International News

ဂျပန်အစိုးရအနေဖြင့် လျှပ်စစ်ယာဉ်နှင့် ချပ်စ်ထုတ်လုပ်သူများအတွက် အခွန်ကင်းလွတ်ခွင့် ၁၀ နှစ် ခွင့်ပြုသွားမည်

Last Updated:

ဂျပန်အစိုးရအနေဖြင့် လျှပ်စစ်ယာဉ်နှင့် တစ်ပိုင်းလျှပ်ကူးပစ္စည်းကဲ့သို့သောကဏ္ဍများအပါအဝင် ကဏ္ဍ ၅ ခုတွင် အမြောက်အများထုတ်လုပ်မှုကို တွန်းအားပေးနိုင်ရန်ရည်ရွယ်၍ ၁၀ နှစ် အခွန်ကင်းလွတ်ခွင့်ပြုသွားရန် စီစဉ်လျက်ရှိကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် အာဏာရလစ်ဘရယ်ဒီမိုကရက်တစ်ပါတီအနေဖြင့် ယခုအပတ်အတွင်း အပြီးထုတ်ပြန်မည့် ၂၀၂၄ ဘဏ္ဍာနှစ်အတွက် အခွန်ဆိုင်ရာပြုပြင်ပြောင်းလဲမှုအစီအမံများတွင် အဆိုပါအစီအစဉ်ကို ထည့်သွင်းထုတ်ပြန်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွက် မဟာဗျူဟာကျသည့်ကဏ္ဍများတွင် ပြည်တွင်းထုတ်လုပ်မှုမြှင့်တင်နိုင်ရေးအတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ထုတ်လုပ်မှုနှင့် ရောင်းအားအပေါ်မူတည်၍ အခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ ရေရှည်တည်တံ့သည့် လေယာဉ်ဆီထုတ်လုပ်မှုကဏ္ဍ၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြု၍ သံမဏိထုတ်လုပ်သည့်ကဏ္ဍ(Green Steel)နှင့်စွန့်ပစ်ပစ္စည်းများကို ပြန်လည်အသုံးပြုခြင်းနှင့် အပင်များကို အသုံးပြု၍ ဓာတုပစ္စည်းများထုတ်လုပ်သည့်လုပ်ငန်းများ(Green Chemicals)ကိုလည်း အခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများအား နှစ်စဉ်ပေးဆောင်ရသည့် ဝင်ငွေခွန်မှ ၂၀ ရာခိုင်နှုန်းအထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ပြီး၊ အခြားသောကဏ္ဍများအား ၄၀ ရာခိုင်နှုန်းအထိ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ဝင်ငွေခွန်ကင်းလွတ်ခွင့်ပြုသည့်ကာလတွင် အရှုံးပေါ်သဖြင့် ကင်းလွတ်ခွင့်ဆိုင်ရာ အခွင့်အရေးများမရရှိပါက အသုံးမပြုဖြစ်သည့်ပမာဏအား လာမည့်နှစ်တွင် အသုံးပြုနိုင်မည်ဖြစ်ကြောင်း၊ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် လုပ်ငန်းများအတွက် ၃ နှစ်အထိ အခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ပြီး၊ အခြားသောလုပ်ငန်းများအတွက် ၄ နှစ်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

လျှပ်စစ်ယာဉ်တစ်စီးလျှင် ယန်း ၄၀၀,၀၀၀(အမေရိကန်ဒေါ်လာ ၂,၇၄၉)၊ ရေရှည်တည်တံ့သည့် လေယာဉ်ဆီထုတ်လုပ်မှုအတွက် တစ်လီတာလျှင် ၃၀ ယန်း၊ ပြန်လည်ပြည့်ဖြိုးမြဲစွမ်းအင်အသုံးပြု၍ သံမဏိထုတ်လုပ်မှု(Green Steel)အတွက် တစ်တန်လျှင် ယန်း ၂၀,၀၀၀ အခွန်ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ စီးပွားရေးလုပ်ငန်းများမှ လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်(Business Plan)တင်ပြပြီး အစိုးရက အတည်ပြုပြီးသည်နှင့် အဆိုပါအစီအစဉ်အရ ၁၀ နှစ်ခံစားခွင့်ရှိမည်ဖြစ်ပြီး၊ လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၆ ဘဏ္ဍာနှစ်ကုန်တွင် လုပ်ငန်းဆောင်ရွက်မည့်အစီအစဉ်များကို နောက်ဆုံးထားတင်ပြရမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။ ထို့အတူ အစိုးရအနေဖြင့် နိုင်ငံအတွင်း သုတေသနနှင့်ဖွံ့ဖြိုးမှုလုပ်ငန်းများကို ဆွဲဆောင်နိုင်ရန်အတွက် အဆိုပါလုပ်ငန်းဆောင်ရွက်မည့်သူများအား အခွန်ကင်းလွတ်ခွင့်ပြုမည့် “Innovation Box” အစီအစဉ်လည်း ထည့်သွင်းပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် တီထွင်မှုမူပိုင်ခွင့်ဆိုင်ရာ လွှဲပြောင်းမှုများနှင့် ခွင့်ပြုမိန့်ပေးခြင်းကဲ့သို့သောကိစ္စရပ်များမှ ဝင်ငွေများရရှိမည်ဆိုပါက အဆိုပါရငွေ၏ ၃၀ ရာခိုင်နှုန်းကို အခွန်ပေးဆောင်ရမည့်ဝင်ငွေမှ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ အဆိုပါအခွင့်အရေးများကို ၂၀၂၄ ခုနှစ် ဧပြီလမှစတင်၍ ရရှိမည့် စာပေနှင့်အနုပညာမူပိုင်ခွင့်နှင့် တီထွင်မှုမူပိုင်ခွင့်များတွင် သုံးစွဲနိုင်မည်ဖြစ်ပြီး၊ ၂၀၂၅ ခုနှစ်၊ ဧပြီလမှစ၍ ၇ နှစ်အထိ ကင်းလွတ်ခွင့်ပြုသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်အစိုးရအနေဖြင့် လုပ်ငန်းအရွယ်အစားအပေါ်မူတည်၍ အခွန်ကောက်ခံသည့်ဒေသအလိုက် အခွန်ကောက်ခံသည့်စနစ်အား ပြင်ဆင်နိုင်မည့်လုပ်ငန်းစဉ်များကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါပြင်ဆင်မှုကြောင့် လုပ်ငန်းရှင်များအနေဖြင့် အခွန်ပမာဏပေးဆောင်ရမှုလျော့နည်းစေရန်အတွက် အရင်းအနှီးထည့်ဝင်မှုပမာဏကို လျှော့ချတင်ပြမှုများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

အသေးစားလုပ်ငန်းများအနေဖြင့် လုပ်ငန်းများပိတ်သိမ်းခြင်းအစား ၎င်းတို့၏မျိုးဆက်သစ်များကို လုပ်ငန်းလွှဲပြောင်းပေးနိုင်ရေး တွန်းအားပေးနိုင်ရန်ရည်ရွယ်၍ အခွန်ကင်းလွတ်ခွင့်ပြုခဲ့သည့်ကာလကိုလည်း မူလက ၂၀၂၄ ခုနှစ်၊ မတ်လအကုန်အထိသာ ခွင့်ပြုသွားမည်ဟု ထုတ်ပြန်ခဲ့သော်လည်း ယခုအခါ ၂၀၂၆ ခုနှစ်၊ မတ်လအထိ သက်တမ်းတိုးမြှင့်ပေးရန် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သည့် မော်တော်ကားထုတ်လုပ်ရာတွင် အသုံးပြုရသည့် တစ်ပိုင်းလျှပ်ကူးပစ္စည်းရရှိမှုအခက်အခဲကြောင့် ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုမှာ ရပ်တန့်ခဲ့မှုများဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအပေါ် များစွာသက်ရောက်မှုများဖြစ်ပေါ်ခဲ့သည်ကို တွေ့ရှိခဲ့ရပါသည်။ ထို့ကြောင့် ဂျပန်အစိုးရအနေဖြင့် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှင့် နိုင်ငံ၏အဓိကပို့ကုန်ဖြစ်သည့် မော်တော်ယာဉ်များ စဉ်ဆက်မပြတ်ထုတ်လုပ်နိုင်မှုသေချာစေရေးအတွက် တစ်ပိုင်းလျှပ်ကူးပစ္စည်းနှင့် နိုင်ငံအတွက်အရေးပါသည့် မဟာဗျူဟာထုတ်ကုန်များ ပြည်တွင်း၌ လုံလောက်စွာထုတ်လုပ်ရရှိထားနိုင်ရေးကို အမျိုးသားစီးပွားရေးလုံခြုံမှုအတွက် အရေးပါသည့်လုပ်ငန်းစဉ်တစ်ရပ်အဖြစ် မှတ်ယူကာ အလေးထားဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါသည်။ ထို့ကြောင့်ပင် ဂျပန်အစိုးရအနေဖြင့် နိုင်ငံအတွက် အရေးပါသည့်မဟာဗျူဟာထုတ်ကုန်များ နိုင်ငံအတွင်း အမြောက်အများထုတ်လုပ်မှုကို တွန်းအားပေးနိုင်ရန် ရည်ရွယ်၍ အခွန်ဆိုင်ရာ ကင်းလွတ်ခွင့်ပြုသည့်အစီအစဉ်များ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း သုံးသပ်တင်ပြလိုက်ရပါသည်။

Source: The Nikkei Asia (၁၃-၁-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News