International News

ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုကဏ္ဍတွင် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်သင့်ကြောင်း Kasikorn Research Center (K-Research) က အစိုးရကို တိုက်တွန်းထားခဲ့

Last Updated:

ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုညွှန်ကိန်းသည် ၂ ရာခိုင်နှုန်းကျဆင်းနိုင်ပြီး ဒုတိယနှစ် အဖြစ် ဆက်တိုက်ကျဆင်းခြင်းဖြစ်ကြောင်း၊ အစိုးရအနေဖြင့် စက်မှုကဏ္ဍ၏ အဓိကထားပြုပြင်ပြောင်း လဲမှုကို အရှိန်မြှင့်တင်ဆောင်ရွက်သွားရန် Kasikorn Research Center (K-Research) က တိုက် တွန်းပြောကြားခဲ့ပါသည်။

ထိုင်းနိုင်ငံ၏ စက်မှုထုတ်လုပ်မှုသည် ယခင်တွင် ၃.၈ ရာခိုင်နှုန်းကျဆင်းခဲ့ပြီးနောက် ပြန်လည် ကောင်းမွန်မှုနှေးကွေးနေဆဲဖြစ်ပါကြောင်း၊ ယခုနှစ်တွင်လည်း ၂ ရာခိုင်နှုန်းကျဆင်းရသည့် အကြောင်း အရင်းမှာ ယခုနှစ် ပထမ ၄ လအတွင်း လျှပ်စစ်ပစ္စည်း၊ မော်တော်ကားနှင့် ဆောက်လုပ်ရေးသုံး ပစ္စည်း များကဲ့သို့သော အဓိက ထုတ်ကုန်များ၏ စွမ်းဆောင်ရည်သည် အနုတ်ဖက်သို့ သွားနေပါကြောင်း၊  အစားအစာကဏ္ဍတွင် ကောင်းမွန်စွာလည်ပတ်နေသော်လည်း စက်မှုကဏ္ဍတွင် ကျဆင်းနေမှုကို ခုနှိမ် နိုင်ခြင်းမရှိသဖြင့် ထုတ်လုပ်မှုညွှန်ကိန်းသည် မကောင်းမွန်နိုင်တော့ဘဲ ယခုနှစ်၏ စီးပွားရေးတွင်လည်း ထုတ်လုပ်မှုကဏ္ဍ၏ ပါဝင်မှုကို လျော့နည်းစေပါကြောင်း K-Research ၏ လက်ထောက် မန်နေးဂျင်း ဒါရိုက်တာ Ms. Kevalin Wangpichayasuk က သုံးသပ်ထားပါသည်။

၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်မှုကဏ္ဍ၏ ဝင်ငွေသည် ဘတ် ၄.၅ ထရီလီယံဖြင့် ထိုင်းနိုင်ငံစီးပွားရေး တွင် ပါဝင်မှုမှာ ၂၅ ရာခိုင်နှုန်းသို့ ကျဆင်းခဲ့ပါကြောင်း၊ ယင်းအချက်သည် ထိုင်းနိုင်ငံ၏ စက်မှုကဏ္ဍကို ပြုပြင်ပြောင်းလဲမှုဆောင်ရွက်သင့်ကြောင်း အထင်အရှားပြသပါကြောင်း၊ အစိုးရအနေဖြင့် စက်မှုထုတ် လုပ်ရေး တိုးမြှင့်နိုင်‌ရေးကို ကာလတိုအတွင်း ဆောင်ရွက်ရန် အဆင့် ၃ ဆင့်ရှိပါကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုဘတ်ဂျက်များ ရရှိနိုင်ရေး အရှိန်မြှင့်တင်ရန်၊ စားသုံးသူများနှင့် ပြည်တွင်းလုပ်ငန်းရှင်များအား အထောက်အကူပြုနိုင်ရေး တင်သွင်းကုန်စည်များ၏ အရည်အသွေးကို စောင့်ကြည့်ရန်နှင့် ကုန်ကျ စရိတ် မြင့်တက်လာမှုကြောင့် ထိခိုက်ခံစားရသည့် အသေးစားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ၏ ငွေဖြစ်လွယ်မှုကို မြှင့်တင်ပေးရန်ဖြစ်ကြောင်း Ms. Kevalin က ဖြည့်စွက်သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံ၏ ထုတ်လုပ်မှုဆိုင်ရာ ပြဿနာကို ဖြေရှင်းရာတွင် ရင်းနှီးမြှုပ်နှံမှုဘတ်ဂျက်ရရှိမှု မသေချာမှုအပါအဝင် အဓိက စိန်ခေါ်မှု ၃ ခုကို ကြုံတွေ့နေရပါကြောင်း၊ ဘတ်ဂျက်ကို အမှန်တကယ် အသုံးပြုမှသာ တိုးတက်မှုရှိလာမည် ဖြစ်ကြောင်း၊ ဇွန် ၁၇ ရက်အထိ ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ၃၃ ရာခိုင်နှုန်းသာ အမှန်တကယ်ရရှိခဲ့ပြီး ယခင်နှစ်ကာလတူတွင် ၅၀ ရာခိုင်နှုန်း ရရှိခဲ့ပါကြောင်း၊ ကုန်သွယ်ရေးပဋိပက္ခကြောင့် တင်သွင်းမှုများ မြင့်တက်လာနိုင်ကြောင်း၊ တရုတ်နှင့် အနောက်နိုင်ငံ များအကြား အခွန်နှုန်းထားကိစ္စရပ်ကြောင့် တရုတ်သည် ၎င်း၏ ရွေးချယ်စရာ ဈေးကွက် ပြောင်းလဲ လာနိုင်ပြီး ယင်းတွင် ထိုင်းနိုင်ငံလည်း ပါဝင်လာ နိုင်ကြောင်း သုံးသပ်ထားပါသည်။

ထိုင်းနိုင်ငံသွင်းကုန်၏ ၄၀ ရာခိုင်နှုန်းသည် တရုတ်နိုင်ငံမှဖြစ်ကြောင်း၊ အဓိကအားဖြင့် လျှပ်စစ် ပစ္စည်းများ၊ မော်တော်ကားများနှင့် ဆောက်လုပ်ရေးသုံးပစ္စည်းများဖြစ်ကြောင်း၊ ကုန်သွယ်ရေးပဋိပက္ခ တင်းမာလာသည်နှင့်အမျှ ထိုင်းနိုင်ငံသည် တရုတ်နိုင်ငံ၏ ပို့ကုန်ဦးတည်လာနိုင်သည့် နိုင်ငံဖြစ်လာနိုင် ပြီး ထိုင်းလုပ်ငန်းများကို ဆွဲဆောင်ခြင်းနှင့် ပြည်တွင်းနှင့် ပြည်ပ ဈေးကွက်များတွင် ယှဉ်ပြိုင်စွမ်းအား ကို မြင့်တက်လာနိုင်ကြောင်း၊ ထိုင်းစက်ရုံများတွင် ပျမ်းမျှ ကုန်ကျစရိတ်ပုံစံမှာ စွမ်းအင်၊ ကုန်ကြမ်း၊ အလုပ်သမား၊ ဘဏ္ဍာရေးကုန်ကျစရိတ်တို့ဖြစ်ကြောင်း၊ ဒီဇယ်ဈေးနှုန်းနှင့် တစ်နိုင်ငံလုံး အနည်းဆုံး လုပ်ခလစာ ဘတ် ၄၀၀ သို့ မြင့်တက်လာပါက အလုပ်သမားအရေအတွက်များသော အသေးစားနှင့် အလတ်စားလုပ်ငန်းများအတွက် အခက်အခဲများ ဖြစ်လာနိုင်ကြောင်း ထောက်ပြထားပါသည်။

အယ်လ်နီညိုရာသီဥတုမှ နှစ်ဝက်နှောင်းပိုင်းတွင် လာနီညာရာသီဥတုသို့ ပြောင်းလဲနေစဉ် ကာလအတွင်း မိုးရေလုံလောက်စွာရရှိမှုကြောင့် စိုက်ပျိုးရေးနှင့် အစားအစာထုတ်လုပ်မှု မြင့်တက် လာနိုင်သော်လည်း တစ်ဆက်တည်းမိုးရေမရရှိမှုနှင့် ရေလွှမ်းမိုးမှုများဖြစ်ပေါ်လာပါက လုပ်ငန်းအချို့ တွင် ဖိအားဖြစ်လာစေမည်ဖြစ်ကြောင်း၊ အမေရိကန်သမ္မတရွေးကောက်ပွဲတွင် ဒေါ်နယ်ထရမ့် အနိုင် ရရှိခဲ့ပြီး တရုတ်သွင်းကုန်များအပေါ် ၆၀ ရာခိုင်နှုန်းအခွန်ကောက်ခံသွားမည့် ကတိကဝတ်အတိုင်း ဆောင်ရွက်သွားမည်ဆိုပါက ကမ္ဘာ့အဝှမ်း ဂယက်ဖြစ်လာမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ ထုတ်လုပ်မှု အခြေစိုက်များပြောင်းရွှေ့နေရာချထားရာတွင် ထိုင်းနိုင်ငံတွင်လည်း အပါအဝင်ဖြစ်ရာ အမေရိကန် တရုတ်သွင်းကုန်များအပေါ် အခွန်တိုးမြှင့်မည့် ကိစ္စရပ်သည် ရုပ်လုံးမပေါ်လာနိုင်ပါကြောင်း၊ နိုင်ငံ အားလုံး အကောင်အထည်ဖော်မည်ဆိုပါက လွန်ခဲ့သော နှစ်ပေါင်း ၉၀ ခန့်က ခံစားရသည်ထက် ပိုမို သည့် ကြီးမားသော ကျရှုံးမှုသို့ ဦးတည်နိုင်ကြောင်း K-research ၏ မန်နေးဂျင်းဒါရိုက်တာ Mr. Burin Adulwattana က ဖြည့်စွက်ပြောကြားပါသည်။B

ယခုနှစ် ပထမနှစ်ဝက်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ပြည်တွင်းစားသုံးမှုနှင့် ခရီးသွား ကဏ္ဍကြောင့် ၁.၆ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး ဒုတိယနှစ်ဝက်တွင် ရင်းနှီးမြှုပ်နှံမှု မြင့်တက်လာမှု၊ ပို့ကုန် အခြေအနေပြန်လည်ကောင်းမွန်လာမှုနှင့် ခရီးသွားကဏ္ဍဆက်လက်တိုးတက်နေမှုတို့ကြောင့် ၃.၆ ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းထားပါကြောင်း၊ မေလအတွင်း ခန့်မှန်းချက်အရ ယခုနှစ်အတွင်း ထိုင်းနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို ၂.၆ ရာခိုင်နှုန်း ဖြစ် ကြောင်း ဒုတိယမန်နေးဂျင်းဒါရိုက်တာ Nattaporn Triratanasirikul က ပြောကြားထားပါသည်။

 

Source: www.bangkokpost.com

သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့။

Category: International News