International News

ဂျပန်နိုင်ငံ၏ ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် လျော့ကျခဲ့

Last Updated:

လတ်ဆတ်သော အစားအစာများ၏ဈေးနှုန်းများကို ထည့်သွင်းတွက်ချက်ထားခြင်းမရှိသည့် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ၂.၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၈ ရာခိုင်နှုန်းရှိခဲ့သည့်အတွက် ဖေဖော်ဝါရီလနှင့်နှိုင်းယှဉ်ပါက လျော့ကျခဲ့ကြောင်း ဂျပန်ပြည်ထဲရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏ ၁၉-၄-၂၀၂၄ ရက်နေ့ထုတ်ပြန်ချက်အရ သိရှိရပါသည်။

 အဆိုပါသတင်းတွင် စီးပွားရေးဆိုင်ရာစစ်တမ်းများကောက်ယူလျက်ရှိသည့် QUICK အဖွဲ့မှ စီးပွားရေးပညာရှင် ၁၇ ဦးထံ စစ်တမ်းကောက်ယူခဲ့ရာတွင်လည်း ၂၀၂၄ ခုနှစ်၊ မတ်လတွင် ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ၂.၆ ရာခိုင်နှုန်းရှိနိုင်သည်ဟု ခန့်မှန်းခဲ့ကြကြောင်း ဖော်ပြထားပါသည်။ တာရှည်ခံစားသောက်ကုန်များ၏ဈေးနှုန်းမြင့်တက်မှုနှုန်းမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၅.၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ၄.၆ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ဟိုတယ်အခန်းခမြင့်တက်မှုနှုန်းများမှာ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလတွင် ၃၃.၃ ရာခိုင်နှုန်းရှိခဲ့ရာမှ ၂၀၂၄ ခုနှစ်၊ မတ်လတွင် ၂၇.၇ ရာခိုင်နှုန်းရှိခဲ့ကြောင်း၊ ရေ၊ မီးစသည့် အိမ်ထောင်စုအသုံးစရိတ်မြင့်တက်မှုနှုန်းများမှာ ၁.၇ ရာခိုင်နှုန်းသို့လည်းကောင်း၊ ဂက်စ်အသုံးစရိတ်မြင့်တက်မှုနှုန်းမှာ ၇.၁ ရာခိုင်နှုန်းရှိခဲ့ကြောင်း ဖော်ပြထားပါသည်။

ဂျပန်နိုင်ငံ၏ငွေကြေးဖောင်းပွမှုနှုန်းမှာ ဂျပန်ဗဟိုဘဏ်၏သတ်မှတ်နှုန်းထားဖြစ်သည့် ၂ ရာခိုင်နှုန်းအထက်သို့ ကျော်လွန်ခဲ့သည်မှာ ၂ နှစ်ရှိခဲ့ပြီဖြစ်ကြောင်းနှင့် ဂျပန်ဗဟိုဘဏ်အနေဖြင့် လစာနှုန်းထားတိုးမြှင့်မှုနှုန်းကို ငွေကြေးဖောင်းပွမှုနှုန်းထက် ကျော်လွန်ရောက်ရှိစေရေး အလေးပေးဆောင်ရွက်လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ဂျပန်ယန်းနှင့်အမေရိကန်ဒေါ်လာငွေလဲလှယ်နှုန်းမှာ လွန်ခဲ့သောလတွင် အမေရိကန် ၁ ဒေါ်လာလျှင် ၁၄၇ ယန်းနှုန်းရှိခဲ့ရာမှ ယခုအပတ်တွင် ၁၅၅ ယန်းအထိတန်ဖိုးကျဆင်းခဲ့ကြောင်း၊ ကုန်စည်ဈေးနှုန်း များမြင့်တက်လာခြင်းသည် ငွေကြေးဖောင်းပွမှုဖြစ်ပေါ်ရသည့် အဓိကအချက်ဖြစ် ကြောင်း၊ Teikoku Databank ၏စစ်တမ်းကောက်ယူချက်အရ  ၈၉ ရာခိုင်နှုန်းသော ကုန်စည်များအနေဖြင့် ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှ ဇူလိုင်လအတွင်း ဈေးနှုန်းတိုးမြှင့်သွားရန်စီစဉ်ခဲ့ရခြင်းမှာ ကုန်ကြမ်းဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်းနှင့် ၂၀၂၄ ခုနှစ်၊ မတ်လကုန်တွင် ကုန်စည်များ၏ ၂၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ရသည့်အဓိကအကြောင်းအရင်းမှာ လုပ်အားခဈေးနှုန်းများမြင့်တက်ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း စစ်တမ်းကောက်ယူချက်အရ သိရှိရကြောင်း ဖော်ပြထားပါသည်။

Source: The Nikkei Asia (၁၉-၄-၂၀၂၄)

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News