ဗီယက်နမ်နိုင်ငံမှ သစ်သီးဝလံနှင့်ဟင်းသီးဟင်းရွက်တင်ပို့မှုသည် ၂၀၂၅ ခုနှစ် ၉ လအတွင်း အမေရိကန်ဒေါ်လာ ၆.၁၁ ဘီလီယံကျော်ရှိမည်ဟုခန့်မှန်းထားပြီး တစ်နှစ်ထက်တစ်နှစ် ၈.၃ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်း ဗီယက်နမ်နိုင်ငံ စိုက်ပျိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာန၏အဆိုအရ သိရှိရပါသည်။
စက်တင်ဘာလတစ်လတည်းတွင် ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၁၁.၂၉ ဘီလီယံနီးပါးထိရောက်ရှိခဲ့ပြီး စံချိန်တင်အမြင့်ဆုံးရောက်ရှိခဲ့သည်။ ၎င်းသည် ဩဂုတ်လနှင့်နှိုင်းယှဉ်ပါက ၃၆ ရာခိုင်နှုန်းတိုးလာပြီး ယခင်နှစ်အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၁ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း သိရှိရပါသည်။ အဆိုပါတိုးတက်မှုအရှိန်ဖြင့် ဆက်လက်ရှိနေပါက ယခုနှစ်ကုန်တွင် အမေရိကန်ဒေါ်လာ ၈ ဘီလီယံကျော်နီးပါးရောက်ရှိနိုင်ကြောင်း ရေးသားဖော်ပြထားပါသည်။
ထိုကဲ့သို့ဖွံ့ဖြိုးတိုးတက်မှုကို ရေရှည်တည်တံ့စေရန်အတွက် သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက်ကဏ္ဍအား ဗီယက်နမ်နိုင်ငံနှင့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုပ်ချုပ်ဆိုထားသည့် အဓိကဈေးကွက်များဖြစ်သည့် ဂျပန်၊ ကိုရီးယားသမ္မတနိုင်ငံ၊ ဥရောပသမဂ္ဂနှင့် တရုတ်ကဲ့သို့သောနိုင်ငံများနှင့် ရေရှည်ပို့ကုန်သေချာစေရန်တိုက်တွန်းထားသည်။
စိုက်ပျိုးရေးနှင့်သဘာဝပတ်ဝန်းကျင်ဝန်ကြီးဌာနအနေဖြင့် တရုတ်နိုင်ငံသို့ဒူးရင်းသီး တင်ပို့ရာတွင် အခက်အခဲအတားဆီးများကို ဖြေရှင်းဆောင်ရွက်နေပြီး မြောက်ပိုင်းနယ်စပ်ဂိတ်များတွင် အခွန်ကောက်ရှင်းလင်းရေးနှင့် နယ်စပ်ကုန်သွယ်မှုကို စပါးရိတ်သိမ်းရာသီနှင့် နှစ်သစ်ကူးကာလများတွင် ကြပ်မတ်ဆောင်ရွက်လျက်ရှိကြောင်းဖော်ပြထားပါသည်။
အုန်းသီး၊ နဂါးမောက်သီး၊ ပိန္နဲသီး၊ ငှက်ပျောသီး၊ ဖရဲသီး၊ သရက်သီး၊ လေချူသီး၊ ကြက်မောက်သီး၊ လိုင်ချီး၊ ပင်မှည့်သီး၊ ဒူးရင်းသီး စသည့်ကုန်ပစ္စည်းများအတွက် ကုန်သွယ်မှုမြှင့်တင်ရေးကိုလည်း တိုးမြှင့်ဆောင်ရွက်နိုင်ရန် စီစဉ်ထားကြောင်း ဖော်ပြထားပါသည်။
ရေရှည်တွင် ဗီယက်နမ်ပို့ကုန်လုပ်ငန်းရှင်များအား သစ်သီးဝလံနှင့် ဟင်းသီး ဟင်းရွက်ထုတ်ကုန်များကို ကွဲပြားစွာဆောင်ရွက်ရန် တွန်းအားပေးထားပါသည်။ စားသုံးသူများအတွက် ကျန်းမာရေးနှင့်ညီညွှတ်ပြီး လွယ်ကူစွာထုတ်ပိုးထားသော တန်ဖိုးမြှင့်ထုတ်ကုန်များတီထွင်ထုတ်လုပ်ခြင်းသည် စားသုံးသူများ၏ ပြောင်းလဲလာသောလိုအပ်ချက်များကိုဖြည့်ဆည်းရုံမျှမက သယ်ယူပို့ဆောင်ရေးစရိတ်စကများလျှော့ချပေးနိုင်ခြင်း၊ ယိုယွင်းပျက်စီးမှုများကိုလျော့နည်းစေခြင်း၊ သီးနှံ၏ သက်တမ်းကိုကြာရှည်စေခြင်းနှင့် ကမ္ဘာ့ဈေးကွက်တွင် ဗီယက်နမ်ထုတ်ကုန်များ၏ ယှဉ်ပြိုင်နိုင်စွမ်းကို တိုးမြင့်စေမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။
Source: Vietnam News
(ဝင့်နန္ဒာကျော်ကျော်၊ စီးပွားရေးသံမှူး၊ ဟနွိုင်းမြို့)