အရှေ့အလယ်ပိုင်းဒေသမှ အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုသည် ၂၀၂၂ ခုနှစ် မတ်လက နိုင်ငံ၏ စုစုပေါင်းတင်သွင်းမှု၏ ၆၇ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၃ ခုနှစ် ဧပြီလတွင် ၄၄ ရာခိုင်နှုန်းသို့ ကျဆင်းသွားခဲ့ကြောင်း The Hindu Businessline သတင်းဌာနက ဖော်ပြသည်။ ၎င်းမှာ ၁ လအတွင်း ၂၅ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ခြင်းဖြစ်သည်။ အီရတ်၊ ဆော်ဒီအာရေဗျ၊ ကူဝိတ်နှင့် ယူအေအီး နိုင်ငံတို့သည် အိန္ဒိယနိုင်ငံသို့ အဓိက ရေနံစိမ်းတင်ပို့လျက်ရှိသော နိုင်ငံများဖြစ်ကြပြီး၊ အိန္ဒိယအနေဖြင့် ရုရှားနိုင်ငံမှ ဈေးသက်သက်သာသာဖြင့် ဝယ်ယူရရှိသော ရေနံစိမ်းများကို ပိုမိုတင်သွင်းလာသည့်အတွက်ဖြစ်ကြောင်း သိရသည်။ ရုရှားနိုင်ငံသည် အိန္ဒိယ၏ နဂိုမူလဖေါက်သည်ဟောင်းများနှင့်အပြိုင် အိန္ဒိယရေနံစိမ်းဈေးကွက်အား ထိုးဖေါက်ဝင်ရောက်နိုင်ရန် ကြိုးပမ်းလျက်ရှိပြီး၊ ကမ္ဘာ့တတိယအကြီးဆုံး ရေနံစိမ်းသုံးစွဲသောနိုင်ငံနှင့် ကမ္ဘာ့စတုတ္ထမြောက်အကြီးဆုံးရေနံသန့်စင်သည့်နိုင်ငံတစ်ခုအဖြစ်သို့ ရောက်ရှိလာလျက်ရှိသည်ဟု ကျွမ်းကျင်သူများက ပြောကြားသည်။
အိန္ဒိယနိုင်ငံစီးပွားရေးဝန်ကြီးဌာနမှရရှိသော အချက်အလက်များအရ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်အတွင်း အရှေ့အလယ်ပိုင်းဒေသမှ အိန္ဒိယနိုင်ငံသို့ ရေနံစိမ်းတင်ပို့မှုပမာဏသည် စုစုပေါင်းရေနံစိမ်းတင်သွင်းမှု၏ ၅၈ ဒဿမ ၁၆ စည်ရှိပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၅၈ ဒဿမ ၃ ဘီလီယံရှိကြောင်း သိရသည်။ ၂၀၂၁ ခုနှစ်ဘဏ္ဍာနှစ်က ရုရှားနိုင်ငံမှ ရေနံစိမ်းတင်ပို့မှုသည် အိန္ဒိယနိုင်ငံ၏ စုစုပေါင်းရေနံစိမ်းတင်သွင်းမှု၏ ၁ ဒဿမ ၅ ရာခိုင်နှုန်း သို့မဟုတ် တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဘီလီယံအောက်တွင်ရှိခဲ့ရာမှ ဆက်လက်၍ ဘဏ္ဍာနှစ် နှစ်နှစ်ဆက်တိုက် သိသိသာသာတိုးတက်လာခဲ့ကြောင်း သိရသည်။ ၂၀၂၂ ဘဏ္ဍာနှစ်တွင် ၂ ရာခိုင်နှုန်းတိုးတက်ခဲ့ပြီး စုစုပေါင်းရေနံစိမ်းတင်သွင်းမှုတန်ဖိုး ၁၂၀ ဒဿမ ၇ ဘီလီယံတွင် ရုရှား၏တင်သွင်းမှုတန်ဖိုးမှာ ၂ ဒဿမ ၄၇ ဘီလီယံခန့်ရှိခဲ့သည်။ ၂၀၂၃ ခုနှစ် ဘဏ္ဍာနှစ်တွင်မူ ရုရှားနိုင်ငံမှ ရေနံစိမ်းတင်သွင်းမှုတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၃၁ ဒဿမ ၀၂ ဘီလီယံထိတိုးတက်လာခဲ့ပြီး၊ အိန္ဒိယနိုင်ငံ၏ စုစုပေါင်းရေနံစိမ်းတင်သွင်းမှုတန်ဖိုး၏ ၁၉ ဒဿမ ၆ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့သည်ဟု ဖော်ပြထားသည်။
ဇစ်မြစ်။ The Hindu Businessline
(စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)