ဗီယက်နမ်နိုင်ငံဘဏ္ဍာရေးဝန်ကြီးဌာနသည် ကမ္ဘောဒီးယားနိုင်ငံမှ ကုန် ပစ္စည်းအများအပြားအပေါ် သွင်းကုန်ခွန်ဖယ်ရှားရန် အမိန့်မူကြမ်းနှင့်ပတ်သက်၍ အကြံပြုချက်တောင်းခံထားကြောင်း The Saigon Times အွန်လိုင်းသတင်းဖော်ပြချက်အရ သိရှိရပါသည်။
အဆိုပါအမိန့်မူကြမ်းသည် ၂၀၂၅-၂၀၂၆ ခုနှစ်အတွင်း နှစ်နိုင်ငံကြား ကုန်သွယ်မှုသဘောတူညီချက်ကို မြှင့်တင်ရန် ရည်ရွယ်ပါကြောင်း၊ အတည်ပြုပါက အထူးဦးစားပေးသွင်းကုန်အကောက်ခွန်အစီအစဉ်တွင် စိုက်ပျိုးရေးထွက်ကုန်များ၊ ပင်လယ်စာ၊ သစ်၊ အထည်အလိပ်နှင့် ထုတ် လုပ်မှုသွင်းအားစုများအပါအဝင် ကမ္ဘောဒီးယားနိုင်ငံမှ ထုတ်ကုန်များကို စည်းမျဉ်းများနှင့်ကိုက်ညီပြီး စာရွက်စာတမ်းများပြည့်စုံပါက ဗီယက်နမ်နိုင်ငံသို့ အခွန်ကင်းလွတ်ခွင့်ရရှိနိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
အဆိုပါအပြန်အလှန်သွင်းကုန်ခွန်မူဝါဒသည် ကမ္ဘောဒီးယားသို့ ဗီယက် နမ်တင်ပို့မှုအပေါ် သက်ရောက်မှုရှိမည်ဖြစ်ကြောင်း ဝန်ကြီးဌာနက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
အကောက်ခွန်သုညရာခိုင်နှုန်းသို့လျှော့ချခြင်းမူဝါဒသည် အကောက်ခွန်ဆိုင်ရာလုပ်ထုံးလုပ်နည်းများကို ရိုးရှင်းစေသကဲ့သို့ တရားမဝင်နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှုမှ တရားဝင်လမ်းကြောင်းများဆီသို့ တွန်းအားပေးရန်ရည်ရွယ်ကြောင်း၊ ဗီယက်နမ်ကုမ္ပဏီများအနေဖြင့်လည်း ပို့ကုန်လုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများ ပိုမိုလွယ်ကူစွာရရှိစေပြီး အကျိုးအမြတ်များရရှိစေနိုင်ကြောင်း ဖော်ပြထားပါသည်။
သို့သော်လည်း ဈေးသက်သာသော ကမ္ဘောဒီးယားသွင်းကုန်များသည် ဗီယက်နမ်ဈေးကွက်တွင်များတွင် ပြိုင်ဆိုင်မှုပြင်းထန်လာနိုင်ကြောင်း၊ ဒေသတွင်းစီးပွာရေးပေါင်းစည်းမှုတိုးလာသည်နှင့်အမျှ ဗီယက်နမ်၏ စိုက်ပျိုးရေးကဏ္ဍသည် သိသာထင်ရှားသော စိန်ခေါ်မှုများနှင့် ရင်ဆိုင်ရနိုင်ဖွယ်ရှိကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။
၂၀၂၆ နှစ်ကုန်အထိ အကျိုးသက်ရောက်မည့် အဆိုပါအမိန့်မူကြမ်းသည် အာဆီယံကုန်စည် ကုန်သွယ်မှုသဘောတူညီချက်(ATIGA)အရ ဗီယက် နမ်၏ကတိကဝတ်များကို ဖြည့်ဆည်းခြင်းဖြစ်ကြောင်းနှင့် ၂၀၂၆ ခုနှစ်တွင် ကမ္ဘောဒီးယားနှင့် နှစ်စဉ်ကုန်သွယ်မှုပမာဏကို အမေရိကန်ဒေါ်လာဘီလီယံ ၂၀ မြှင့်တင်နိုင်ရန် နှစ်နိုင်ငံရည်မှန်းချက်ကို ပံ့ပိုးပေးမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
ဗီယက်နမ်နိုင်ငံနှင့် ကမ္ဘောဒီးယားနယ်စပ်သည် ကီလိုမီတာ ၁၁၀၀ ကျော်ရှိပြီး တရားဝင်အချက်အလက်များအရ ၂၀၂၃ ခုနှစ်တွင် နှစ်နိုင်ငံကုန်သွယ်မှုသည် အမေရိကန်ဒေါ်လာ ၁၀.၅ ဘီလီယံခန့်ရှိခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာနသည် လက်ရှိတွင် မူဝါဒကိုအပြီးသတ်ခြင်းမပြုမီ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာပြည်နယ်အာဏာပိုင်များနှင့် စီးပွားရေးအသင်းအဖွဲ့များထံမှ အကြံပြုချက်တောင်းခံလျက်ရှိကြောင်း ရေးသားဖော်ပြထားပါသည်။
Source: The Saigon Times
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)