Local News

ဈေးနှုန်းမြင့်၊ ဈေးကွက်ကောင်းနိုင်တဲ့ ထောပတ်သီးဈေးကွက်

Last Updated:

ယခုနှစ် ထောပတ်သီးရာသီအစတွင် ထောပတ်သီးဈေးကွက်မှာ ယခင်နှစ်ရာသီထက်ဈေး နှုန်းမြှင့်တက်နေပြီး၊ ဈေးကွက်ကောင်းနိုင်ကြောင်း  မြန်မာနိုင်ငံထောပတ်သီး တင်ပို့ရောင်းချသူများအသင်းမှ သိရှိရပါတယ်၊ လက်ရှိဈေးကွက်အစမှာ တစ်ကီလိုလျှင် ကြမ်းခင်းဈေး ၃၅၀၀ ကျပ်ရှိပြီး၊ ယခင်နှစ်ကတစ်ကီလို ၂၅၀၀ ကျပ်သာရှိခဲ့တာကြောင့်၊ ယခင်နှစ် ထောပတ်သီးရာသီအစနဲ့ နှိုင်းယှဉ်ပါ ကဈေးနှုန်းမြှင့်တက်လာကြောင်းသိရပါတယ်။ ရာသီအစတွင် ကြမ်းခင်းဈေးကတစ်ကီလို ၃၅၀၀ ကျပ် ရှိနေတာကြောင့် နောက်ပိုင်းမှာ ကြမ်းခင်းဈေးထက်မနည်းနိုင်ကြောင်း ပစ္စည်းကောင်းပါက ၆၀၀၀ကျပ် ၇၀၀၀ ကျပ် ဈေးထိဖြစ်သွားနိုင်တယ်လို့လည်းသိရပါတယ်၊  Hass အသီးတွေကတော့ အချို့နေရာများမှာသာ စတင်ဆွတ်ခူးနေကြပြီး၊ အတော်များများကတော့ မခူးနိုင်ကြသေးဘူးလို့လည်း သိရပါတယ်၊ ကမ်းလှမ်းချက်တွေ အတော်များများရှိနေတာကြောင့် ဝယ်လိုအားကတော့ များနိုင်တယ်လို့လည်း သုံးသပ်ကြပါတယ်။

လက်ရှိ ပြည်ပနိုင်ငံတင်ပို့နိုင်မည့် Hass အမျိုးအစားမှာရင့်မှည့်ရန်လိုအပ်သေးကြောင်း၊ အောက်တိုဘာလကုန်မှသာ ဈေးကွက်သို့ ဝင်ရောက်နိုင်မည်ဖြစ်ကြောင်း၊ ယခုနှစ် ထောပတ်သီးရာသီတွင် ထိုင်းနိုင်ငံမှ ကမ်းလှမ်းထားသည့်အတွက် ထိုင်းနိုင်ငံသို့ အဓိကထားတင်ပို့သွားမည်ဖြစ်ကြောင်း၊ ယခုနှစ်ထောပတ်သီး ဈေးကွက်ရေရှည်ခိုင်မြဲရန်၊ ထောပတ်သီးများကို ပြည်ပဈေးကွက်အပြင် ပြည်တွင်းဈေးကွက်တွင်းပါ ဈေးကွက်ရရှိရေးအတွက် ပြည်တွင်း၌ တွင်ကျယ်ရန် ဖြန့်ဖြူးခြင်းနှင့် ပရိုမိုးရှင်းများလည်း ဆောင်ရွက်နေကြောင်း သိရှိရပါတယ်၊ ထောပတ်သီးကို ဖျော်ရည်လုပ်သောက် တတ်ခြင်းအပြင် အခြားနည်းလမ်းများဖြင့် စားသုံးခြင်း၊ အသုံးပြုခြင်းများပြုလုပ်တတ်ဖို့အတွက် အလေးပေးဆောင်ရွက်သင့်ပါတယ်၊ ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ်၊ ဟဲဟိုးမြို့ သီခေါင်ကျေးရွာအုပ်စု၊ တောင်မြေခြားကျေးရွာမှာလည်း ထောပတ်သီးအဆီကြိတ်တဲ့စက်ရုံတစ်ရုံ တည်ထောင်ထားတယ်လို့သိရပါတယ်၊ ယင်းစက်ရုံမှာလည်း ပြည်တွင်းဈေးကွက်အတွက် တွင်ကျယ်စေနိုင်မယ်လို့လည်း ခန့်မှန်းသုံးသပ်ရပါတယ်။

ထောပတ်သီးများကို မရင့်သေးပဲ ခူးဆွတ်၍ ရောင်းမည်ဆိုပါက ဈေးကွက်နာမည်ပျက်သွားသည့်အတွက် ရင့်၊ မှည့်ပြီးမှ ခူးဆွတ်ရောင်းချသင့်ကြောင်းကိုလည်း ထောပတ်စိုက်တောင်သူများ အားအသိပညာပေးရန် လိုအပ်ပါတယ်၊ လက်ရှိ အိမ်နီးချင်း ထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံကိုလည်း တရားဝင်တင်ပို့ ကုန်သွယ်ခွင့်ရောင်းချခွင့်ရရှိရေးကို အစိုးရချင်း လျှောက်ထားခြင်းကိုလည်း ညှိနှိုင်းဆောင် ရွက်လျက်ရှိတယ်လို့လည်းသိရပါတယ်၊ ယခုနှစ်မှာ မိုးအရမ်းများခဲ့တာကြောင့် ထောပတ်သီးအထွက် နှုန်းများနိုင်မည်ဖြစ်ကြောင်း သိရပါတယ်၊ အောက်တိုဘာလတွင် အသီးများ စတင်ထွက်ရှိပြီး၊ ထောပတ်သီးမှာ နှစ်ရှည်သီးနှံဖြစ်ကာ၊ စတင်စိုက်ပျိူးပြီး(၃) နှစ်နေမှ စတင်အသီးသီးပါတယ်၊ ထောပတ်သီးကို ရှမ်းပြည်နယ်(တောင်ပိုင်း/မြောက်ပိုင်း) နှင့် မန္တလေးတိုင်းဒေသကြီး (ပြင်ဦးလွင်) တို့မှာ အများဆုံး စိုက်ပျိုးကြကြောင်း ရေးသားတင်ပြလိုက်ရပါသည်။

Source: https://www.doca.gov.mm

Category: Local News