ဗီယက်နမ်နိုင်ငံ၏စုစုပေါင်းနိုင်ငံခြားကုန်သွယ်မှုတန်ဖိုးသည် စက်တင်ဘာ ၁၅ ရက် အထိ အမေရိကန်ဒေါ်လာ ၆၃၇.၂၁ ဘီလီယံကျော်ရောက်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၁၇.၈၅ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ဗီယက်နမ်နိုင်ငံအကောက်ခွန်ဦးစီးဌာန၏ အချက်အလက်များအရ သိရှိရပါသည်။
ပို့ကုန်တင်ပို့မှုမှ အမေရိကန်ဒေါ်လာ ၃၂၅.၂၆ ဘီလီယံရှိပြီး သွင်းကုန်မှာ ၁၉.၃ ရာခိုင်နှုန်းမြင့်တက်လာကာ အမေရိကန်ဒေါ်လာ ၃၁၁.၉၅ ဘီလီယံရှိပြီး ကုန်သွယ်မှုပိုငွေမှာ အမေရိကန်ဒေါ်လာ ၁၃ ဘီလီယံကျော်ရှိကြောင်း ဖော်ပြထားပါသည်။
ကွန်ပျူတာများ၊ အီလက်ထရောနစ်ထုတ်ကုန်များနှင့် ဆက်စပ်ပစ္စည်းများတင်ပို့မှု သည် အမေရိကန်ဒေါ်လာ ၂၂ ဘီလီယံကျော်ရရှိခဲ့ပြီး ပို့ကုန်တိုးတက်မှုကို ဦးဆောင်ခဲ့ပါသည်။ ထို့အပြင် အခြားကုန်စည်အုပ်စု ၇ ခုမှ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်တိုးလာကြောင်း၊ စက်ယန္တာရားများ၊ စက်ကိရိယာများနှင့် အပိုပစ္စည်းများသည် ၄.၉၇ ဘီလီယံတိုးလာကြောင်း၊ အရုပ်များ၊ အားကစားပစ္စည်းများနှင့် အစိတ်အပိုင်းများသည် ၃.၃၉ ဘီလီယံတိုးလာကြောင်း၊ ကော်ဖီတင်ပို့မှုမှ ၂.၆ ဘီလီယံ၊ အထည်အလိပ်နှင့် အဝတ်အထည်များတင်ပို့မှုမှ ၂.၄၂ ဘီလီယံ၊ သယ်ယူပို့ဆောင်ရေးယာဉ်များနှင့် အပိုပစ္စည်းများတင်ပို့မှုမှ ၁.၆၃ ဘီလီယံ၊ တယ်လီဖုန်းနှင့် ဆက်စပ်ပစ္စည်းများတင်ပို့မှုမှ ၁.၃၈ ဘီလီယံ၊ ဖိနပ်ထုတ်လုပ်တင်ပို့မှုမှ ၁.၂၅ ဘီလီယံအသီးသီးတိုးလာကြောင်း ဖော်ပြထားပါသည်။
စက်တင်ဘာလဝက်အတွင်း ပို့ကုန်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁၉.၂ ဘီလီယံရှိပြီး ဩဂုတ်လဝက်ထက် ၄.၃ ရာခိုင်နှုန်းကျဆင်းခဲ့ပြီး သွင်းကုန်မှာ အမေရိကန်ဒေါ်လာ ၁၉.၈၅ ဘီလီယံရှိကာ လစဉ် ၂.၁ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း ဖော်ပြထားပါသည်။
ထူးခြားသည်မှာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းကဏ္ဍသည် ဗီယက်နမ်နိုင်ငံ စုစုပေါင်းပို့ကုန်၏ ၇၉.၂ ရာခိုင်နှုန်းကို ကိုယ်စားပြုသည့်အတွက် အဓိကကျသည့်အခန်းကဏ္ဍတွင် ဆက်လက်ရပ်တည်လျက်ရှိကြောင်း ဖော်ပြထားပါသည်။
Source: Vietnam Economy
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)