International News

ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကျော်ဖြင့် ယူအေအီးနိုင်ငံကို အဓိကကုန်သွယ်ဖက်အဖြစ် ဟောင်ကောင်မှ အသိအမှတ်ပြု

Last Updated:

အာရပ်စော်ဘွားများပြည်ထောင်စုသည် အရှေ့အလယ်ပိုင်းဒေသတွင် ဟောင်ကောင်အတွက် အဓိကကုန်သွယ်ဖက်အဖြစ် ၎င်း၏ရပ်တည်ချက်ကို ခိုင်မာစေခဲ့ကြောင်း ဟောင်ကောင်ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးကောင်စီ(HKTDC) ၏ ဒုတိယအမှုဆောင်ညွှန်ကြားရေးမှူး ဒေါက်တာ Patrick Lau က ပြောကြားခဲ့ပါသည်။

ဟောင်ကောင်သန်းခေါင်စာရင်းနှင့်စာရင်းအင်းဌာနမှ အချက်အလက်များကိုကိုးကား၍ ၂၀၂၀ ခုနှစ်တွင် ရေနံမဟုတ်သော နိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည် အမေရိကန်ဒေါ်လာ ၉.၄ ဘီလီယံမှ ၂၀၂၂ ခုနှစ်တွင် ၁၆.၂၃ ဘီလီယံအထိ မြင့်တက်လာခဲ့ကြောင်း ဟောင်ကောင်တွင် ကျင်းပနေသော အာရှဘဏ္ဍာရေးဖိုရမ်တွင် ဒေါက်တာ Lau မှ အလေးထားပြောကြားခဲ့ပါသည်။

ရေနံမဟုတ်သောနိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည် ပြီးခဲ့သောနှစ်က ယူအေအီးနိုင်ငံနှင့်ဟောင်ကောင်အကြား တိုးတက်လာခဲ့ပြီး ၂၀၂၃ ခုနှစ် ပထမ ၁၁ လတွင် အမေရိကန်ဒေါ်လာ ၁၆.၂ ဘီလီယံအထိ ရောက်ရှိခဲ့ကြောင်းနှင့် နှစ်နိုင်ငံဆက်ဆံရေးသည် ထူးခြားလျက်ရှိပြီး လာမည့်ကာလတွင် စီးပွားရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍအသီးသီးတွင် ပိုမိုဖွံ့ဖြိုးတိုးတက်လာရန် မျှော်လင့်ထားကြောင်း ဒေါက်တာ Lau က ပြောကြားခဲ့ပါသည်။

အာရှဘဏ္ဍာရေးဖိုရမ်တွင် ယူအေအီးကိုယ်စားလှယ်အဖွဲ့များ၏ အများအပြားရောက်ရှိနေခြင်းကို ၎င်းက မီးမောင်းထိုးပြပြီး အနာဂတ်ပူးပေါင်းဆောင်ရွက်မှုနှင့်ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများကို ရှာဖွေရန် စုပေါင်းကြိုးပမ်းမှုဖြင့် ဦးတည်နေကြောင်း ယူအေအီးရင်းနှီးမြုပ်နှံသူများသည် ဟောင်ကောင်တွင် ၎င်းတို့၏ရင်းနှီးမြှုပ်နှံမှုအစုစုကို ကွဲပြားစေရန် စိတ်အားထက်သန်လျက်ရှိကြကြောင်း ဒေါက်တာ Lau က ထောက်ပြသွားခဲ့ပါသည်။

ဟောင်ကောင်သည် ကမ္ဘာတစ်ဝှမ်းတွင် ရုံးခွဲပေါင်း ၅၀ ခန့်ဖြင့် အာရှ၏အရေးပါသော စီးပွားရေးအချက်အချာနေရာတစ်ခုအဖြစ် ဆောင်ရွက်လျက်ရှိပြီး ဟောင်ကောင်မှ ပေးအပ်သည့် အခွင့်အလမ်းများဖြင့် ရင်းနှီးမြှုပ်နှံကြစေရန်နှင့် စီးပွားရေးလုပ်ငန်းများနှင့်ရင်းနှီးမြှုပ်နှံသူများအတွက် လွယ်ကူချောမွေ့စေမည်ဖြစ်ကြောင်း ၎င်းကရှင်းလင်းပြောကြားခဲ့ပါသည်။

ဟောင်ကောင်ကုမ္ပဏီများသည် အခြေခံအဆောက်အအုံ၊ သတင်းအချက်အလက်နည်းပညာ၊ ဘဏ္ဍာရေးနည်းပညာ(Fintech)၊ ကျန်းမာရေးနည်းပညာနှင့် ဇီဝကျန်းမာရေးအပါအဝင် ယူအေအီးနိုင်ငံ၏ အရေးကြီးသောကဏ္ဍများတွင် ရင်းနှီးမြှုပ်နှံရန် စိတ်အားထက်သန်လျက်ရှိကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့ကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

ဆက်စပ်တင်ပြချက်

ယူအေအီးနိုင်ငံသည် အရှေ့အလယ်ပိုင်းဒေသတွင် ဟောင်ကောင်အထူးအုပ်ချုပ်ရေးဒေသ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံတစ်ခုဖြစ်ပြီး ယူအေအီးနိုင်ငံမှ ဟောင်ကောင်တွင် ၂၀၀၀ ခုနှစ်မှစ၍ ကောင်စစ်ဝန်ချုပ်ရုံးဖွင့်လှစ်ထားရှိခဲ့ကာ ဟောင်ကောင်အတွက်၊ ယူအေအီးနိုင်ငံသည် တရုတ်နိုင်ငံ၏ Belt and Road ပဏာမခြေလှမ်းနှင့်ပတ်သက်၍ ဒေသတွင်းတွင် အရေးပါသောအခန်းကဏ္ဍမှ ပါဝင်လျက်ရှိပြီး Belt and Road စီမံကိန်းများကို ကြီးကြပ်ရန်အတွက် ဟောင်ကောင်အစိုးရ၏ ဒေသဆိုင်ရာစီးပွားရေးနှင့်ကုန်သွယ်မှုရုံးကို ၂၀၂၁ ခုနှစ်၊ အောက်တိုဘာလက ယူအေအီးနိုင်ငံ၊ ဒူဘိုင်းမြို့တွင် တရားဝင်ဖွင့်လှစ်ထားရှိခဲ့ပါသည်။ ယူအေအီး-ဟောင်ကောင်နှစ်နိုင်ငံသဘောတူညီချက် ၇ ခုကို လက်မှတ်ရေးထိုးထားရှိပြီး Emirates လေကြောင်းလိုင်း၊ ဒူဘိုင်းဆိပ်ကမ်းများ၊ First Abu Dhabi ဘဏ်၊ Mashreq ဘဏ်၊ Etihad လေကြောင်းလိုင်းနှင့် အခြားအဖွဲ့အစည်းများအပါအဝင် ယူအေအီးကုမ္ပဏီ အများအပြားမှ ဟောင်ကောင်တွင်ဘဏ်ခွဲများဖွင့်လှစ်ထားရှိပြီး ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ လုပ်ငန်းများကိုဆောင်ရွက်လျက်ရှိကြောင်းကို ယူအေအီးနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာနမှ တရားဝင် ထုတ်ပြန်ချက်များအရ သိရှိရပါသည်။

Source: Emirates News Agency

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News