International News

အိန္ဒိယနိုင်ငံတွင် အချိန်အခါမဟုတ်မိုးရွာသွန်းမှုကြောင့် ကုန်စည်များဈေးကွက်ဝင်ရောက်မှု လျော့နည်းပြီး ကုန်ဈေးနှုန်းမြင့်တက်လာနိုင်ဟု ခန့်မှန်း

Last Updated:

အိန္ဒိယနိုင်ငံတွင် အချိန်အခါမဟုတ် ရွာသွန်းသည့်မိုးကြောင့်  ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့ရသဖြင့် ဂျုံ၊ ဇီရာစေ့၊ ကုလားပဲ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်စသည့် အခြေခံလိုအပ်သည့် နေ့စဉ်သုံးကုန်စည်ဈေးနှုန်းများ မြင့်တက်လာနိုင်ကြောင်း၊  တောင်သူများအနေဖြင့်လည်း ပုတ်သိုးလွယ်သည့် ၎င်းတို့၏ ကောက်ပဲသီးနှံများ ပျက်စီးဆုံးရှုံးခဲ့သဖြင့် အမြတ်အစွန်းရရှိမှု လျော့နည်းလာနိုင်ကြောင်း Economic Times သတင်းဌာနက ဖော်ပြထားပါသည်။

ပြီးခဲ့သည့် တစ်ပတ်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂျုံ၊ မုံညှင်း၊ ကုလားပဲ ကဲ့သို့သော ရိတ်သိမ်းရန် အသင့်ဖြစ်နေသည့် ကောက်ပဲ သီးနှံများ၊ သရက်၊ ဖရဲ၊ သခွား၊ ငှက်ပျော စသည့်သစ်သီးဝလံများ၊ဟင်းသီးဟင်းရွက်များ ပျက်စီးဆုံးရှုံးခဲ့ရကြောင်း၊  ရာဂျစ်စတန်ပြည်နယ်တွင် ရိတ်သိမ်းရန်အသင့်ဖြစ်နေသော ဇီယာများ ပျက်ဆီးဆုံးရှုံးခဲ့သဖြင့် ပြီးခဲ့သည့် ၃ ရက်၊ ၄ ရက်တာကာလအတွင်း ဇီယာဈေးနှုန်းများ ၆ ရာခိုင်နှုန်းမှ ၇ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကြောင်း၊  မိုးသည်းထန်စွာရွာသွန်းမှုသတင်းကြောင့် ဂျုံဈေးနှုန်းမှာ တနင်္လာနေ့က ၄ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရှိရပါသည်။

မိုးရွာသွန်းမှုကြောင့် ပျက်စီးဆုံးရှုံးမှုကို ဂျုံစိုက်ပျိုးထုတ်လုပ်သူများက အဓိကခံစားခဲ့ရပြီး ၎င်းတို့၏ ၂ ပတ်နှင့် ၁ လအတွင်း ရိတ်သိမ်းရန် အသင့်ဖြစ်မည့် ဂျုံများအားလုံးနီးပါး ပျက်စီးဆုံးရှုံးခဲ့ပါကြောင်း၊  ထို့အပြင် မိုးရွာသွန်းမှုကြောင့် ဂျုံအစေ့အဆန်များ၏ အရောင်၊ တောက်ပမှု၊ အရွယ်အစားနှင့် ကစီဓါတ်တို့ကိုလည်း ထိခိုက်ပျက်စီးနိုင်သဖြင့် တောင်သူများအနေဖြင့်  စျေးကွက်ပေါက်ဈေးရရှိရန် ခက်ခဲနိုင်မည်ဖြစ်ကြောင်း၊  ဂျုံစိုက်ပျိုးထွက်ရှိသည့် ပြည်နယ်အများစုတွင် မိုးရွာသွန်းမှုကြောင့် ဂျုံထွက်ရှိမှုမှာလည်း ၃ ရာခိုင်နှုန်းမှ ၄ ရာခိုင်နှုန်းအထိ ကျဆင်းနိုင်ကြောင်း Economic Times သတင်းဌာနက ခန့်မှန်းထားပါသည်။

သို့ဖြစ်ပါ၍ အိန္ဒိယနိုင်ငံမှ ဂျုံတင်သွင်းနေသူ မြန်မာကုန်သည်များအနေဖြင့် ဈေးကွက်အခြေအနေကို စောင့်ကြည့်ပြီး အရည်အသွေးကောင်းမွန်ပြီး ဈေးနှုန်းသက်သာမည့် အခြားနိုင်ငံဈေးကွက်များကိုလည်း ကြိုတင်လေ့လာချိတ်ဆက်ဆောင်ရွက်သင့်ပါကြောင်း တင်ပြအပ်ပါ သည်။

Source: Unseasonal Rain Expected to Increase Price of Commodities in Short Supply, 22-3-2023, Economic Times

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News