International News

တရုတ်ကုမ္ပဏီများအနေဖြင့် အရှေ့တောင်အာရှ၌ e-commerce လုပ်ငန်းများဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ပေးလျက်ရှိ

Last Updated:

စင်ကာပူဘဏ်အဖွဲ့ DBS နှင့် ဈေးကွက်အချက်အလက်အဖွဲ့ Cube တို့မှ ပူးပေါင်းထုတ်ဝေသည့် အစီရင်ခံစာတွင် အရှေ့တောင်အာရှ၏ e-commerce ရောင်းချမှုသည် ၂၀၂၄ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၄ ဘီလီယံမှ ၂၀၃၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၄၁၀ ဘီလီယံအထိ နှစ်ဆကျော်တိုးတက်မည်ဟုခန့်မှန်းထားပြီး ဤကာလအတွင်း နှစ်စဉ်တိုးတက်မှုနှုန်းစုစုပေါင်း(compound annual growth rate-CAGR)၏ ၁၄ ရာခိုင်နှုန်းရှိလာမည်ဟု ခန့်မှန်းထားသည်။

ဒေသတွင်းနိုင်ငံများ၏ e-commerce လုပ်ငန်းအရှိန်အဟုန်ဖြင့် ချဲ့ထွင်လာသည်နှင့်အမျှ တရုတ်ကုမ္ပဏီများအနေဖြင့် ပိုမိုအဆင်ပြေသော အွန်လိုင်းစျေးဝယ်ခြင်းအတွေ့အကြုံများကို ပေးစွမ်းနိုင်ရန်အတွက် ဒေသတွင်းစီးပွားရေးလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ နည်းပညာပလက်ဖောင်းများ(technology platforms)အဆင့်မြှင့်တင်ခြင်း၊ ပို့ဆောင်ဆက်သွယ်ရေးစနစ်များ(logistics systems)ဆန်းသစ်တီထွင်ခြင်းအပြင် ဒေသခံအရည်အချင်းရှိသူများမွေးထုတ်ပေးခြင်းတို့ကို ပံပိုးကူညီဆောင်ရွက်ပေးလျက်ရှိပြီး ၎င်းတို့၏ပံ့ပိုးမှုများသည် အရှေ့တောင်အာရှ e-commerce လုပ်ငန်း၏ အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို သိသိသာသာမြှင့်တင်ပေးကြောင်း တွေ့ရှိရသည်။

အရှေ့တောင်အာရှ၏ ထိပ်တန်း e-commerce ပလက်ဖောင်းတစ်ခုဖြစ်သော Lazada သည် ဝါးထုတ်ကုန်များ(bamboo-woven products) နှင့် ကြိမ်ပရိဘောဂ(rattan furniture)များ အထူးပြုရောင်းချသည့်ဆိုင်တစ်ခုဖြစ်ပြီး အဆင့်သတ်မှတ်ချက် ၉၅% ရရှိထားသည်။ အထူးသဖြင့် ထိုင်းနိုင်ငံမှ ဝယ်ယူသူများကြားတွင် ရေပန်းစားပြီး လျင်မြန်သော ပို့ဆောင်မှု၊ လုံခြုံသောထုပ်ပိုးမှုနှင့် ကုန်ပစ္စည်းအရည်အသွေးမြင့်မားမှုတို့တွင် အသိအမှတ်ပြုခြင်းခံရသည်။

အဆိုပါဆိုင်ကို တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်သား Yu Le က စီမံလုပ်ကိုင်ခြင်းဖြစ်ပြီး တက္ကသိုလ်မှ ထိုင်းဘာသာစကားအထူးပြုဖြင့် ဘွဲ့ရရှိပြီးနောက် ထိုင်းနိုင်ငံသို့ ပြောင်းရွှေ့လာ၍ လုပ်ငန်းစတင်ခဲ့ခြင်းဖြစ် သည်။ ၎င်းအနေဖြင့် ကုမ္ပဏီဖွင့်လှစ်ခဲ့သည်မှာ ၄ နှစ်ကျော်ရှိပြီဖြစ်ပြီး ဝယ်သူဝန်ဆောင်မှုပေးခြင်း(customer service)၊ လိုက်ဖ်လွှင့်ခြင်း(live -streaming)၊ ထုပ်ပိုးခြင်း(packaging)နှင့် ဂိုဒေါင်လုပ်ငန်းများ(ware house operations)အတွက် အလုပ်သမား ၂၆  ဦးရှိကြောင်း၊ ဆိုင်၏ ဂိုဒေါင်သည် မြို့တော်ဘန်ကောက်မြို့မှ တစ်နာရီကျော်ဝေးသည့် Samut Sakhon ပြည်နယ်တွင်ရှိသဖြင့် ယနေ့ပစ္စည်းမှာယူသည့်ဖောက်သည်များအတွက် နောက်တစ်ရက်တွင် ပို့ဆောင်ပေးခြင်းကိုဆောင်ရွက်ကြောင်း Yu ၏ ပြောကြားချက်အရ သိရှိရသည်။

အရှေ့တောင်အာရှသည် လူဦးရေသန်း ၇၀၀ နီးပါးရှိပြီး အများစုမှာ လူငယ်များဖြစ်ကာ အင်တာနက်အသုံးပြုမှုနှုန်း ၇၀ ရာခိုင်နှုန်းကျော်ရှိသဖြင့် ကမ္ဘာတစ်ဝှမ်းရှိ e-commerce ဈေးကွက်များတွင် အလား အလာအကောင်းဆုံးဈေးကွက်တစ်ခုဖြစ်သည်။ Lazada နှင့် Shopee တို့သည် ဒေသတွင်းထိပ်တန်း e-commerce ပလက်ဖောင်းများဖြစ်ကြပြီး Tokopedia နှင့် TikTok တို့သည်လည်း လျင်မြန်စွာ လွှမ်းမိုးလာလျက်ရှိသည်။

၂၀၁၆ ခုနှစ်တွင် တရုတ်ကုမ္ပဏီတစ်ခုက Lazada ကို ဝယ်ယူခဲ့ပြီး ယင်းပလက်ဖောင်းအားကောင်းလာစေရန် နည်းပညာအဆင့်မြှင့်တင်ခြင်း (technological upgrade)၊ အရင်းအနှီးထည့်ဝင်ခြင်း(injecting capital)နှင့် အရည်အချင်းရှိလူသစ်များမိတ်ဆက်ခြင်း(introducing new talent)တို့ကို ဆောင်ရွက်ခဲ့သည်။ ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလတွင် Lazada သည် အသုံးပြုသူများ၏ ယခင်ဝယ်ယူမှုများကို ဆန်းစစ်၍ ဉာဏ်ရည်တု(AI)အကူအညီဖြင့် ထုတ်ကုန်များကို အကြံပြုခြင်းနှင့် နမူနာစမ်းသပ်ခြင်းတို့ကို ဆောင်ရွက်ပေးနိုင်သည့် AI အခြေပြုစနစ်တစ်ခုကို မိတ်ဆက်ခဲ့သည်။

ထိုင်းစားသုံးသူများ၏ အွန်လိုင်းစျေးဝယ်ခြင်းအလေ့အထများသည် မကြာသေးမီနှစ်များအတွင်း သိသိသာသာပြောင်းလဲလာခဲ့ပြီး e-commerce သည် ဈေးဝယ်ခြင်း၏ ပိုမိုကြီးမားသော အစိတ်အပိုင်းတစ်ခုဖြစ်လာခဲ့သည်။

မလေးရှားနိုင်ငံ၊ Selangor ပြည်နယ်၊ Klang မြို့တွင် တရုတ် e-commerce ကုမ္ပဏီကြီး JD.com ၏လုပ်ငန်းခွဲတစ်ခုဖြစ်သော JINGDONG Logistics ၏ဂိုဒေါင်သည် ၎င်းအလုပ်များနှင့် စည်ကား လျက်ရှိသည်။ JD Logistics ၏မန်နေဂျာ အင်ဒိုနီးရှားနိုင်ငံသား Oey သည် တရုတ်နိုင်ငံတွင် ဆယ်စုနှစ်တစ်ခုကျော်နေထိုင်ခဲ့ပြီး ၎င်းတို့ကုမ္ပဏီသည် တရုတ်၏ အမြန်နှုန်းနှင့် ထိရောက်မှုကို အရှေ့တောင် အာရှတွင် အတုယူနိုင်ရန် ရည်ရွယ်ဆောင်ရွက်ထားခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။

ထိရောက်မှုနှင့် တိကျမှုကို မြှင့်တင်ရန် JD Logistics သည် အလို အလျောက်ဂိုဒေါင်စနစ်များကို ထုပ်ပိုးခြင်းနှင့် စီမံခြင်းတို့အတွက် မိတ်ဆက်ခဲ့သည်။ ယင်းစက်ရုံသို့ ရောက်ရှိလာသော ကုန်ပစ္စည်းများကို ဘားကုဒ်ဖတ်ခြင်း(barcode scanning)နှင့် ထုထည်တိုင်းတာခြင်း (volumetric measurement) စနစ်များတပ်ဆင်ထားသော စမတ်အလေးချိန်စင်(smart weighing station)ပေါ်တွင် ထားရှိခြင်းဖြင့် ပစ္စည်း၏ အလေးချိန်၊ အရွယ်အစားနှင့် ထုထည်တို့ကို ချက်ချင်းမှတ်တမ်းတင်နိုင်ပြီး လုပ်ငန်းစဉ်များကို ချောမွေ့စေသည်။ ၂၀၂၄ ခုနှစ်တွင် ကုမ္ပဏီ၏အရှေ့တောင်အာရှရှိ လုပ်ငန်းဆောင်ရွက်မှုပမာဏသည် နှစ်ဆကျော်တိုးတက်လာခဲ့သည်။

အရှေ့တောင်အာရှလူငယ်များ e-commerce လုပ်ငန်းထဲသို့ များစွာဝင်ရောက်လာသည်နှင့်အမျှ တရုတ်ကုမ္ပဏီများနှင့် တက္ကသိုလ်များအနေဖြင့် ဒေသခံအရည်အချင်းရှိသူများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံလာကြသည့်အပြင် အဆိုပါကဏ္ဍ၏ရေရှည်ဖွံ့ဖြိုးတိုးတက် မှုအတွက် အရှိန်အဟုန်ဖြင့် ဝင်ရောက်ဆောင်ရွက်လာကြသည်။

၂၀၂၂ ခုနှစ်တွင် ထိုင်းနိုင်ငံ၊ ချင်းမိုင်တက္ကသိုလ်(Chiang Mai University)ရှိ အနုပညာ၊ မီဒီယာနှင့် နည်းပညာကောလိပ်(College of Arts, Media and Technology)သည် ၎င်း၏ ကွန်ဖြူးရှပ်အင်စတီကျု့ (Confucius Institute)နှင့်အတူ တရုတ်-ထိုင်းနယ်စပ်ဖြတ်ကျော် e-commerce ဆိုင်ရာ မဟာဘွဲ့အစီအစဉ်တစ်ခုကို ပူးပေါင်းစတင်ခဲ့သည်။ ဤအစီအစဉ်သည် "ဒစ်ဂျစ်တယ်စီးပွားရေးလုပ်ငန်းပံ့ပိုးမှု"("Digital Entrepreneurship Support)ပရိုဂရမ်အောက်ရှိ စီမံကိန်းများအပြင် Thailand 4.0 ဖွံ့ဖြိုးတိုးတက်ရေးမဟာဗျူဟာ(Thailand 4.0 develop ment strategy)နှင့် Lancang-Mekong Cooperation(LMC) အထူးရန်ပုံငွေတို့မှ ပံ့ပိုးကူညီမှုရရှိခဲ့သည်။

ဤအစီအစဉ်သည် ဒစ်ဂျစ်တယ်ကျွမ်းကျင်သူများလေ့ကျင့်မွေးထုတ် ပေးရာ၌ အထောက်အကူပြုခဲ့ပြီး စတင်တည်ထောင်သည့်လုပ်ငန်းများ (startups)နှင့် e-commerce ပလက်ဖောင်းများဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းကြောင်းဖော်ဆာင်ပေးလျက်ရှိကြောင်း ကောလိပ်၏ လက်ထောက်ဌာနမှူး Danaitun Pongpatcharatorntep က ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၊ Guizhou ပြည်နယ်ရှိ Zunyi Normal University သည်လည်း စက်မှုလုပ်ငန်းမိတ်ဖက်များနှင့်ပူးပေါင်းပြီး နယ်စပ်ဖြတ်ကျော် e-commerce လေ့ကျင့်ရေးစင်တာတစ်ခုထူထောင်ခဲ့သည်။ ဗီယက်နမ်နှင့် ထိုင်းနိုင်ငံကဲ့သို့သော ဈေးကွက်များကို ရည်ရွယ်သည့် တိုက်ရိုက်ထုတ်လွှင့်မှုစတူဒီယို ၈ ခု ပါဝင်သည်။ တရုတ်-လာအို e-commerce အရည် အချင်းရှိသူများဖွံ့ဖြိုးရေးအစီအစဉ်(China-Laos e-commerce talent development program)မှတစ်ဆင့် တစ်နှစ်ကျော်လေ့ကျင့်သင်ယူခဲ့ပြီးနောက် လာအိုကျောင်းသူ Wang Yunlan သည် စင်တာတွင် တိုက်ရိုက်ထုတ်လွှင့်ရေးမှူးတစ်ဦးဖြစ်လာခဲ့သည်။

အရင်းမြစ်။ https://en.people.cn/n3/2025/0814/c98649-20353136.html

(လျန်ရှန်းမုန်၊ စီးပွားရေးသံမှူး၊ ကူမင်းမြို့)

Category: International News