အမေရိကန်၏ အပိုအကောက်ခွန် ၂၅% သည် ဗုဒ္ဓဟူးနေ့က စတင်အာဏာသက်ရောက်ခဲ့ပြီး အိန္ဒိယတင်ပို့သူများနှင့် စီးပွားရေးလုပ်ငန်းအများအပြားကို လှုပ်ခတ်သွားစေခဲ့ကြောင်း သိရှိရသည်။ Times of India(TOI)၏ဖော်ပြချက်အရ ဘာကလေးဘဏ်က ဒေါ်နယ်ထရမ့်၏ ယခုနောက်ဆုံးလုပ်ဆောင်ချက်ကြောင့် အိန္ဒိယမှအမေရိကသို့ ကုန်စည်တင်ပို့မှု၏ ၇၀% နီးပါးသည် "ပြင်းထန်သော ခြိမ်းခြောက်မှု" နှင့် ရင်ဆိုင်နေရကြောင်း သတိပေးခဲ့သည်။
အမေရိကန်သည် အိန္ဒိယ၏အကြီးဆုံးတင်ပို့ကုန်ဈေးကွက်ဖြစ်ကာ ၂၀၂၄ ခုနှစ်အတွင်း ဒေါ်လာ ၈၀ ဘီလီယံတန်ဖိုးတင်ပို့ထားပြီး စုစုပေါင်းတင်ပို့မှု၏ ၁၈% ကို ရယူထားသည်။
အမေရိကန်က စမတ်ဖုန်းများ၊ ရေနံထွက်ကုန်များနှင့် ဆေးဝါးပစ္စည်းများအား ကင်းလွတ်ခွင့်ပြုထားသော်လည်း တင်ပို့မည့်ကုန်စည်များ၏ ၇၀% ခန့်ရှိသော ဒေါ်လာ ၅၅ ဘီလီယံတန်ဖိုးရှိ ကုန်ပစ္စည်းများသည် မြင့်မားသောအကောက်ခွန်နှုန်းထားဒဏ်ကို ဆက်လက်ခံစားရမည်ဖြစ်ကြောင်း၊ လျှပ်စစ်စက်ကိရိယာများ၊ ကျောက်မျက်ရတနာနှင့် အထည်အလိပ်ကဏ္ဍများသည် အဆိုးရွားဆုံးထိခိုက်မည့် စီးပွားရေးကဏ္ဍများအဖြစ် ပါဝင်နေကြောင်း သိရှိရသည်။
ဘာကလေးဘဏ်၏ နောက်ဆုံးထုတ်ပြန်ချက်တွင် "အိန္ဒိယစီးပွားရေးကြီးထွားမှုဆိုင်ရာ စွန့်စားရမှုများသည်ပိုမိုမြင့်မားလာကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် ယခင်ကမိတ်ဆွေကောင်းအဆင့်မှ ယခုအခါ စီးပွားရေးအရတင်းမာမှုများရှိသောနိုင်ငံအဖြစ်သို့ ပြောင်းလဲသွားကြောင်း ထည့်သွင်းသုံးသပ်ထားသည်။
ဘာကလေးဘဏ်၏သုံးသပ်ချက်အရ အိန္ဒိယသည် အခြားသော ထွန်းသစ်စနိုင်ငံများနှင့်နှိုင်းယှဉ်ပါက အားနည်းချက်ရှိနေကြောင်း၊ ကုန်သွယ်ရေးမညီမျှမှု ပြင်ပအကြောင်းရင်းများကြောင့် အလားတူအကောက်ခွန်များရင်ဆိုင်နေရသောဘရာဇီးနိုင်ငံမှလွဲ၍ ပါကစ္စတန်၊ ဘင်္ဂလားဒေ့ရှ်ကဲ့သို့သော အိန္ဒိယ၏အိမ်နီးချင်းနိုင်ငံအပါ အဝင် အများစုသောဖွံ့ဖြိုးဆဲနိုင်ငံများ၏ အကောက်ခွန်နှုန်းထားများသည် လျော့နည်းကြကြောင်း ဖော်ပြထားသည်။
အစီရင်ခံစာတွင် စမတ်ဖုန်းကဏ္ဍအကောက်ခွန်ကင်းလွတ်ခွင့်သည် အိန္ဒိယ၏ ထုတ်လုပ်မှုနှင့် ဆက်စပ်သည့်မက်လုံးပေးအစီအစဉ်အောက်တွင်(PLI)အောက်တွင် သက်သာခွင့်များရရှိစေသော်လည်း၊ အထည်အလိပ်၊သားရေ၊ ဖိနပ်နှင့်ကျောက်မျက် ရတနာကဲ့သို့သော လုပ်သားအင်အားအသုံးများသည့် ကဏ္ဍများသည် ၆၀% အထိရှိနိုင်သည့် စုပေါင်းအကောက်ခွန်နှုန်းထားများကြောင့် အခက်အခဲများနှင့် ရုန်းကန်ရမည်ဖြစ်ကြောင်း ထောက်ပြထားသည်။
၂၀၂၄ ခုနှစ်တွင် အမေရိကန်သို့ တန်ဖိုးဒေါ်လာ ၈.၇ ဘီလီယံတင်ပို့နေသော အိန္ဒိယ၏ ဆေးဝါးကဏ္ဍသည် လက်ရှိတွင်အကောက်ခွန်မှကင်းလွတ်ခွင့်ရရှိထားသော်လည်း၊ သမ္မတထရမ့်က ၁၂ လမှ ၁၈ လအတွင်း အကောက်ခွန်နှုန်းထား ၂၀၀% အထိသတ်မှတ်နိုင်ကြောင်းအချက်ပြထားသည့်အတွက် အနာဂတ်တွင် မရေရာမှုများရင်ဆိုင်ရနိုင်ကြောင်းလည်း သိရှိရသည်။
အမေရိကန်၏အခွန်နှုန်းထားသစ်သည် တိုးတက်မှုအားချက်ချင်းဆိုသလိုနှောင့်နှေး စေသော်လည်း အိန္ဒိယတွင် အကာအကွယ်အချို့(buffers)ဆက်လက်ရှိနေဆဲဖြစ်ကြောင်း၊ စမတ်ဖုန်းများနှင့် ဆေးဝါးများအတွက် အကောက်ခွန်ကင်းလွတ်ခွင့်သည် ၎င်း၏အမြန်ဆုံးကြီးထွားနေသော တင်ပို့မှုအမျိုးအစားနှစ်ခုအား အဓိကကာကွယ်ပေးလျက်ရှိကြောင်း၊ ထို့အပြင် အိန္ဒိယ၏နည်းဗျူဟာကျသော ရုရှားရေနံစိမ်းအား လျှော့ဈေးသွင်းယူမှုများသည် ပြင်ပဖိအားများအား လျော့ပါးစေရန် အကူ အညီပေးခဲ့ပြီး မကြာသေးမီနှစ်များအတွင်း စီးပွားရေးအား ဒေါ်လာ ၇ ဘီလီယံမှ ၁၀ ဘီလီယံခန့်ချွေတာမိစေသည်ဟု ခန့်မှန်းရကြောင်း ဖော်ပြထားသည်။
အိန္ဒိယအစိုးရသည် ပြည်တွင်းစီးပွားရေးအစီအမံများကိုလည်း အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဝန်ကြီးချုပ်နာရင်ဒြာမိုဒီက မကြာသေးမီက စားသုံးမှုတိုးတက်ရန် ကုန်စည်နှင့်ဝန်ဆောင်မှုဆိုင်ရာအခွန်(GST)ပြုပြင်ပြောင်းလဲမှုများကို ကြေညာခဲ့သကဲ့သို့ အရေးပေါ်ချေးငွေအာမခံစီမံချက်(ECLGS)ကဲ့သို့သောစီမံချက်များကို အသေးစားနှင့်အလတ်စားလုပ်ငန်း(MSME)တင်ပို့သူများအား ပံ့ပိုးရန်အတွက် ပြန်လည်အသက်သွင်းနိုင်ကြောင်းလည်းသိရှိရသည်။
စက်မှုလုပ်ငန်းအသင်းအဖွဲ့များက အတိုးနှုန်းထောက်ပံ့ကြေး(interest subvention)၊ ပြန်ဆပ်ငွေဆိုင်းငံ့ခွင့်(repayment moratoriums)နှင့် ပိုမိုမြင့်မားသော အကောက်ခွန်ပြန်အမ်းခြင်းနှုန်းထားမြှင့်တင်ရေးတို့ကို တောင်းဆိုထားပြီး အစိုးရဘက်မှလည်း အထည်အလိပ်လုပ်ငန်းအတွက်ပို့ကုန်ပစ္စည်းများအား ပြည်တွင်းတွင်ကျသင့်သောအခွန်အခများမှ ပြန်လည်ထုတ်ပေးသည့်စနစ် RoSCTL အကျိုးခံစားခွင့်များကို ငါးနှစ်ထပ်မံတိုးချဲ့ပေးရန် စဉ်းစားဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
အခြေအနေကိုအကဲဖြတ်ရန်အတွက် အမြင့်ဆုံးအဆင့်အစည်းအဝေးများ ဆက်လက်ကျင်းပလျက်ရှိသော်လည်း၊ တုံ့ပြန်ဆောင်ရွက်မှုများပြုလုပ်ရန်ရှိနေခြင်းမရှိဟု တာဝန်ရှိသူများက ရှင်းလင်းပြောကြားထားသည်။ အစိုးရအဆင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လည်ပတ်လျက်ရှိပြီး စက်မှုလုပ်ငန်းရှင်များနှင့်လည်းတွေ့ဆုံဆွေးနွေးမှုများပြုလုပ်လျက်ရှိသည်"ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အိန္ဒိယအစိုးရသည် ပို့ကုန်မြှင့်တင်ရေးမစ်ရှင်(Export Promotion Mission)နှင့် အထူးစီးပွားရေးဇုန်(SEZ)ပြင်ဆင်ချက်များအပါအဝင် အခြားအဆိုပြုချက်များကို စဉ်းစားဆောင်ရွက်လျက်ရှိသည်" ဟု အခြားတာဝန်ရှိသူတစ်ဦးက ဖြည့်စွက်ပြောကြားခဲ့သည်။
ဘာကလေးဘဏ်က ကုန်သွယ်ရေးရှုထောင့်တွင် အိန္ဒိယသည် အမေရိကန်အပြင် အခြားသော ဈေးကွက်အမျိုးမျိုးသို့ချဲ့ထွင်ရန်ရှာဖွေလျက်ရှိကြောင်း၊ အိန္ဒိယ၏ ထိပ်တန်းပို့ကုန်အမျိုးအစား ၁၀ ခု အနက် ၈ ခုတွင် အမေရိကန်က လွှမ်းမိုးထားသော်လည်း အခြားသောဈေးကွက်များ၏အရေးပါမှုမှာ တိုးတက်လာနေကြောင်း ထောက်ပြခဲ့သည်။
ယူအေအီးနှင့် ဗြိတိန်တို့သည် အိန္ဒိယ၏ လျှပ်စစ်စက်ကိရိယာ၊ ဆေးဝါးနှင့် အထည် အလိပ်ကဏ္ဍများအတွက် အဓိကဦးတည်ရာဈေးကွက်များအဖြစ်ပေါ်ထွန်းလာနေပြီး ဥရောပသမဂ္ဂ(EU)၊ ချီလီ၊ ပီရူး၊ နယူးဇီလန်နှင့် အိုမန်နိုင်ငံတို့နှင့် လွတ်လပ်သော ကုန်သွယ်ရေးသဘောတူညီချက်(FTA)ညှိနှိုင်းမှုများလည်း လက်ရှိလုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
Source: US tariffs on India_ Barclays sees 70% of shipments to be under serious threat, The Economic Times, August 28, 2025.
(မျိုးမြင့်မောင်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)