International News

ဂျပန်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုမှာ စက်တင်ဘာလတွင် ၄.၃ ရာခိုင်နှုန်း မြင့်တက်ခဲ့

Last Updated:

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၏ပို့ကုန်တင်ပို့မှုမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄.၃ ရာခိုင်နှုန်းမြင့်တက်ခဲ့ပြီး ၃ လတာကာလအတွင်း ပထမဆုံးအကြိမ် ပြန်လည်မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း ဂျပန်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကနဦးထုတ်ပြန်ချက်များအရ သိရှိရကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ၉.၁၉ ထရီလီယံယန်း(အမေရိကန်ဒေါ်လာ ၆၁ ဘီလီယံ)တိုးတက်ခဲ့ပြီး သွင်းကုန်မှာ လောင်စာဆီဈေးနှုန်းကျဆင်းခဲ့မှုကြောင့် ၉.၁၃ ထရီလီယံယန်းရှိခဲ့ပြီး ၁၆.၃ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ထို့ကြောင့် ကုန်သွယ်မှုပိုငွေမှာ ၆၂.၄ ဘီလီယံယန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ပို့ကုန်မှာ အဓိကကုန်သွယ်မှုမိတ်ဖက်ဖြစ်သည့် တရုတ်အပါအဝင် ကမ္ဘာ့စီးပွားရေးကျဆင်းခဲ့မှုကြောင့် ၂၀၂၃ ခုနှစ် ဇူလိုင်လ၌ ၂ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် ကျဆင်းခဲ့ကြောင်းနှင့် ဩဂုတ်လ၌လည်း ဂျပန်နိုင်ငံ၏ပို့ကုန်မှာ ကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၏ ပို့ကုန်တင်ပို့မှုမြင့်တက်ခဲ့ရခြင်းမှာ အဓိကအားဖြင့် မော်တော်ယာဉ်တင်ပို့မှုမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ သို့သော် တရုတ်နိုင်ငံသို့ တင်ပို့မှုမှာ စက်တင်ဘာလအတွင်း ၆.၂ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး ၁၀ လဆက်တိုက်ကျဆင်းခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ကျဆင်းခဲ့ရခြင်းမှာ ဂျပန်နှင့်တရုတ် နှစ်နိုင်ငံ အပြန်အလှန်ကုန်သွယ်မှုဆိုင်ရာကန့်သတ်ချက်များ၏ သက်ရောက်မှုများဖြစ်ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံအနေဖြင့် ဇူလိုင်လနှောင်းပိုင်းတွင် တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် အဆင့်မြင့်စက်ပစ္စည်းများတင်ပို့မှုကို ထိန်းချုပ်ခဲ့ကြောင်း၊ ထို့အတူ ဩဂုတ်လနှောင်းပိုင်းတွင် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့မှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်အားလုံးတင်သွင်းမှုကို ယာယီရပ်ဆိုင်းခဲ့ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

ဂျပန်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လ ၂၃ ရက်နေ့မှစ၍ တစ်ပိုင်းလျှပ်ကူးပစ္စည်း (Semiconductor) ထုတ်လုပ်သည့် နည်းပညာမြင့်စက်ပစ္စည်းများအပါအဝင် ကုန်စည် ၂၃ မျိုးကို ပို့ကုန်ထိန်းချုပ်သည့်စာရင်းတွင် ထည့်သွင်းခဲ့ပြီးနောက်ပိုင်း တစ်ပိုင်းလျှပ်ကူးပစ္စည်း(Semiconductor) ထုတ်လုပ်သည့်စက်ပစ္စည်းများတင်ပို့မှုမှာ ကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် တရုတ်နိုင်ငံသို့ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်သည့် စက်ပစ္စည်းများတင်ပို့မှုမှာ ၅.၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ 

ဩဂုတ်လ ၂၄ ရက်နေ့တွင် ဖူကူရှီးမားနျူကလီးယားဓာတ်အားပေးစက်ရုံမှ သန့်စင်ပြီးရေများကို ပင်လယ်ထဲသို့ စွန့်ပစ်ခဲ့မှုကြောင့် တရုတ်နိုင်ငံအနေဖြင့် ဂျပန်နိုင်ငံမှ ရေထွက်ကုန်များအားလုံးကို တင်သွင်းမှုယာယီရပ်ဆိုင်းခဲ့သည့်အတွက် ဩဂုတ်လတွင် ဂျပန်နိုင်ငံမှ တရုတ်နိုင်ငံသို့ ရေထွက်ပစ္စည်းများတင်ပို့မှုမှာ ၇၆ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။ 

ဂျပန်နိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား အပြန်အလှန်ကုန်သွယ်မှုဆိုင်ရာ ကန့်သတ်မှုများကြောင့် နှစ်နိုင်ငံကုန်သွယ်မှုမှာ ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက စက်တင်ဘာလတွင် ၁.၃ ရာခိုင်နှုန်းကျဆင်းခဲ့သည်ကို တွေ့ရှိရပါသည်။ ၂၀၂၃ ခုနှစ် စက်တင်ဘာလတွင် ဂျပန်နိုင်ငံ၏အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံနှင့် ကုန်သွယ်မှုကျဆင်းခဲ့သော်လည်း အီရန်၊ ဆွစ်ဇာလန်၊ ချီလီ၊ ကနေဒါ၊ အမေရိကန်နှင့် အိန္ဒိယအစရှိသည့် ကုန်သွယ်ဖက်နိုင်ငံများသို့ တင်ပို့နိုင်မှုမှာ မြင့်တက်ခဲ့သည့်အတွက် စုစုပေါင်းတင်ပို့မှုပမာဏမြင့်တက်ခဲ့ရခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။

Source: The Nikkei Asia (၁၉-၁၀-၂၀၂၃)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News