International News

ထိုင်းနိုင်ငံ ထုတ်လုပ်သူများတွင် အမေရိကန်စည်းကြပ်မှုမှ ကြီးမားသော ရိုက်ခတ်မှုခံရနိုင်

Last Updated:

ထိုင်းကုန်စည်များအပေါ် အခွန် ၃၆ ရာခိုင်နှုန်းကောက်ခံမည့် အမေရိကန်၏ အဆို ပြုချက်သည် ထိုင်းနိုင်ငံထုတ်လုပ်မှုကဏ္ဍကိုဖိအားဖြစ်စေပြီး အလုပ်သမားများ သည်လည်း အလုပ်ဆုံးရှုံးနိုင်ဖွယ်ရှိကြောင်း Employers’ Confederation of Thai Trade and Industry(EconThai)က သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

ဩဂုတ်လ ၁ ရက်နေ့တွင် စတင်ကောက်ခံမည့်နှုန်းထားသည် အရှေ့တောင်အာရှတွင် ထိုင်းနိုင်ငံ၏ပြိုင်ဘက်ဖြစ်သောဗီယက်နမ်ထုတ်ကုန်များအပေါ်ကောက်ခံမည့် ၂၀ ရာခိုင်နှုန်း၊ မလေးရှားကုန်စည်များအပေါ် ကောက်ခံမည့် ၂၅ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှားသွင်းကုန်များအပေါ်ကောက်ခံမည့် သွင်းကုန်ခွန် ၃၂ ရာခိုင်နှုန်းတို့ထက် ပိုမို မြင့်မားပါကြောင်း၊ ပို့ကုန်လုပ်ငန်းရှင်များသည် ပထမဦးစွာထိခိုက်မည့်ကဏ္ဍဖြစ်ပြီး ပို့ကုန်တန်ဖိုးသည် အဆိုပြုအခွန်နှုန်းထားအသက်မဝင်မီမှာပင် ယခုလအတွင်း ၅၀ ရာခိုင်နှုန်းကျော်ကျဆင်းနိုင်ကြောင်း၊ ယင်းသည် စက်ရုံလုပ်သားများ၌ ၂၀၂၅ ခုနှစ် ဒုတိယနှစ်ဝက်တွင် ထိခိုက်နိုင်သည်ဟုဆိုလိုပါကြောင်း၊ ထိုင်းလုပ်သားများစွာသည် အလုပ်ဆုံးရှုံးနိုင်ဖွယ်ရှိပြီး အလုပ်လက်မဲ့ဖြစ်မှုသည် ၂၀၂၆ ခုနှစ်အထိ လုပ်သားဈေးကွက်ကို အဟန့်အတားဖြစ်စေမည်ဖြစ်ကြောင်း EconThai ဒုတိယဥက္ကဋ္ဌနှင့် နိုင်ငံအဆင့်အလုပ်သမားဖွံ့ဖြိုးတိုးတက်မှုအကြံပေးကောင်စီဥက္ကဋ္ဌ Mr. Tanit Sorat က သုံးသပ်ပြောကြားခဲ့သည်။

အပြန်အလှန်အခွန်မြင့်တက်ခြင်းသည် တာယာများ၊ လေအေးပေးစက်များ၊ အိမ်အသုံးအဆောင်ပစ္စည်းများ၊ အီလက်ထရောနစ်ထုတ်ကုန်များနှင့် ပြုပြင်ပြီးစိုက်ပျိုး ရေးထုတ်ကုန်များအပါအဝင် စက်မှုနယ်ပယ်များစွာမှ ထုတ်လုပ်သူများ၏ ထုတ် လုပ်မှုကိုလျှော့ချရန် တွန်းအားဖြစ်စေပါကြောင်း၊ ယင်းထုတ်ကုန်များကို ထိုင်းနိုင်ငံအတွက် အဓိကဈေးကွက်ဖြစ်သည့် အမေရိကန်သို့ တင်ပို့ပါကြောင်း၊ ဗီယက်နမ်၊ မလေးရှားနှင့် အင်ဒိုနီးရှားတို့နှင့် ခက်ခဲသောယှဉ်ပြိုင်မှုများနောက်တွင် စက်ရုံများ သည် ရေတို၌ အလုပ်သမားများလျှော့ချနိုင်ကြောင်း၊ ပို့ကုန်များနှေးကွေးပြီး ထုတ် လုပ်မှုကဏ္ဍလည်း အရှိန်လျော့လာနိုင်သကဲ့သို့ အလုပ်လုပ်ကိုင်နှုန်းသည်လည်း အရှိန်ကျဆင်းလာနိုင်ကြောင်း ၎င်းက ဖြည့်စွက်သုံးသပ်ထားသည်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏ အခွန်သည် ၃၆ ရာခိုင်နှုန်းတွင်ရှိနေပါက ထိုင်းနိုင်ငံ၏ GDP တိုးတက်မှုသည် ၀.၇ ရာခိုင်နှုန်းမှ ၁.၄ ရာခိုင်နှုန်းကြား ကျဆင်းနိုင်ပြီး နှစ်စဉ်ပို့ကုန်သည်လည်း ၂ ရာခိုင်နှုန်းကျဆင်းနိုင်ကြောင်း၊ ယခုနှစ် စီးပွား ရေးတိုးတက်မှုနည်းသော်လည်း စီးပွားရေးကဏ္ဍသည် ရပ်တည်နိုင်မည်ဟုယုံကြည် သော်လည်း ယင်းအခြေအနေသည် ၂၀၂၆ ခုနှစ်အထိ ဆက်လက်တည်ရှိသွားမည်ဆိုပါက မည်သို့ဆက်လက်ဖြစ်ပွားမည်ကိုမစဉ်းစားနိုင်ပါကြောင်း၊ရေရှည်တွင် ထိုင်း နိုင်ငံသည် အရှေ့တောင်အာရှ၌ ရင်းနှီးမြှုပ်နှံမှုဦးတည်ရာဆိုသည့် ပုံရိပ်ပျောက်ဆုံးနိုင်ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများသည် စွမ်းအင်နှင့်လုပ်ခလစာနည်းသည့် ဗီယက် နမ် သို့မဟုတ် အင်ဒိုနီးရှားသို့ ပြောင်းရွှေ့သွားနိုင်ကြောင်း Mr. Tanit က ဆက် လက်ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံအနေဖြင့် ပိုမိုနည်းသည့် အခွန်နှုန်းထားထိရောက်ရှိအောင် ကြိုးစားညှိနှိုင်းမည်ဟု ယုံကြည်ထားကြောင်း ထိုင်းစက်မှုလုပ်ငန်းအသင်းချုပ်ဥက္ကဋ္ဌ Mr. Kriengkrai Thiennukul က ပြောကြားခဲ့ပါသည်။

Source: www.bangkokpost.com

(သီတာဝင်း၊ စီးပွားရေးသံမှူး၊ ဗန်ကောက်မြို့)

Category: International News