International News

ဗီယက်နမ်နိုင်ငံတွင် ဓာတ်ဆီဈေးနှုန်းများမြင့်တက်ပြီး ဒီဇယ်ဈေးများကျဆင်း

Last Updated:

ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနတို့၏ ကြာသပတေးနေ့က ဈေးနှုန်းညှိနှိုင်းမှုအရ ဒီဇယ်ဈေးနှုန်းကျဆင်းချိန်တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းအနည်းငယ်မြင့်တက်ခဲ့ကြောင်း Vietnam News Agency သတင်းဖော်ပြချက်အရ သိရှိရပါသည်။

E5 RON 92 ဓာတ်ဆီဈေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၁၂၂ မြင့်တက်ခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၉,၄၀၁(အမေရိကန်ဒေါ်လာ ၀.၇၄)ဖြင့်လည်းကောင်း၊ RON95-III ဓာတ်ဆီဈေးနှုန်းသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၄၉ မြင့်တက်ခဲ့ပြီး ၁၉,၈၄၀ ဖြင့်လည်းကောင်း ရောင်းချပေးလျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဒီဇယ်ဈေးသည် တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၆၁ လျှော့ချ၍ ဗီယက်နမ်ဒေါင် ၁၉,၀၆၈ ဖြင့်လည်းကောင်း Kerosene တစ်လီတာလျှင် ဗီယက်နမ်ဒေါင် ၈၆ လျှော့ချ၍ ၁၈,၇၁၄ ဖြင့်လည်းကောင်းရောင်းချလျက်ရှိပြီး Mazut တစ်ကီလိုဂရမ်လျှင် ဗီယက်နမ်ဒေါင် ၁၅၄ မြင့်တက်ခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၅,၅၃၃ ရှိကြောင်း ဖော်ပြထားပါသည်။

ယခုအကြိမ်သည် နှစ်စမှစ၍ ၃၂ ကြိမ်မြောက် စက်သုံးဆီဈေးနှုန်းပြုပြင်ပြောင်းလဲမှုဖြစ်ပြီး အဆိုပါကာလအတွင်း RON95 ဓာတ်ဆီဈေးနှုန်းသည် ၁၇ ကြိမ်မြင့်တက်ခဲ့ပြီး ၁၅ ကြိမ်ကျဆင်းခဲ့ကြောင်း၊ ဒီဇယ်ဈေးမှာ ၁၆ ကြိမ်မြင့်တက်ခဲ့ပြီး ၁၅ ကြိမ်ကျဆင်းခဲ့ကြောင်းနှင့် ကျန် ၁ ကြိမ်မှာ ဈေးနှုန်းများ မပြောင်းလဲဘဲရှိနေပါကြောင်း ရေးသားဖော်ပြထားပါသည်။

အဆိုပါစက်သုံးဆီညှိနှိုင်းမှုအတွင်း အာဏာပိုင်များသည် စက်သုံးဆီအမျိုးအစားများအတွက် စက်သုံးဆီဈေးနှုန်းတည်ငြိမ်‌ရေးရန်ပုံငွေကို အသုံးမပြုရန် ဆုံးဖြတ်ခဲ့ကြောင်း သိရှိရပါသည်။

Source: Vietnam News Agency

(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)

Category: International News