Chandransu က ပြောကြားခဲ့ပါသည်။

ဆောင်ရွက်မည့် အစီအမံများမှာ နိုင်ငံခြားရုပ်ရှင်ဝန်ထမ်းအဖြစ်ဆောင်ရွက်မည့် တရုတ်နိုင်ငံ သားများအတွက် ဗီဇာကင်းလွတ်ခွင့်ပေးခြင်းပါဝင်မည်ဖြစ်ကြောင်း၊ ယခင်နှစ်က တရုတ်ရုပ်ရှင် ထုတ် လုပ်ရေးမှ ဘတ် ၄၇၁.၉၈ သန်းကို ထိုင်းနိုင်ငံတွင် ရင်းနှီးမြှုပ်နှံခဲ့ပြီး အမေရိကန်နှင့် ဟောင်ကောင်တို့ ပြီးပါက တတိယအများဆုံးဖြစ်ပါကြောင်း၊ ရုပ်ရှင်ထုတ်လုပ်ရေးအဖွဲ့များ၏ အလုပ်အကိုင်ပါမစ်ကို ထိုင်းနိုင်ငံရှိ ရုပ်ရှင်ပူးပေါင်းဆောင်ရွက်သူက ရရှိစေရန်အတွက် အလုပ်အကိုင်ပါမစ်နှင့် နိုင်ငံခြား အလုပ်သမားများအတွက် ညွှန်ကြားချက်ဆိုင်ရာ အလုပ်သမားဝန်ကြီးဌာန၏  လုပ်ထုံးလုပ်နည်းများကို ပြင်ဆင်နေဆဲဖြစ်ပြီး ဩဂုတ်လတွင် အပြီးသတ်သွားမည် ဖြစ်ကြောင်း Mr. Tongthong က ဖြည့်စွက် ပြောကြားခဲ့ပါသည်။

ဥပဒေပြင်ဆင်မှုတွင် တေးဂီတဖျော်ဖြေပွဲဝန်ထမ်းများနှင့် ပြဇာတ်အနုပညာရှင်များအတွက် အရေးတကြီးခွင့်ပြုမိန့်များကို လွယ်ကူစေရန်ဖြစ်ကြောင်း၊ အီလက်ထရောနစ်စနစ်ကို အသုံးပြုခြင်း ဖြင့် သွင်းကုန်-ပို့ကုန် စစ်ဆေးမှုများ လွယ်ကူချောမွေ့စေရေးအတွက် နောင်ခိုင်ရှိ နယ်စပ်ကုန်သွယ်ရေး အတွက် One-stop service စင်တာတည်ထောင်မှုမှာလည်း ဆောင်ရွက်နေဆဲဖြစ်ပြီး အောက်တို ဘာလ ၁ ရက်နေ့တွင် ဖွင့်လှစ်သွားရန် ခန့်မှန်းထားပါကြောင်း၊ ဆက်သွယ်ရေးနှင့် ရေနံတူးဖော်ရေး လုပ်ငန်းအပါအဝင် စက်မှုလုပ်ငန်း ၁၀ မျိုးရှိ နိုင်ငံခြားသားဝန်ထမ်းများအတွက် အလုပ်အကိုင်ပါမစ် ကင်းလွတ်ခွင့်ပေးနိုင်ရေး အဆိုပြုသွားရန် စီစဉ်ဆောင်ရွက်နေကြောင်း သိရှိရပါသည်။

နိုင်ငံခြားစံနှုန်းများနှင့် စစ်ဆေးပြီးသော ဆေးဝါးများ၏ ခွင့်ပြုချက်များတောင်းခံရာတွင် ထပ်နေသည့် လုပ်ငန်းစဉ်များကိုလည်း လျှော့ချသွားနိုင်ရေး အစားအစာနှင့် ဆေးဝါးကွပ်ကဲမှုဦးစီး ဌာန က ဆောင်ရွက်နေပါကြောင်း၊ ယင်းသို့ လျှော့ချသွားနိုင်ပါက ခွင့်ပြုချက်လုပ်ငန်းစဉ်အတွက် ကြာချိန် သည် ရက်ပေါင်း ၃၀၀ မှ ၉၀ သို့ လျော့ကျသွားနိုင်ကြောင်း၊ အစားအစာ၊ ဆေးဝါး၊ ဆေးဘက်ဆိုင်ရာ ပစ္စည်းများ၊ လုပ်ငန်းများနှင့် ထုတ်ကုန်မှတ်ပုံခြင်းဆိုင်ရာ ခွင့်ပြုချက်လုပ်ငန်းစဉ်ကို ၂၄ နာရီအတွင်း ရရှိစေရေးအတွက် e-service စနစ်ကို တည်ထောင်နေပါကြောင်း အစားအစာနှင့် ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန အထွေထွေအတွင်းရေးမှူးချုပ် Dr. Narong Apikulwanich က ဖြည့်စွက်ပြောကြားပါသည်။

အစိုးရ၏ အစီအစဉ်များထဲတွင် လုပ်ငန်းဆောင်ရွက်မှုလွယ်ကူစေရေးကို မြှင့်တင်ခြင်းဖြင့် နိုင်ငံ ခြားရင်းနှီးမြှုပ်နှံမှုကို တိုးတက်စေရန်ဖြစ်ကြောင်း၊ ရုပ်ရှင်စက်မှုအတွက် လုပ်ငန်းစဉ်များ လွယ်ကူစေပြီး မက်လုံးများပေးရုံသာမက အစားအစာနှင့် ဆေးဝါးစက်မှုများအတွက် မှတ်ပုံတင်ရေး လုပ်ငန်း စဉ် ကြာချိန်များလျှော့ချပေးသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် Srettha Thavisin ၏ လူမှုကွန်ယက် X တွင် ရေးသားထားကြောင်း သိရှိရပါသည်။

ထိုင်းနိုင်ငံအစိုးရ၏ ရုပ်ရှင်ကဏ္ဍ၊ တေးဂီတဖျော်ဖြေပွဲ၊ အစားအစာနှင့် ဆေးဝါးဆိုင်ရာများ အတွက် မှတ်ပုံတင်ခြင်းဆိုင်ရာများတွင် လုပ်ထုံး လုပ် နည်းများ ဖြေလျှော့ပေးခြင်းဖြင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

 

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News