International News

ဗီယက်နမ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့အကြား စိုက်ပျိုးရေးထွက်ကုန်များ ကုန်သွယ်မှု အောင်မြင်လျက်ရှိ

Last Updated:

ဗီယက်နမ်နိုင်ငံမှ ရုရှားသို့ စိုက်ပျိုးရေးထွက်ကုန်များ တင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၃၁၃.၅ သန်းဖြင့် စံချိန်တင်ခဲ့ကြောင်း၊ ရုရှားရှိ စူပါမားကတ်များတွင် ဗီယက်နမ် ထုတ်ကုန်အများအပြား ရောင်းချလျက်ရှိကြောင်း Vietnam Economy အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။

ဗီယက်နမ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့ကြား လယ်ယာစိုက်ပျိုးရေးသီးနှံများ ကုန်သွယ်မှု ပမာဏ သည် ပြီးခဲ့သည့် ၅ နှစ်အတွင်း နှစ်ဆတိုးလာပြီး နှစ်စဉ်ပျမ်းမျှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်း စိုက်ပျိုးရေးနှင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဝန်ကြီးဌာန (MARD) ၏ အဆိုအရသိရှိရပါသည်။

အဆိုပါ ကိန်းဂဏန်းသည် နှစ်နိုင်ငံအကြား စုစုပေါင်းကုန်သွယ်မှုတန်ဖိုး၏ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်းဖော်ပြထားပါသည်။

ဗီယက်နမ်နိုင်ငံအနေဖြင့် ၂၀၂၄ ခုနှစ် ပထမ ၅ လတွင် ရုရှားနိုင်ငံသို့ လယ်ယာထွက်ကုန် အမေရိဒေါ်လာ ၃၃၁.၃ သန်းဖိုး တင်ပို့ခဲ့ပြီး ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်ပါက ၄၉.၇ ရာခိုင်နှုန်း သိသိသာသာ တိုးမြင့်လာခဲ့သည်။

ကော်ဖီတင်ပို့မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၁၆၁.၆ သန်းဖြင့် အမြင့်ဆုံးစံချိန်တင်ခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၉ ရာခိုင်နှုန်း မြင့်တက်လာခဲ့သည်။ ပင်လယ်စာတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၇၆.၄ သန်းရှိပြီး၊ သီဟိုဠ်စေ့ တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၈ ဘီလီယံ၊  သစ်သီး ဝလံနှင့် ဟင်းသီးဟင်းရွက်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၂၆.၈ သန်း ရရှိခဲ့သည်။

ဗီယက်နမ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် နှစ်ဦးနှစ်ဖက်အကျိုးရှိသော ကုန်သွယ်မှုဆက်ဆံရေးရှိပြီး ဗီယက်နမ်နိုင်ငံမှ ရာဘာ၊ သစ်အချောထည်နှင့် သစ်အချောထည်ပစ္စည်းများ၊ ဆန်နှင့် ငရုတ်ကောင်း စသည့်တို့ တင်ပို့လျက်ရှိပြီး ရုရှားနိုင်ငံမှ ပင်လယ်စာ၊ ဂျုံ၊ ဓါတ်မြေဩဇာနှင့် အေးခဲထားသော အသားများ တင်သွင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။

 

Source: Vietnam Economy

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

Category: International News