International News

ယူအေအီးနိုင်ငံသည် ကမ္ဘာတစ်ဝှမ်း ချိတ်ဆက်မှုအများဆုံးနိုင်ငံ ၁၀ ခု စာရင်းတွင် ပါဝင်

Last Updated:

ယူအေအီးနိုင်ငံသည် DHL ၏ကမ္ဘာတစ်ဝှမ်းချိတ်ဆက်မှုအစီရင်ခံစာတွင် အဆင့်တက်လာခဲ့ပြီး ယခုအခါ ကမ္ဘာ့တစ်ဝှမ်းချိတ်ဆက်မှုအများဆုံးနိုင်ငံ ၁၀ ခု၏အဆင့် ၈ နေရာတွင် ရပ်တည်လျက်ရှိပြီး ၂၀၀၁ ခုနှစ်မှစတင်သည့်လေ့လာမှုများအရ နိုင်ငံပေါင်း ၁၈၁ နိုင်ငံတို့၏ချိတ်ဆက်မှုများကြီးမားလာမှုတွင် ထိပ်တန်းနေရာကို ရယူနိုင်ခဲ့ပြီး စွမ်းဆောင်ရည်အမြင့်ဆုံးကို မြှင့်တင်နိုင်ခဲ့ပါသည်။

ဤသည်မှာ ရုပ်ပိုင်းဆိုင်ရာနှင့်ဒစ်ဂျစ်တယ်ချိတ်ဆက်မှုနှစ်ခုစလုံး၏ အရှိန်အဟုန်ကြီးမားလာခြင်းကိုပြသနေခြင်းဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်များကို အားကောင်းစေရန်နှင့် နိုင်ငံတကာကုန်သွယ်မှုကို ပိုမိုလွယ်ကူစေရန်ရည်ရွယ်ထားကြောင်း သတင်းဌာနက ဖော်ပြထားပါသည်။

အဆိုပါအစီရင်ခံစာအရ အရှေ့အလယ်ပိုင်းနှင့်မြောက်အာဖရိက(Mena)ဒေသများသည် ကုန်သွယ်မှုမှတစ်ဆင့်သာမက ရင်းနှီးမြှုပ်နှံမှု၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ခရီးသွားလုပ်ငန်းများမှတစ်ဆင့် ကမ္ဘာ့နိုင်ငံများနှင့် ကောင်းစွာချိတ်ဆက်ထားကြောင်း ဖော်ပြပါရှိပါသည်။

ဥရောပဒေသသည် ကုန်သွယ်မှုတွင်ဦးဆောင်နေပြီး လူအများခရီးသွားလာမှုများပြားလျက်ရှိကာ မြောက်အမေရိကဒေသသည် အရင်းအနှီးနှင့်သတင်းအချက်အလက်စီးဆင်းမှုတွင် ဦးဆောင်နေသော်လည်း Mena ဒေသများသည် ကုန်သွယ်မှုတွင်ဒုတိယအဆင့်ဖြစ်ကြောင်းနှင့် ယင်းသည် ရေနံကုန်သွယ်မှု၏ အရေးပါမှု၊ ကုန်သွယ်မှုကွန်ရက်တစ်ခုလုံးတွင် ပင်လယ်ကွေ့နိုင်ငံများ၏အရေးပါမှု တိုးမြင့်လာမှုနှင့် ဥရောပနှင့်မြောက်အာဖရိကဒေသရှိ နိုင်ငံအများအပြားတို့၏ နီးကပ်သောဆက်သွယ်မှုများကို ထင်ဟပ်စေကြောင်း ဖော်ပြထားပါသည်။

DHL ၏ကမ္ဘာတစ်ဝှမ်းချိတ်ဆက်မှုအစီရင်ခံစာသည် ကုန်ပစ္စည်းများ၊ အရင်းအနှီး၊ သတင်းအချက်အလက်နှင့် ကမ္ဘာတစ်ဝှမ်းရှိလူအများခရီး သွားလာမှုများတို့ကို အသေးစိတ်ကြည့်ရှုပေးသည့် ဒေတာအချက်အလက်ကိုးသန်းနီးပါးအပေါ် အခြေခံထားပါသည်။ ယခုနှစ်အစီရင်ခံစာတွင် သုညရာခိုင်နှုန်း(နိုင်ငံတကာလှုပ်ရှားမှုများမရှိ)မှ ၁၀၀ ရာခိုင်နှုန်း(ချောမွေ့သောကမ္ဘာ့ကြီး)အထိ ကမ္ဘာလုံးဆိုင်ရာ အတိမ်အနက်များကို တိုင်းတာရန်အတွက်နည်းလမ်းအသစ်ကို မိတ်ဆက်ခဲ့ပါသည်။ လက်ရှိအနေအထားအရ ၎င်းသည် ၂၅ ရာခိုင်နှုန်းတွင်ရပ်တည်လျက်ရှိပြီး ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှုမှာ အလှမ်းကွာနေဆဲဖြစ်ကြောင်း ညွှန်ပြလျက်ရှိပါသည်။

ကမ္ဘာ့စီးပွားရေးစိန်ခေါ်မှုများနှင့် နိုင်ငံရေးမငြိမ်သက်မှုများရှိနေသော်လည်း နိုင်ငံတကာစီးဆင်းမှုများမှာအားကောင်းနေဆဲဖြစ်ပြီး ပြည်တွင်းလုပ်ငန်းများထက် ပိုမိုလျင်မြန်စွာကြီးမားလျက်ရှိကာ ရှည်လျားသောအကွာအဝေးများအထိ ချဲ့ထွင်ခရီးဆန့်နေကြောင်းကိုလည်း အစီရင်ခံစာတွင်ဖော်ပြထားပြီး ကမ္ဘာ့စီးပွားရေးတွင်နိုင်ငံများအတွက် အခွင့်အလမ်းအမျိုးမျိုးကို အကြံပြုထားပါသည်။ ယူအေအီးနိုင်ငံအပါအဝင် အရှေ့အလယ်ပိုင်းဒေသနိုင်ငံများသည် ဤအခွင့်အရေးကိုရယူထားပြီး နိုင်ငံတကာကုန်သွယ်မှုနှင့်အရင်းအနှီး၊ သတင်းအချက်အလက်နှင့်ကျွမ်းကျင်လုပ်သားများစီးဆင်းမှုလွယ်ကူစေရန် ၎င်းတို့၏ဒစ်ဂျစ်တယ်ချိတ်ဆက်မှုများကို တိုးမြှင့်ထားကြောင်း ဖော်ပြပါရှိပါသည်။

အရှေ့အလယ်ပိုင်းနှင့်အာဖရိကအတွက် DHL Global Forwarding မှ အမှုဆောင်အရာရှိချုပ် Amadou Diallo က မကြာသေးမီကာလများတွင် စီးပွားရေးစိန်ခေါ်မှုများရှိနေခဲ့သော်လည်း DHL ၏ကမ္ဘာတစ်ဝှမ်းချိတ်ဆက်မှုအစီရင်ခံစာအရ ကမ္ဘာလုံးဆိုင်ရာပေါင်းစည်းမှုသည် ၂၀၂၂ ခုနှစ်တွင် စံချိန်တင်ခဲ့ပြီး ၂၀၂၃ခုနှစ်တွင်လည်းမြင့်မားလာခဲ့ကြောင်း၊ စီးပွားရေးလုပ်ငန်းများအား နိုင်ငံတကာတွင် ချဲ့ထွင်လာကာ ပြည်ပတွင် ရောင်းချမှုများတိုးမြင့်လာခဲ့ပြီး အထူးသဖြင့်ယူအေအီးနိုင်ငံသည် နည်းပညာနှင့် အမျိုးသားမူဝါဒများမှတစ်ဆင့် ကမ္ဘာလုံးဆိုင်ရာကုန်သွယ်မှုကို မြှင့်တင်ရန်၊ စွမ်းဆောင်ရည်များကို ဆွဲဆောင်ရန်နှင့် ကုန်စည်ဖလှယ်မှုများကို မြှင့်တင်ရန်အတွက် ၎င်း၏ချိတ်ဆက်မှုကို တိုးမြှင့်ရာတွင် ရင်းနှီးမြှပ်နှံထားကြောင်း ပြောကြားခဲ့ပါသည်။

အစီရင်ခံစာတွင် ထုတ်ပြန်ထားရှိသော Greenfield နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြုပ်နှံမှု(FDI) များ၏ တန်ဖိုးနှင့် နိုင်ငံရပ်ခြားတွင် အရောင်းအ၀ယ်ပြုလုပ်သည့် ကုမ္ပဏီများအရေအတွက်များမှာ သိသိသာသာတိုးမြင့်လာမှုနှင့်အတူ ကမ္ဘာလုံးဆိုင်ရာစီးပွားရေးလုပ်ငန်းချဲ့ထွင်မှုအပေါ် စိတ်ဝင် စားမှုခိုင်မာလျက်ရှိကြောင်းကိုလည်း အလေးပေးဖော်ပြထားပါသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ဆုတ်ယုတ်မှုများရှိခဲ့သော်လည်း နိုင်ငံ တကာခရီးသွားများသည် ၂၀၂၃ ခုနှစ်တွင် ပြန်လည်အားကောင်းလာမှုကိုဖော်ပြခဲ့ပြီး တစ်ကမ္ဘာလုံးတွင် ကပ်ရောဂါအကြိုကာလကအနေ အထား၏ ၈၈ % ကို ရောက်ရှိလာကာ ၂၀၂၄ ခုနှစ်အကုန်တွင် အပြည့်အဝပြန်လည်ကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိကာ အရှေ့အလယ်ပိုင်းဒေသသည် ၎င်းကဲ့သို့ပြန်လည်ကောင်းမွန်လာမှုတွင် ဦးဆောင်နေပြီး နိုင်ငံတကာမှ လာရောက်သူများမှာ ကပ်ရောဂါအကြိုကာလအနေ အထားကို ကျော်လွန်သွားခဲ့ကာ ကုလသမဂ္ဂကမ္ဘာ့ခရီးသွားလုပ်ငန်းအဖွဲ့၏အစီရင်ခံစာအရ နိုင်ငံတကာခရီးသွားများရောက်ရှိလာမှုသည် ၂၀၂၃ ခုနှစ်တွင် ကူးစက်ရောဂါအကြိုကာလအနေအထားထက် ၂၃ % စာလွန်သွားခဲ့ကြောင်း ဖော်ပြပါရှိပါသည်။

ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်မှ ဒေသတွင်းဆိုင်ရာဖြစ်စဉ်သို့ သိသာထင်ရှားသောအပြောင်းအလဲကိုမူ သက်သေပြနိုင်ခြင်း တစ်စုံတစ်ရာမရှိသေးကြောင်း အစီရင်ခံစာက ဖော်ပြထားပါသည်။ စင်စစ်မှာ နိုင်ငံတကာလှုပ်ရှားမှုအများစုသည် တည်ငြိမ်သော သို့မဟုတ် ပိုမိုဝေးကွာသောအကွာအဝေးတွင် ဆက်လက်တည်ရိုလျက်ရှိနေပြီး အဓိကပထဝီဝင်ဒေသများအတွင်း ဈေးကွက်ဝေစုအစိတ်အပိုင်းများ လျော့နည်းသွားခြင်းကြောင့်ဖြစ်ပါသည်။ မြောက်အမေရိကဒေသသည် ဒေသတွင်းကုန်သွယ်မှုပုံစံများဆီသို့ ပြတ်ပြတ်သားသားလျှောက်လှမ်းနေချိန်တွင် ယူအေအီးနိုင်ငံနှင့်ပိုမိုကျယ်ပြန့်သော အရှေ့အလယ်ပိုင်းနှင့် အာဖရိက(MEA)ဒေသနိုင်ငံများအပါအဝင် အခြားဒေသများသည် ကုန်သွယ်မှုချိတ်ဆက်မှုအသစ် များကို လျင်မြန်စွာပုံဖော်နေကြကြောင်းနှင့် ဤတိုးတက်ပြောင်းလဲနေသော ချိတ်ဆက်မှုများသည် ကမ္ဘာလုံးဆိုင်ရာဖြစ်စဉ်အလုံးစုံကို လျှင်မြန်စွာအရှိန်အဟုန်မြှင့်တင်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်လျက်ရှိကြောင်းဖော်ပြထားပါသည်။

Source: Khaleej Times

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ နယူးဒေလီမြို့)

Category: International News