International News

G-20 အစည်းအဝေးများတွင် ရူပီးနှင့် ကုန်သွယ်မှုကို တွန်းအားပေးသွားမည်ဖြစ်ကြောင်း အိန္ဒိယအဆင့်မြင့်အရာရှိကြီးက ပြောကြား

Last Updated:

အိန္ဒိယနိုင်ငံသည် G-20 ဥက္ကဋ္ဌ အဖြစ်တာဝန်ယူဆောင်ရွက်နေသည့်ကာလအတွင်း  စီစဉ်ဆောင်ရွက်နေသော အစည်းအဝေးအခမ်းအနားများတွင် ရူပီးနှင့်ကုန်သွယ်မှုလုပ်ငန်းစဉ်ကို တွန်းအားပေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း အဆင့်မြင့်အရာရှိကြီးတစ်ဦးက တနင်္လာနေ့တွင် ပြောကြားခဲ့ပါသည်။

ငွေကြေးဆိုင်ရာဖိအားများနှင့် ရင်ဆိုင်နေရသောနိုင်ငံများအနေဖြင့် ရူပီးနှင့်ကုန်သွယ်မှုပြုခြင်းသည် အထောက်အပံ့ဖြစ်စေနိုင်မည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေးအတွင်းဝန် Sunil Barthwal ကပြောကြားပါသည်။

အိန္ဒိယအနေဖြင့် လာမည့် G-20 ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံအဖွဲ့အစည်းအဝေးတွင် ရူပီးကုန်သွယ်မှုမြှင့်တင်ရန် အစီအစဉ်ရှိသလားဟု သတင်းထောက်၏ မေးမြန်းချက်အပေါ် Barthwal က ရူပီးနှင့်ကုန်သွယ်မှုဆောင်ရွက်လိုပါကြောင်း၊ အထူးသဖြင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည့်နိုင်ငံများဖြင့် ‌ဆောင်ရွက်လိုကြောင်းဖြေကြားခဲ့ပါသည်။ ရူပီးနှင့်ကုန်သွယ်မှုကိစ္စသည် G-20 ဖိုရမ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိကြောင်းလည်း Barthwal က ပြောကြား ခဲ့ပါသည်။

အိန္ဒိယနိုင်ငံအနေဖြင့် ပြီးခဲ့သည့်နှစ် ငွေကြေးမတည်ငြိမ်မှုများဖြစ်ပေါ်ခဲ့သည့်ကာလအတွင်း ကုန်သွယ်မှုတွင် ရူပီးနှင့်ပေးချေမှုများကို စတင်ညှိနှိုင်းဆောင်ရွက်ခဲ့ရာ ယခုအချိန်တွင် နိုင်ငံပေါင်း ၁၈ နိုင်ငံနှင့် သဘောတူစာချုပ်များချုပ်ဆိုနိုင်ရန် ညှိနှိုင်းဆောင်ရွက်ထားပြီးဖြစ်ကြောင်းသိရှိရသည်။ အဆိုပါ ၁၈ နိုင်ငံမှာ ရုရှား၊ စင်္ကာပူ၊ သီရိလင်္ကာ၊ ဘော့ဆွာနာ၊ ဖီဂျီ၊ ဂျာမနီ၊ ဂိုင်ယာနာ (Guyana)၊ အစ္စရေး၊ ကင်ညာ၊ မလေးရှား၊ မောရေးသျှ၊ မြန်မာ၊ နယူးဇီလန်၊ အိုမန်၊ ‌ဆေးရှဲလ်(Seychelles)၊တန်ဇန်းနီးယား၊ ယူဂန်နာနှင့် ဗြိတိန်နိုင်ငံတို့ဖြစ်ကြသည်။အဆိုပါ ၁၈ နိုင်ငံမှ ဘဏ်များသည် အိန္ဒိယနိုင်ငံ Reserved Bank of India (RBI) ၏ လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင့်များဖွင့်လှစ်နိုင်ရန်အတွက်  အိန္ဒိယနိုင်ငံရှိ Authorised Dealer (AD) လိုင်စင်ရဘဏ်များနှင့် ဆက်သွယ်ဆောင်ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း ဘဏ္ဍာရေးဝန်ကြီးဖြစ်သူ Bhagwat Karad ကပြောကြားထားပါသည်။

အိန္ဒိယသည် G-20 အဖွဲ့၏ လက်ရှိသက်တမ်းတွင် ဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်လျက်ရှိပါသည်။ ဘဏ္ဍာရေးမြို့တော်ဖြစ်သည့် မွန်ဘိုင်းမြို့တွင် အင်္ဂါနေ့မှ စတင်၍ ၃ ရက်တာ ကျင်းပပြုလုပ်မည့် အစည်းအဝေးသို့ G-20 အဖွဲ့ဝင်နိုင်ငံများ၊ အထူးဖိတ်ကြားထားသည့်နိုင်ငံများနှင့် အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၁၀၀ ဦးခန့် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

ဝန်ကြီးဌာနအနေဖြင့် အစည်းအဝေးတွင် ဦးစားပေးဆွေးနွေးမည့် ကဏ္ဍ(၅)ခုကိုလည်း ပြင်ဆင်ထားရှိပြီးဖြစ်ကြောင်းနှင့် စက်တင်ဘာလတွင် ပြုလုပ်မည့် G-20 ခေါင်းဆောင်များအစည်းအဝေးအတွက် အထောက်အပံ့ဖြစ်စေမည်ဖြစ်ကြောင်း Barthwal က ပြောကြားသည်။ ဦးစားပေး ကဏ္ဍ ၅ ခုတွင် ကုန်သွယ်မှုနှင့်ကြီးပွားတိုးတက်မှုများ ပိုမိုဖြစ်ထွန်းလာစေရန်ဆောင်ရွက်နိုင်ရေး၊ ကမ္ဘာ့ထောက်ပံ့ပို့ဆောင်ရေးကွင်းဆက်အား ပိုမိုကြံ့ကြံ့ခိုင်နိုင်မှုရှိစေရန် ဆောင်ရွက်ရေး၊ ကုန်သွယ်မှုတွင် အသေးစားစီးပွားရေးလုပ်ငန်းများပါ ပေါင်းစည်းပါဝင်လာစေရေးနှင့်  တူညီသည့်လုပ်ထုံးလုပ်နည်းများပြဌာန်းခြင်းများအပါအဝင် ထောက်ပံ့ပို့ဆောင်မှုနည်းလမ်းများ ဖွံ့ဖြိုးတိုးတက်စေခြင်းတို့ပါဝင်ကြောင်း Barthwal က ပြောကြားပါသည်။

ဂူဂျာရတ်ပြည်နယ်  Kevadia မြို့တွင် နောက်တစ်ကြိမ်ကျင်းပပြုလုပ်မည့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာလုပ်ငန်းအဖွဲ့အစည်းအဝေးတွင်လည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ဆိုင်ရာပြုပြင်ပြောင်းလဲရေးကို အိန္ဒိယက အဆိုပြုသွားမည်ဖြစ်ကြောင်း ကူးသန်းရောင်းဝယ်ရေး အတွင်းဝန် ကပြောကြားခဲ့ပါသည်။

Source:      India to push the rupee trade in G-20 meeting: Official, 27-3-2023- The Economic Times                                

                 RBI allows banks from 18 countries to trade in rupees. What does it mean,    21-3-2023, WION news  

(စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News