International News

အမေရိကန်၏ အခွန်ရိုက်ခတ်မှုခံစားရနိုင်သည့် ထိုင်းနိုင်ငံ၊ အသေးစားနှင့် အလတ်စားစီးပွားရေး လုပ်ငန်းများအတွက် အတိုးနှုန်းသက်သာချေးငွေ ဘတ် ၂၀၀ ဘီလီယံကို Government Saving Bank က ထုတ်ချေးသွားရန်ရှိ

Last Updated:

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အခွန်နှုန်းထားကြောင့် ထိခိုက်လာနိုင်သည့် ထိုင်းအသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများကိုထောက်ပံ့ပေးရန် ဘတ် ၂၀၀ ဘီလီယံကို အတိုးနှုန်းသက်သာသောချေးငွေအဖြစ် Government Saving Bank(GSB)က ထုတ်ချေးသွားရန်ရှိကြောင်း သိရှိရပါသည်။

ဘဏ်၏ကုန်ကျငွေ ၂ ရာခိုင်နှုန်းခန့်ရှိနေသော်လည်း အတိုးနှုန်းမှာ ၀.၀၁ ရာခိုင်နှုန်းထက်ပင် နည်းနိုင်သမျှနည်းနိုင်ကြောင်း၊ ကွာခြားနေသောအတိုးနှုန်းကို အစိုးရမှ ကျခံပေးသွားမည်ဖြစ်ပြီး မသေချာသောကာလအတွင်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများဖြစ်သည့် ပြည်တွင်းလုပ်ငန်းရှင်များအတွက် ငွေဖြစ်လွယ်မှုနှင့် လက်ကျန်များကို သယ်ယူသွားနိုင်ရေးဖြစ်ကြောင်း၊ လုပ်ငန်းကြီးများအတွက် ဘဏ်များက တာဝန်ယူဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး စီးပွားရေးဘဏ်များ၏စွမ်းရည်ထက်ကျော်လွန်သွားပါက အစိုးရက ဝင်ရောက်ကူညီသွားမည်ဖြစ်ကြောင်း၊ အမေရိကန်သို့တင်ပို့နေသော ကုန်စည်များတွင် ပင်ရင်းနိုင်ငံသက်သေခံလက်မှတ် (Certificates of origin-CO)များ အစားထိုးသုံးစွဲနေမှုကို ကာကွယ်မည့်အစီအမံများနှင့်စပ်လျဉ်း၍ အမေရိကန်သို့တင်ပို့နေသည့် ကုန်စည်များတွင် ပြည်တွင်းထုတ်ပါဝင်မှုမည်မျှရာခိုင်နှုန်းဖြစ်ရမည်မှာ မရှင်းလင်းသေးပါကြောင်း ဘဏ္ဍာရေးဝန်ကြီး H.E Mr. Pichai Chunhavajira က ပြောကြားခဲ့သည်။

သို့သော် ပါဝင်မှုလက်ရှိသတ်မှတ်ချက် ၄၀ ရာခိုင်နှုန်းထက်ပိုမိုများနိုင်သောကြောင့် လိုအပ်ချက်အသစ်ကို ၆၀ ရာခိုင်နှုန်း၊ ၇၀ ရာခိုင်နှုန်း သို့မဟုတ် ၈၀ ရာခိုင်နှုန်းထိ တိုးမြှင့်သတ်မှတ်နိုင်ကြောင်း၊ကုန်စည်အတွက်ပြည်တွင်းလိုအပ်ချက်ကို တွက်ချက် ရာတွင် အမေရိကန်နှင့် ၎င်းတို့မိတ်ဖက်များမှလာသည့် ရင်းမြစ်များအပါအဝင် ပြည်တွင်းကုန်ကြမ်းမှ စတင်တွက်ချက်ခြင်းသည် ပြိုင်ဘက်နိုင်ငံများနှင့် ယှဉ်ပြိုင်မှုကို စီမံခန့်ခွဲမှုတစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း၊ ဈေးကွက်ဝင်ရောက်မှုနှင့်စပ်လျဉ်း၍ အမေရိကန်နှင့် ကနဦးညှိနှိုင်းဆွေးနွေးမှုတွင် အမေရိကန်ကုန်စည်များကို ထိုင်းဈေးကွက်အတွင်းသို့ သုညရာခိုင်နှုန်း သို့မဟုတ် သုညနီးနီးသွင်းကုန်အခွန်ဖြင့် ခွင့်ပြုရန်ဖြစ်ပြီး ထိုင်းနိုင်ငံက အမေရိကန်မှ သွင်းကုန်အားလုံး၏ ၆၉ ရာခိုင်နှုန်းအပေါ် သွင်းကုန်ခွန်ကို ပယ်ဖျက်ရန်အဆိုပြုခဲ့ကြောင်း ဝန်ကြီးက ဆက်လက်ပြောကြားခဲ့သည်။

နောက်ပိုင်းတွင် ထိုင်းနိုင်ငံက အမေရိကန်ကုန်စည် ၉၀ ရာခိုင်နှုန်းထိ သွင်းကုန်ခွန်ပယ်ဖျက်သွားရန် ကတိပြုခဲ့ပါကြောင်း၊ နောက်ဆုံးသဘောတူညီချက်ကို ရောက်ရှိပါက စာချုပ်ကို ထိုင်းလွှတ်တော်သို့တင်ပြပြီး ခွင့်ပြုချက်ရယူသွားမည်ဖြစ်ကြောင်း၊ ထိုင်းဈေးကွက်ကို အမေရိကန်မော်တော်ယာဉ် ဈေးကွက်သို့ ဖွင့်လှစ်နိုင်ရန် ထိုင်းနိုင်ငံသို့ တင်သွင်းထားခြင်းမရှိသေးသည့် အမေရိကန်ကုန်စည်အချို့အပေါ်တွင်လည်း သုညရာခိုင်နှုန်းဖြင့် ဝင်ရောက်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ အမေရိကန်ကုန်စည်များအပေါ် သွင်းကုန်အခွန်သုညရာခိုင်နှုန်းညှိနှိုင်းခဲ့သည့်မူမှာ ပြည်တွင်း၌ ထုတ်လုပ်မှုမလုံလောက်သောကြောင့် ထိုင်းနိုင်ငံအနေဖြင့်လည်း တင်သွင်းရန်လိုအပ်သည့် ကုန်စည်များအပေါ်သာလျှင်ဖြစ်ကြောင်း၊ ထရမ့်၏အခွန်သည် အကြပ်အတည်းတစ်ခုဖြစ်သကဲ့သို့ ထိုင်းနိုင်ငံအတွက် နိုင်ငံ၏ယှဉ်ပြိုင်မှုကို တိုးမြှင့်၍ လက်ခံရန်အခွင့်အလမ်းလည်းရှိပါကြောင်း၊ နိုင်ငံတိုင်းတွေ့ကြုံရသည်ဖြစ်ရာ အခြေအနေကို နားလည်လက်ခံပြီး တူညီသည့်ဦးတည်ရာကို ရွေ့လျားရန်ဖြစ်ကြောင်း၊ ၁၀၀ ရာခိုင်နှုန်းရရှိရန် မမျှော်လင့်နိုင်ခြင်းမှာ ရလဒ်သုညဖြစ်သည့် ကစားပွဲတစ်ခုဖြစ်သောကြောင့်ဖြစ်ကြောင်း ဝန်ကြီးက သုံးသပ်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ၏ စီးပွားရေးသည် ပို့ကုန်အပေါ် ၅၈ ရာခိုင်နှုန်းထိ မှီခိုနေရပြီး ထိုင်းပို့ကုန်များ၏ ၁၇ ရာခိုင်နှုန်းသည် အမေရိကန်သို့တင်ပို့သည့် ပို့ကုန်များဖြစ်ကြောင်း၊ အမေရိကန်နှင့်ညှိနှိုင်းမှုသည် နှစ်နိုင်ငံအကျိုးကျေးဇူးနှင့် မျှတမှုရှိပြီး ရလဒ်သည် ရေရှည်တည်တံ့သွားမည်ဖြစ်ရာ ကာလတိုအတွက်ဖြေရှင်းခြင်းမဟုတ်ဘဲ စိန်ခေါ်မှုရှိသော လုပ်ငန်းဖြစ်ကြောင်း၊ အမေရိကန်သည် တစ်နှစ်လျှင် ထိုင်းနှင့် ကုန်သွယ်မှုလိုငွေ အမေရိကန်ဒေါ်လာ ၃၀ ဘီလီယံဖြစ်ပေါ်နေသောကြောင့် အမေရိကန်ကုန် စည်များကို ထိုင်းဈေးကွက်အတွင်းသို့ ဖွင့်လှစ်ပေးရမည်ဖြစ်ကြောင်း၊ ကုန်သွယ်မှုလိုငွေ၏သုံးပုံတစ်ပုံသည် အမေရိကန်ကုမ္ပဏီများက ထိုင်းနိုင်ငံတွင်ထုတ်လုပ်သည့် Notebook ကွန်ပျူတာကဲ့သို့သော အီလက်ထရောနစ်ထုတ်ကုန်များဖြစ်ကြောင်း၊ အဆိုပါကုမ္ပဏီများသည် ထိုင်းနိုင်ငံတွင် လုပ်ငန်းလည်ပတ်နေသည်မှာ နှစ်ပေါင်း ၂၀၊ ၃၀ ရှိပြီဖြစ်ကြောင်း၊ အမေရိကန်တွင် လွယ်လွယ်ကူကူအစားထိုးမရသည့် အရည်အချင်းပြည့်မီသော လုပ်သားအင်အားနှင့် ခိုင်မာသောထောက်ပံ့မှုကွင်းဆက်ရှိသောကြောင့်ဖြစ်ကြောင်း၊ ထိုင်းနိုင်ငံပြည်ပတွင် ပြန်လည်နေရာချထားရန်မှာ မဖြစ်နိုင်ပါကြောင်း၊ အဆိုပါထုတ်ကုန်များကို အမေရိကန်သို့တင်ပို့၍ အမေရိကန်၏ ဉာဏ်ရည်တုစက်မှုလုပ်ငန်းများတွင် အသုံးပြုကြောင်း ဝန်ကြီး Mr. Pichai က ဖြည့်စွက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံသည် အမေရိကန်ရှိ လူနှင့် တိရစ္ဆာန်အစားအစာထုတ်လုပ်သည့် ကဏ္ဍကဲ့သို့သော စိုက်ပျိုးရေးကဏ္ဍ၊ စွမ်းအင်ရင်းမြစ်ဖွံ့ဖြိုးမှုတို့တွင် ရင်းနှီးမြှုပ်နှံသွားမည်ဖြစ်ကြောင်း၊ အမေရိကန်ရှိ သဘာဝဓာတ်ငွေ့ဈေးနှုန်းအခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဈေးနှုန်းနည်းပါပြီး ဘီတီယူ(British ther-mal unit-BTU)၁ သန်းလျှင် အမေရိကန်ဒေါ်လာ ၂ ဒေါ်လာမှ ၃ ဒေါ်လာကြားရှိသော်လည်း နိုင်ငံ တကာဈေးကွက်တွင် အမေရိကန်ဒေါ်လာ ၁၁ ခန့်ရှိကြောင်း၊ ပြည်တွင်းစီးပွားရေးအပေါ် မှီခိုမှုကို တိုးမြှင့်စေလိုပြီး နိုင်ငံတကာသို့ရောင်းချမည့် ကုန်စည်များထုတ်လုပ်ရာ တွင် ပြည်တွင်းရင်းမြစ်ပါဝင်မှုကိုမြှင့်တင်ရန်နှင့် ဈေးကွက်ခွဲဖြာရန်ဖြစ်ကြောင်း၊ ညှိနှိုင်းမှုများတွင် ပထဝီဝင်နိုင်ငံရေးပြဿနာများလည်းပါဝင်ရာ ယင်းသည် တတိ ယနိုင်ငံကို ပြောင်းပြန်သက်‌ရောက်မှုရှိပါက ထည့်သွင်းစဉ်းစားမည်ဖြစ်ပြီး နိုင်ငံခြားပဋိပက္ခကို ကိုယ်ပိုင်နယ်နိမိတ်သို့ ဆောင်ယူလာမည်မဟုတ်ကြောင်း Mr. Pichai က ဆက်လက် ပြောကြားခဲ့သည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News