Local News

ကြက်သွန်ဖြူများ ယခင်နှစ်ထက် စျေးကောင်းရရှိ

Last Updated:

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်တွင် သီးနှံမျိုးစုံစိုက်ပျိုးလျက်ရှိရာ စားဖိုဆောင်သီးနှံတစ်မျိုးဖြစ်သည့် ကြက်သွန်ဖြူသီးနှံကိုလည်း စိုက်ပျိုးလျက်ရှိပါသည် ။ ခရိုင်အတွင်းတွင် ကြက်သွန်ဖြူ စိုက်ဧက(၁၈၆)ဧက စိုက်ပျိုးထားရှိပြီး ယခု မတ်လဆန်းမှစတင်၍ ရိတ်သိမ်းလျက်ရှိပါသည်။ကြက်သွန်ဖြူစိုက်ပျိုးမှု (၁)ဧက ကုန်ကျစရိတ်အနေဖြင့်မျိုး၊ သွင်းအားစု၊ လုပ်သားခအပါအဝင် စုစုပေါင်း(၁၂၃၀၀၀၀/-)ကျပ်ခန့်ကုန်ကျကြောင်း ၊ မျိုးအနေဖြင့် ဗမာ ကြက်သွန်ဖြူ မျိုးများကိုသာ အများဆုံးစိုက်ပျိုးကြပါသည်။(၁)ဧက ကြက်သွန်ဖြူစိုက်ပျိုးရာတွင် မျိုးအနေဖြင့် ပိဿာ(၆၀)ခန့် ကုန်ကျကြောင်း၊ ဝယ်ယူပြီး စိုက်ပျိုးမည်ဆိုပါက ကုန်ကျစရိတ် ပိုမိုကုန်ကြမည်ဖြစ်ကြောင်း၊တောင်သူ အများစုမှာ မိမိလယ်တောအတွက် စိုက်ပျိုးရန်မျိုးကို အမြဲချန်ထားရကြောင်း၊ အထွက်နှုန်းအနေဖြင့် (၁၅၀၀)ပိဿာခန့် ထွက်ရှိကြောင်း၊ စျေးနှုန်း အနေဖြင့် ယခုနှစ် ကြက်သွန်ဖြူထွက်ပေါ်ချိန်တွင် အကြီး (၁၅၀၀၀/-)ကျပ်၊ အလတ်(၈၀၀၀/-)ကျပ်၊ အသေး(၆၀၀၀/-)ကျပ်စျေးနှုန်းများဖြင့် ရောင်းဝယ်လျက်ရှိပါသည်။ ယခင်နှစ်တွင် ဗမာကြက်သွန်ဖြူပေါ်ချိန်တွင်(၁)ပိဿာလျှင်(၈၀၀၀/-)ကျပ်၊ ရှမ်းကြက်သွန်ဖြူ (၁)ပိဿာလျှင် (၇၀၀၀/-) ကျပ်ဖြင့်ရောင်းဝယ်ခဲ့ပြီး ယခုနှစ်ပေါ်ချိန်တွင် ဗမာကြက်သွန်ဖြူ(၁)ပိဿာလျှင် (၁၈၅၀၀/-)၊ ရှမ်းကြက်သွန်ဖြူ(၁)ပိဿာလျှင်(၁၄၅၀၀/-)ကျပ်ဖြင့် ရောင်းဝယ်လျက်ရှိကြောင်း၊ အိမ်ရှင်မများအနေဖြင့် ကြက်သွန်ဖြူကို ရွေးချယ်အသုံးပြုရာတွင် အခွံပါး၍ ပိုမိုမွှေးသောကြောင့် ဗမာကြက်သွန်ဖြူကို အသုံးများပါသည်။ ကြက်သွန်ဖြူသည် အိမ်ရှင်မများ ကြော်လှော်ချက်ပြုတ်ရာတွင် မပါမဖြစ်သောသီးနှံတစ်မျိုးဖြစ်ပြီး တောင်သူများအတွက်လည်း ယခင်နှစ်ထက် စျေးနှုန်းကောင်းမွန်သောကြောင့် အကျိုးအမြတ်များပိုမိုရရှိကြောင်း ကြက်သွန်ဖြူစိုက်ပျိုးသော တောင်သူတစ်ဦး၏ ပြောကြားချက်အရ သိရှိရပါသည်။

Source: https://www.doca.gov.mm

Category: Local News