International News

ဗီယက်နမ်နိုင်ငံသို့ ကမ္ဘောဒီးယားနိုင်ငံ၏ သီဟိုဠ်စေ့တင်ပို့မှု ၅ လအတွင်း ၃၇ ရာခိုင်နှုန်းမြင့်တက်

Last Updated:

ကမ္ဘောဒီးယားနိုင်ငံသည် ၂၀၂၄ ခုနှစ်၊ ပထမ ၅ လအတွင်း ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့အကြမ်း တန်ချိန် ၆၆၇,၀၀၀ တင်ပို့ခဲ့ပြီး ယခင်နှစ်အလားတူကာလထက် ၃၇ ရာခိုင်နှုန်း တိုးလာကာ ပို့ကုန်ဝင်ငွေအမေရိကန်ဒေါ်လာ ၈၅၁ သန်းရရှိခဲ့ကြောင်း Vietnam News သတင်းဌာနက ဇွန်လ ၁၀ ရက်နေ့တွင် ဖော်ပြပါသည်။

ကမ္ဘောဒီးယားနိုင်ငံ၌ ရာသီဥတုပူပြင်းမှုကြောင့် သီဟိုဠ်စေ့အထွက် ထိခိုက်သော်လည်း သီဟိုဠ်စေ့ကုန်ကြမ်း တင်ပို့မှုပမာဏမှာ အပြုသဘောဆောင်သည့် လက္ခဏာများရှိနေသေးကြောင်း၊ ၂၀၂၄ ခုနှစ် ပထမ ၅ လအတွင်း သီဟိုဠ်စေ့ ကုန်ကြမ်းတန်ချိန် ၇၁၆,၀၀၀ ထုတ်လုပ်နိုင်ခဲ့ကြောင်း ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်း ဥက္ကဋ္ဌ Mr. Uon Silot ၏ ပြောကြားချက်ကို ဗီယက်နမ် The Voice of Việt Nam သတင်းစာဌာနကဖော်ပြပါသည်။ ထို့ပြင် ဗီယက်နမ်နိုင်ငံသို့ သီဟိုဠ်စေ့ ကုန်ကြမ်းတင်ပို့နိုင်မှုမှာ စိုက်ပျိုးမှုဧရိယာ တိုးတက်လာခြင်းကြောင့် ဖြစ်ကြောင်း၊ ရာသီဥတု ပြောင်းလဲဖောက်ပြန်မှုများကြောင့် အာဖရိကတွင် သီဟိုဠ်စေ့အထွက် နှုန်းကျဆင်းနေသည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

ဆက်လက်ပြီး ကမ္ဘောဒီးယား သီဟိုဠ်စေ့အသင်းဥက္ကဋ္ဌက မကြာသေးမီကာလများအတွင်း အပူချိန်လွန်ကဲမှုများဖြစ်ပေါ်ခြင်းကြောင့် ကမ္ဘောဒီးယားနိုင်ငံရှိ သီဟိုဠ်ပင်များ ထိခိုက်မှုရှိခဲ့သော်လည်း အထွက်နှုန်းအပေါ် ထိခိုက်မှုမရှိစေရန် အသင်း၏အဖွဲ့ဝင်များက နည်းပညာအသုံးပြုကာ တက်ကြွစွာလုပ်ဆောင်ကြသောကြောင့် သီဟိုဠ်စေ့ထုတ်လုပ်မှုအပေါ်ဆိုးကျိုးများစွာသက်ရောက်မှု မရှိခဲ့ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။

ကမ္ဘောဒီးယားသီဟိုဠ်စေ့အသင်းအနေဖြင့် လာမည့် ၁၀ နှစ်တာကာလအတွင်း သီဟိုဠ်စေ့အား ကုန်ကြမ်းအဖြစ် တင်ပို့မှုပမာဏကို ၇၀ ရာခိုင်နှုန်းခန့် လျှော့ချရန် မျှော်မှန်းထားပြီး လက်ရှိတွင် ၉၀ ရာခိုင်နှုန်းကျော်ကိုတင်ပို့လျက်ရှိပြီး အထူးသဖြင့် ဗီယက်နမ်နိုင်ငံသို့ တင်ပို့လျက်ရှိကြောင်း သတင်းရရှိပါသည်။

Source: Vietnam News, 10 Jun 2024(လယ်ယာထွက်ကုန်များနှင့် အဓိကသွင်းကုန်များ၏ နိုင်ငံတကာဈေးကွက်စောင့်ကြည့်လေ့လာရေးအဖွဲ့)

Source: https://www.doca.gov.mm

Category: International News