International News

အိန္ဒိယတွင်  တောင်သူလယ်သမားများအနေဖြင့် ပဲမျိုးစုံနှင့် ဝါများအတွက် အနိမ့်ဆုံးပံ့ပိုးဈေးနှုန်းရရှိစေရန်  သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသည့် သီးနှံအမျိုးအစားများ ပြောင်းလဲစိုက်ပျိုးရန် လိုအပ်

Last Updated:

နိုင်ငံတစ်ဝှမ်းရှိ တောင်သူများအနေဖြင့် ရေသုံးစွဲမှုများသည့် စပါးအမျိုးအစားများအစား သဘာဝပတ်ဝန်းကျင်နှင့်လိုက်လျောညီထွေရှိသည့် အခြားသီးနှံများကို လှည့်ပြောင်း၍ စိုက်ပျိုးမည်ဆိုပါက ပြောင်းနှင့် ဝါမှအပ မတ်ပဲ၊ ပဲတီစိမ်း၊ ပဲစင်းငုံတို့အပါအဝင် ပဲမျိုးစုံကို အနိမ့်ဆုံးပံ့ပိုးဈေးနှုန်း(MSP) ဝယ်ယူရန်အဆင်သင့်ဖြစ်နေပြီဟု အစိုးရတာဝန် ရှိသူတစ်ဦးက သောကြာနေ့က ပြောကြားခဲ့ကြောင်းနှင့် ၎င်းသည် 'Bharat' အမှတ်တံဆိပ်အောက်တွင် မတ်ပဲကို စားသုံးသူများအား သက်သာသည့် စျေးနှုန်းများဖြင့် စတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရှိရသည်။

အဆိုပါအရာရှိက တောင်သူများ၏ ထုတ်ကုန်ပစ္စည်းများအား MSP ဖြင့် ငါးနှစ်တာ ဝယ်ယူဖို့ အာမခံချက်ပေးထားကြောင်း၊ ယင်းဆောင်ရွက်ချက်သည် လယ်သမားများအား အခြားသီးနှံများအား လှည့်ပြောင်းစိုက်ပျိုး‌စေရန် အားပေးမှုဖြစ်စေမည်ဖြစ်ပြီး ဒေသအများအပြားတွင် မြေအောက်ရေပမာဏ ပုံမှန်အတိုင်းပြန်လည်ရရှိစေရန် ကူညီပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယဗဟိုအစိုးရသည် လွန်ခဲ့သည့်လကတည်းက ဆန္ဒပြနေသည့် ပန်ဂျပ်နှင့်ဟာရီနာပြည်နယ်မှ လယ်သမားများအား သီးနှံ ၂၂ မျိုးအတွက် အနိမ့်ဆုံးထောက်ပံ့စျေးနှုန်းများအတွက် တရားဝင်အာမခံချက်ပေးရန် ဤအဆိုပြုချက်ကို ကနဦးတွင် ကမ်းလှမ်းခဲ့သည်။

စီမံချက်၏ တစ်စိတ်တစ်ပိုင်းအနေဖြင့်၊ အိန္ဒိယအမျိုးသားစားသုံးသူရေးရာသမဝါယမအဖွဲ့ချုပ် (NCFF)နှင့် အိန္ဒိယအမျိုးသားသမဝါယမနှင့်ဈေးကွက်ရှာဖွေရေးအဖွဲ့ချုပ်(NAFED)ကဲ့သို့သော အစိုးရသမဝါယမအေဂျင်စီများသည် သဘာဝပတ်ဝန်းကျင်နှင့် ကိုက်ညီမှုမရှိသည့် သီးနှံများအား ပြောင်းလဲစိုက်ပျိုးမည့်လယ်သမားများထံမှ ပြောင်း၊ ဝါနှင့် ပဲမျိုးစုံတို့ကို MSP ဖြင့်ဝယ်ယူရန် သဘောတူညီချက်များ လက်မှတ်ရေးထိုးမည်ဖြစ်သည်။

သီးနှံဝယ်ယူရေးလုပ်ငန်းစဉ်များ လွယ်ကူချောမွေ့စေရန်၊ ပွင့်လင်းမြင်သာမှုရှိပြီး တောင်သူလယ်သမားများကိုယ်တိုင် နိုင်ငံသားစိစစ်ရေးကဒ်(Aadhaar)ကိုအသုံးပြု၍ မှတ်ပုံတင်ပြီး လွယ်ကူစွာအသုံးပြုနိုင်မည့် အချက် အလက်ဝဘ်ဆိုဒ်(Portal)တစ်ခုကို လွှင့်တင်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းနှင့် ဝယ်ယူမှုပမာဏကိုလည်း ကန့်သတ်ထားမည်မဟုတ်ကြောင်း အဆိုပါအရာရှိက ဆက်လက်ပြောကြားသည်။

အစိုးရသည် အချက်အလက်ဝဘ်ဆိုဒ်(Portal)တွင် တောင်သူများ၏ ထွန်ယက်စိုက်ပျိုးနိုင်သောမြေ၊ သီးနှံစိုက်ပျိုးမှု၊ ၎င်းတို့၏မြေနေရာနှင့်စပ်လျဉ်း၍ ရာသီဥတုခန့်မှန်းချက်၊ တောင်သူများမှတ်ပုံတင်ရေးနှင့် တစ်ခုတည်းသောအကျိုးခံစားခွင့်သတင်းအချက်အလက်စနစ်(အသီးအနှံများ)ဆိုင်ရာ အချက်အလက်များကို စုစည်းဖော်ပြနိုင်ရန်လည်း ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ ၎င်းသည် လယ်သမားများအတွက် အမျိုးမျိုးသောစီမံချက်များကို အကောင်အထည်ဖော်ရာတွင် ပိုမိုလွယ်ကူစွာအထောက်အကူဖြစ်စေမည်ဖြစ်ကြောင်းနှင့် ဗဟိုအစိုးရသည် ကောက်ပဲသီးနှံနှင့်အထွက်နှုန်းခန့်မှန်းချက်ဆိုင်ရာ အချက်အလက်များကို ပိုမိုတိကျစွာ စုဆောင်းနိုင်မည်ဖြစ် ကြောင်း အဆိုပါအရာရှိက ပြောကြားခဲ့သည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံတွင် ကောက်ပဲသီးနှံများအတွက် အနိမ့်ဆုံးပံ့ပေးသတ်မှတ်ဈေးနှုန်းအား အစိုးရမှအာမခံပေးရန် တောင်သူများမှဆန္ဒပြလျက်ရှိရာ အစိုးရ၏သီးနှံစိုက်ပျိုးရေးမူဝါဒများနှင့်အညီ အပေးအယူလုပ်၍ ညှိနှိုင်းဆောင်ရွက်နေမှုအခြေအနေများအား သိရှိနိုင်ပါရန်နှင့် လယ်ယာစိုက်ပျိုးရေးတွင် ဒီဂျစ်တယ်နည်းပညာများအသုံးပြု၍ အချက်အလက်များရယူအကောင်အထည်ဖော်ဆောင်ရွက်သွားမည့် အစီအစဉ်များကို သိရှိလေ့လာဆောင်ရွက်နိုင်ရေး တင်ပြလိုက်ရပါသည်။

Source: Crop diversification to fetch farmers MSP for pulses, cotton, The Economic Times, March 8, 2024.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News