International News

ထရမ့်၏ အခွန်တိုးမြှင့်ကောက်ခံမှုများရှိသော်လည်း မိုဒီ၏ ကုန်စည်နှင့်ဝန်ဆောင်မှုအပေါ် ကောက်ခံသည့်အခွန် (GST) ပြုပြင်ပြောင်းလဲမှုကြောင့် အိန္ဒိယသည်အာရှ၌ အမြန်ဆုံးကြီးထွားနေသည့် စီးပွားရေးနိုင်ငံဖြစ်လာနိုင်ရန် မျှော်လင့်လျက်ရှိ

Last Updated:

အိန္ဒိယသည် ပို့ကုန်တင်ပို့မှုတွင် အမေရိကန်၏ အခွန်စည်းကြပ်မှုအသစ်သည် ထိုးနှက်မှုတစ်ခုဖြစ်သော်လည်း GDP သည် ၆ % အထက်တွင် တည်ရှိနေသဖြင့် ဤဆယ်စုနှစ်အတွင်း အာရှတွင် အလျင်မြန်ဆုံးထွန်းသစ်စစျေးကွက်စီးပွားရေးနိုင်ငံအဖြစ် ဆက်ရှိနေရန်မျှော်လင့်ထားကြောင်း စီးပွားရေးနှင့်ငွေကြေးဆိုင်ရာ သုတေ သနကုမ္ပဏီတစ်ခုဖြစ်သည့် BMI က ပြောကြားခဲ့သည်။ BMI ပြောကြားရာတွင် အမေရိကန်၏ ၅၀% 'အပြန်အလှန်'စည်းကြပ်ခွန်ကိုတုံ့ပြန်နိုင်ရန်နှင့် အောက်တိုဘာ လမှစတင်ကာ ပြည်တွင်းပုဂ္ဂလိကစားသုံးမှုကိုမြှင့်တင်ရန်ရည်ရွယ်ပြီး ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက ကုန်စည်နှင့် ဝန်ဆောင်မှုဆိုင်ရာအခွန်(GST)ပြုပြင်ပြောင်းလဲမှုကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိန္ဒိယ၏စီးပွားရေးတိုးတက်မှုနှုန်းသည် ဤဆယ်စုနှစ်ကုန်တွင် ၆.၀% ထက်အနည်းငယ်သာကျော်လွန်သည့်အခြေအနေသို့ ဖြည်းဖြည်းချင်းနှေးကွေးလာမည်ဟုခန့်မှန်းထားကြောင်း၊ ၎င်းသည် ကမ္ဘာ့ကပ်ရောဂါမတိုင်မီ ၂၀၁၀-၂၀၁၉ ခုနှစ်ကာလတိုးတက်မှုနှုန်း ပျမ်းမျှ ၆.၅% ထက် အနည်းငယ်နိမ့်ကျသော်လည်း အိန္ဒိယအား အာရှ၏အမြန်ဆုံးကြီးထွားနေသော စီးပွားရေးများထဲမှ တစ်ခုအဖြစ် ဆက်လက်တည်ရှိစေမည်ဖြစ်ကြောင်း BMI က ပြောကြားခဲ့သည်။ ၎င်းက ထပ်လောင်းပြောကြားရာတွင် ယင်းဆက်လက်တိုးတက်မှုထင်မြင်ချက်သည် အိန္ဒိယ၏ရင်းနှီးမြှုပ်နှံမှုနှင့် ပို့ကုန်ဦးဆောင်သောကြီးထွားမှုပုံစံ၏ အစောပိုင်းအဆင့်မှစတင်ခဲ့ခြင်းဖြစ်ပြီး ယခင်က တရုတ်နှင့် အာရှကျားနိုင်ငံများ၏ စီးပွားရေးကိုတွန်းအားပေးခဲ့သည့် ပုံစံနှင့်တူညီကြောင်းနှင့် လာမည့်ဆယ်စုနှစ်အတွင်း ထုတ်လုပ်မှုစွမ်းအား ၅% ခန့်တိုးတက်လာမည်ဟုခန့်မှန်းထားပြီး စီးပွားရေးအရ ကြီးမားသောတွန်းအားကို ရရှိစေမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ဤကြိုတင်ခန့်မှန်းချက်ကို ဩဂုတ်လ ၂၇ ရက်မှစတင်၍ အမေရိကန်ပြည်ထောင်စုက အိန္ဒိယကုန်ပစ္စည်းများအတွက် 'တန်ပြန်' အကောက်ခွန်နှုန်းထားကို နှစ်ဆ တိုး၍ ၅၀% အထိသတ်မှတ်မည့်ဆုံးဖြတ်ချက်ကြားမှပင်ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး BMI က ၎င်းတို့၏ ၂၀၂၅/၂၆ ဘဏ္ဍာနှစ်နှင့် ၂၀၂၆/၂၇ ဘဏ္ဍာနှစ်အတွက် စီးပွားရေးတိုးတက်မှု(GDP)ခန့်မှန်းချက်များကို ၀.၂ရာခိုင်နှုန်းစီလျှော့ချပြင်ဆင်လိုက်ကြောင်းနှင့် ၂၀၂၆/၂၇ ဘဏ္ဍာနှစ်တွင် စီးပွားရေး ၅.၈% ခန့်ကြီးထွားမည်ဟု ယခုအခါ မျှော်မှန်းထားကြောင်း ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံသည် အမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ အကောက်ခွန်နှုန်းထား တိုးမြှင့်မှုကို လိုက်လျှောညီထွေပြုရန်ငြင်းဆိုထားကြောင်း၊ ယင်းသဘောထားသည် မဆင်မခြင်ရဲရင့်ခြင်းမဟုတ်ဘဲ စီမံကိန်းချတွက်ချက်ထားသော ခံနိုင်ရည်ဖြစ်ပြီး ၎င်းကို စီးပွားရေးဆိုင်ရာမဏ္ဍိုင်များ တည်ငြိမ်ခိုင်မာမှု၊ စားသုံးမှုဦးဆောင်သော စီးပွား ရေးပုံစံ၊ စုံလင်ကွဲပြားသော ကုန်သွယ်ရေးမိတ်ဖက်များနှင့် အခက်အခဲများကို အကူ အညီဖြင့် ပြုပြင်ပြောင်းလဲမှုများဆောင်ရွက်လိုသော အစိုးရ၏ဆန္ဒတို့က နောက်ခံပံ့ပိုးထားပါကြောင်း၊ အိန္ဒိယ၏စီမံခန့်ခွဲနိုင်သော ကြွေးမြီအဆင့်၊ ခိုင်မာသည့်နိုင်ငံခြားငွေကြေးလက်ကျန်နှင့် ထိန်းချုပ်ထားနိုင်သော ကုန်သွယ်ရေးလိုငွေပြမှုတို့ သည် ပြင်ပအရေးနှင့် လှုပ်ခတ်မှုများမှ ကာကွယ်ပေးလျက်ရှိပါကြောင်းနှင့်  ကမ္ဘာ့ပျမ်းမျှနှုန်းထက်မြင့်မားသော GDP ကြီးထွားနှုန်းဖြင့် အိန္ဒိယသည် ကမ္ဘာ့အမြန်ဆုံးကြီးထွားနေသော စီးပွားရေးအဖြစ်ဆက်လက်တည်ရှိရန် လမ်းကြောင်းပေါ်တွင် ရှိနေဆဲဖြစ်ကြောင်း BMI က ပြောကြားထားသည်။

မိုဒီ၏ပြုပြင်ပြောင်းလဲမည့် GST စနစ်သည် ထရမ့်၏အကောက်ခွန်ဖိအားများကို ဟန်ချက်ညီစေရန် အဓိကအခန်းကဏ္ဍမှ ပါဝင်လာမည်ဟု မျှော်မှန်းရပါကြောင်း၊ ယင်းပြောင်းလဲမှုသည် လက်ရှိ ၅% မှ ၂၈% အထိကောက်ခံနေသော အကောက် ခွန်နှုန်းလေးမျိုးကို ရိုးရှင်းစွာပြုပြင်ပြောင်းလဲကာ နှစ်မျိုးသာကျန်ရှိစေမည်ဖြစ်ပါကြောင်း၊ ကုန်ပစ္စည်းအများစုအား ၅% (သို့မဟုတ်) ၁၈% ဖြင့် အကောက်ခွန်ကောက်ခံမည်ဖြစ်ပါကြောင်း၊ အဝတ်လျှော်စက်၊ လေအေးပေးစက်နှင့် ရေခဲ သေတ္တာကဲ့သို့သောလူသုံးကုန်တာရှည်ခံပစ္စည်းများသည် သက်သာသောနှုန်းထားဖြင့် ကောက်ခံမည့် ထုတ်ကုန်များထဲတွင် ပါဝင်မည်ဖြစ်ကြောင်း သိရှိရပါသည်။

BMI က ၂၀၁၇ ခုနှစ် ဇူလိုင်လတွင် စတင်အကောင်အထည်ဖော်ခဲ့သည့် GST စနစ်သည် ဝင်ငွေခွန်ပြီးနောက် ဒုတိယမြောက်အကြီးဆုံးဘဏ္ဍာရေးဝင်ငွေအရင်းအမြစ်ဖြစ်လာခဲ့ကြောင်း၊ ၂၀၂၄/၂၅ ဘဏ္ဍာနှစ်အတွင်း GST သည် စုစုပေါင်းဘဏ္ဍာဝင်ငွေ၏ ၃၀% ခန့်နှင့် GDP ၏ ၂.၅% ခန့်ကို ပံ့ပိုးပေးခဲ့ကြောင်း၊  ဤပြုပြင်ပြောင်းလဲမှု၏ ဘဏ္ဍာရေးအပေါ် သက်ရောက်မှုမှာ သိသာထင်ရှားမည်မဟုတ်ကြောင်း ဖော်ပြထားသည်။ Emkay Global Financial Services အပါအဝင် အခွန်ကျွမ်းကျင်ပညာရှင်များက ဤပြောင်းလဲမှုများကြောင့် အခွန်ဝင်ငွေဒေါ်လာ ၁၃ ဘီလီယံမှ ၂၀ ဘီလီယံအထိလျော့ကျနိုင်သည်ဟုခန့်မှန်းထားကြောင်းနှင့် အောက်တို ဘာလ ၁ ရက်နေ့မှစတင်၍ လူလတ်တန်းစားများအတွက် ဒေဝါလီလက်ဆောင်အဖြစ် အကောင်အထည်ဖော်ပါက ၂၀၂၅/၂၆ ဘဏ္ဍာနှစ်တွင် GDP ၏ ၀.၁% မှ ၀.၂% အထိဆုံးရှုံးနိုင်ပြီး ၂၀၂၆/၂၇ ဘဏ္ဍာနှစ်တွင် ထိုဆုံးရှုံးမှုထက် နှစ်ဆအထိရှိလာနိုင်ကြောင်း ပြောကြားလျက်ရှိသည်။

ပို့ကုန်အပေါ်မှီခိုရသော အခြားစီးပွားရေးများနှင့်မတူဘဲ အိန္ဒိယ၏စုစုပေါင်းပြည်တွင်းထုတ်ကုန်(GDP)ကို ပြည်တွင်းစားသုံးမှုက အဓိကမောင်းနှင်လျက်ရှိပြီး ၎င်းသည် စုစုပေါင်းထုတ်လုပ်မှု၏ ၆၀% ကျော်အထိရှိပါကြောင်း၊ ဤသို့ဖြစ်ခြင်းက ပြင်ပစီးပွားရေးလှုပ်ခတ်မှုများမှ ကာကွယ်ပေးသည့် ခံနိုင်ရည်ကိုဖန်တီးပေးထားပါကြောင်း၊ လိုအပ်သောကုန်ပစ္စည်းများအတွက် အကောက်ခွန်နှုန်းထားလျှော့ချခြင်း၊ အခွန်ဆောင်ခြင်းစနစ်ပိုမိုကောင်းမွန်လာခြင်းနှင့် ဝင်ငွေတိုးမြင့်လာခြင်းတို့က ပြည်တွင်းဝယ်လိုအားကို ပိုမိုအားကောင်းစေမည်ဟု စီးပွားရေးပညာရှင်များက သုံးသပ်ထားသည်။

 SBI ၏သုတေသနအစီရင်ခံစာအရ ပြဌာန်းရန်စီစဉ်နေသော GST ပြုပြင်ပြောင်းလဲမှုသည် လတ်တလောအကောင်အထည်ဖော်ခဲ့သည့် ဝင်ငွေခွန်လျှော့ချမှုများနှင့်ပေါင်းစပ်ပါက စုစုပေါင်းစားသုံးမှုကို ရူပီး ၅.၃၁ ထရီလီယံအထိတိုးမြင့်စေနိုင်ကြောင်း၊ ၎င်းမှာ GDP ၏ ၁.၆% ခန့်နှင့်ညီမျှကြောင်း ခန့်မှန်းထားသည်။ ဤတိုးတက်မှု၏ ရူပီး ၁.၉၈ ထရီလီယံမှာ အိမ်သုံးကုန်ပစ္စည်းများအတွက် GST နှုန်းထားလျှော့ချမှုမှ ရရှိလာမည်ဖြစ်ကြောင်း၊ ဤပိုမိုမြင့်မားလာသောသုံးစွဲမှု သည် စီးပွားရေးကဏ္ဍအသီးသီးတွင် ဆက်တိုက်မြှင့်တင်နိုင်သော အကျိုးသက်ရောက်မှုရှိလာမည်ဟု မျှော်မှန်းထားကြောင်း သိရှိရသည်။

Fitch Ratings သည် လက်ရှိကာလအတွင်း အိန္ဒိယ၏ အစိုးရဘဏ္ဍာရေးအဆင့်သတ်မှတ်ချက်(sovereign rating)ကို 'BBB-' အဆင့်အဖြစ် မပြောင်းလဲဘဲ ထိန်းသိမ်းထားကြောင်း ကြေညာခဲ့သည်။ ဤအဆင့်သည် ၂၀၀၆ ခုနှစ်မှစတင်၍ မပြောင်းလဲဘဲရှိနေခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုအဆင့်(investment grade)၏ အနိမ့်ဆုံးအဆင့်ဖြစ်ကာ အနာဂတ်ရှုထောင့်မှာလည်း တည်ငြိမ်မှု(stable outlook)ရှိသည်ဟုသတ်မှတ်ခဲ့သည်။ Fitch ၏ဤဆုံးဖြတ်ချက်သည် S&P က အိန္ဒိယ၏အဆင့်သတ်မှတ်ချက်ကို ၁၈ နှစ်အတွင်း ပထမဆုံးအကြိမ် BBB အဆင့်သို့မြှင့်တင်ပြီးနောက် ရက်ပိုင်းအတွင်းပေါ်ပေါက်လာခြင်းဖြစ်သည်။ Moody’s ကမူ အိန္ဒိယကို ၂၀၂၀ မှစ၍ Baa3 အဆင့်သတ်မှတ်ထားဆဲဖြစ်သည်။ Fitch က အိန္ဒိယတွင် "ခိုင်မာသောစီးပွားရေးတိုးတက်မှုနှင့် ပြင်ပဘဏ္ဍာရေးဆိုင်ရာအားသာချက်များ"ရှိကြောင်းဖော်ပြထားသော်လည်း အခြားနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ဘဏ္ဍာရေးဆိုင်ရာညွှန်းကိန်းများအားနည်းခြင်း (ဥပမာ-ဘဏ္ဍာရေးလိုငွေပြမှု၊ ကြွေးမြီနှင့်ကြွေးပြန်ဆပ်မှုစရိတ်များမြင့်မားခြင်း)ကို ဆက်လက်ထောက်ပြခဲ့သည်။

S&P က အမေရိကန်၏ အကောက်ခွန်များသည် အိန္ဒိယစီးပွားရေးအပေါ် သက်ရောက်မှုမှာ ထိန်းချုပ်နိုင်သောပမာဏသာရှိမည်ဖြစ်ကြောင်း၊ ထိုသို့ဆိုရခြင်းမှာ အိန္ဒိယ၏အမေရိကန်ကုန်သွယ်ရေးအပေါ် မှီခိုမှုနှုန်းမှာ အတန်အသင့်သာရှိခြင်းနှင့် ၎င်း၏စီးပွားရေးကြီးထွားမှု၏ ၆၀% ခန့်သည် ပြည်တွင်းစားသုံးမှုမှ လာခြင်းကြောင့်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

BMI က လူဦးရေဆိုင်ရာအထောက်အကူအချက်များ(demographic tailwinds)ကိုလည်းညွှန်းဆိုထားပြီး အိန္ဒိယသည် လာမည့်ဆယ်စုနှစ်အတွင်းအလုပ်လုပ်နိုင်သော လူဦးရေ ၈၀ သန်းတိုးပွားလာမည်ဖြစ်ကြောင်း၊စုစုပေါင်းမွေးဖွားနှုန်း(total fertility rate)မှာ ၂.၀ ထက်အနည်းငယ်သာ ကျော်လွန်သည့်အဆင့်သို့ကျဆင်းကာ မှီခိုနှုန်း (dependency ratio)ကို ၃၅% ခန့်သို့ လျှော့ချနိုင်မည်ဖြစ်ကြောင်း၊ ယင်းအခြေ အနေသည် တရုတ်နိုင်ငံ၏ရင်းနှီးမြှုပ်နှံမှုစီးပွားရေးတိုးတက်စဉ်ကာလကကဲ့သို့ပင် ရင်းနှီးမြှုပ်နှံမှုအတွက် အရင်းအမြစ်များကို ပိုမိုလွှဲပြောင်းသုံးစွဲနိုင်စေမည်ဖြစ် ကြောင်း ဖော်ပြထားသည်။

BMI ၏ အကောင်းမြင်အခြေအနေ(bullish scenario)အရ ပြည်နယ်အဆင့်တွင် ၂၀၂၀ ခုနှစ် အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲမှုများကဲ့သို့သောပြုပြင်မှုများ အကောင်အထည်ဖော်ခြင်း၊ အမျိုးသမီးအလုပ်သမားအင်အားပါဝင်မှုတိုးတက်လာခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုအတွက် ငွေသုံးစွဲမှုမြင့်တက်လာခြင်းစသည့်အချက်များပြည့်မီပါက စီးပွားရေးတိုးတက်မှုနှုန်း ၇.၀% အထိ ရောက်ရှိနိုင် ကြောင်း၊ ဆန့်ကျင်ဘက်အားဖြင့်၊ တိုးပွားလာနေသော အလုပ်သမားအင်အားနှင့်အညီ အလုပ်အကိုင်အခွင့်အလမ်းသစ်များဖန်တီးပေးနိုင်မှုနောက်ကျပါက တိုးတက် မှုနှုန်း ၅.၅% အထိ ကျဆင်းသွားနိုင်ကြောင်းနှင့် အိန္ဒိယ၏ ရှုပ်ထွေးသောနိုင်ငံရေးစနစ်တွင် အပြန်အလှန်ထိန်းကျောင်းမှုရှိသော ပြုပြင်ပြောင်းလဲရေးအကောင် အထည်ဖော်မှုအရှိန်အဟုန်သည် အရေးကြီးနေဆဲဖြစ်ကြောင်း သိရှိရသည်။

BMI က ၂၀၂၅ နှင့် ၂၀၂၆ ခုနှစ်အတွက် အိန္ဒိယနိုင်ငံရှိ စားသုံးသူများအပေါ် အလွန်အပြုသဘောဆောင်သော မျှော်မှန်းချက်ရှိကြောင်း၊ ကျေးလက်ဒေသနှင့် မြို့ပြနေရာစုံမှ ယုံကြည်မှုတိုးမြင့်လာသည်ကို ဖော်ပြနေသော ကြိမ်နှုန်းမြင့်ဒေတာနှင့်အတူ ငွေကြေးဖောင်းပွမှုနှုန်းသည်လည်း ၈ နှစ်အတွင်း အနိမ့်ဆုံးအဆင့်သို့ရောက်ရှိခဲ့ကြောင်း၊ အိမ်ထောင်စုဘဏ္ဍာရေးတည်ငြိမ်လာသည်နှင့်အမျှ စျေးကြီးပစ္စည်းများအတွက် စားသုံးသူသုံးစွဲမှုများ ပိုမိုအားကောင်းလာမည်ဟု ၎င်းတို့ကမျှော်လင့်ထားကြောင်း ထပ်မံဖော်ပြခဲ့သည်။

အိန္ဒိယနိုင်ငံရှိ အိမ်ထောင်စုအသုံးစရိတ်သည် ၂၀၂၅ ခုနှစ်အတွင်း ခိုင်မာစွာကြီးထွားလာမည်ဖြစ်ကြောင်း၊(၂၀၁၀ ခုနှစ်စျေးနှုန်းများဖြင့် တိုင်းတာထားသော) အမှန်တကယ်အိမ်ထောင်စုအသုံးစရိတ်သည် တစ်နှစ်အတွင်း ၆.၉% အထိ နှစ်စဉ်တိုးတက်လာမည်ဖြစ်ကြောင်း၊ အိန္ဒိယ၏ စီးပွားရေးကြီးထွားမှုဆက်လက်တည်ရှိပြီး အိန္ဒိယအလယ်အလတ်လူတန်းစားတိုးတက်များပြားလာခြင်းကြောင့် ဖြစ်ပေါ် လာသည့် ပြည်တွင်းဝယ်လိုအားတိုးတက်မှုက ပံ့ပိုးပေးမည့် ပိုမိုတည်ငြိမ်သော အလယ်အလတ်ကာလ(၂၀၂၅-၂၀၂၉)ကြီးထွားမှုလမ်းကြောင်းသို့ ချဉ်းကပ်လာခြင်းနှင့်အတူ ၂၀၂၅ ခုနှစ်အတွင်း စားသုံးသူအသုံးစရိတ်ကြီးထွားမှုကို ရရှိလာမည်ဖြစ်သကဲ့သို့ ငွေကြေးဖောင်းပွမှုလည်း ထိန်းချုပ်နိုင်မှုအောက်တွင်ထားရှိနိုင်မည်ဖြစ် ကြောင်း BMI က ဖော်ပြထားရှိပါသည်။

အစီရင်ခံစာတွင် ဆက်လက်ဖော်ပြထားသည်မှာ ၂၀၂၅ ခုနှစ်အတွင်း အိမ်ထောင်စုအသုံးစရိတ်ကြီးထွားနှုန်းသည် ကပ်ရောဂါမတိုင်မီကာလဖြစ်သော ၂၀၁၉ ခုနှစ်က ၅.၄% ရှိခဲ့သည့်အဆင့်ထက် ပိုမိုမြန်ဆန်စွာတိုးတက်လာမည်ဖြစ်ကြောင်း၊  ၂၀၂၆ ခုနှစ်တွင် ဤကြီးထွားနှုန်း ၅.၅% အထိကျဆင်းလာမည်ဟု ခန့်မှန်းထားပြီး၊ ယင်းကြောင့် အမှန်တကယ်အသုံးစရိတ်မှာ ရူပီး ၂၄၄ ထရီလီယံအထိ ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရသည်။

BMI ၏အစီရင်ခံစာတွင် ၂၀၂၅ ခုနှစ်၊ ဇူလိုင်လအတွင်း ငွေကြေးဖောင်းပွမှုနှုန်း ၁.၅၅% အထိ လျော့ကျသွားကြောင်း၊ ယင်းသည် ၉ လဆက်တိုက်လျော့ကျမှုဖြစ်ပြီး ၂၀၁၇ ခုနှစ် ဇွန်လနောက်ပိုင်း အနိမ့်ဆုံးအဆင့်လည်းဖြစ်ကြောင်း၊ အစား အသောက်ဈေးနှုန်းဖောင်းပွမှုမှာ ၁.၈% အထိ နှေးကွေးသွားကာ ၂၀၁၉ ခုနှစ် ဇန်နဝါရီလနောက်ပိုင်း အနိမ့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့ကြောင်း၊ BMI ၏ နိုင်ငံ ဆိုင်ရာစွန့်စားမှုအဖွဲ့(Country Risk Team) က ၂၀၂၅ ခုနှစ်အတွက် ငွေကြေး ဖောင်းပွမှုခန့်မှန်းချက်ကို ၃.၀% မှ ၂.၀% သို့လျှော့ချခဲ့ပြီး ၂၀၂၆ ခုနှစ်အတွက် ပျမ်းမျှငွေကြေးဖောင်းပွမှုနှုန်း ၃.၅% အထိရှိမည်ဟု ခန့်မှန်းထားကြောင်း၊ ယင်းသည် ၂၀၁၉ ခုနှစ် ကပ်ရောဂါမတိုင်မီက ငွေကြေးဖောင်းပွမှုနှုန်း ၄.၈ % ထက်နိမ့်ကျနေဆဲဖြစ်ကြောင်းနှင့် ဈေးနှုန်းများတည်ငြိမ်မှုသည် အိမ်ထောင်စုများအား အသုံးစရိတ်(အထူးသဖြင့် စျေးကြီးပစ္စည်းများ)အတွက် ပိုမိုလွတ်လပ်ခွင့်ရစေမည်ဟု မျှော်မှန်းထားကြောင်း ဖော်ပြ ထားသည်။

Source: India seen among Asia’s fastest growing economies as Trump’s tariff meets PM Modi’s GST power move, The Economic Times, August 28, 2025.

(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News