International News

ယူအေအီးနိုင်ငံမှ DP World နှင့် ဘရာဇီးနိုင်ငံရှိ Rumo တို့မှ ဆန်းတို့စ်မြို့တွင် ကောက်ပဲသီးနှံနှင့် ဓာတ်မြေသြဇာများအတွက် ဆိပ်ကမ်းသစ်ကို တိုးချဲ့တည်ဆောက်သွားမည်

Last Updated:

ယူအေအီးအခြေစိုက် DP World သယ်ယူပို့ဆောင်ရေးလုပ်ငန်းမှ တစ်နှစ်လျှင် ကောက်ပဲသီးနှံနှင့်ဓာတ်မြေသြဇာတန်ချိန် ၁၂.၅ သန်းအထိဝန်ဆောင်နိုင်မည့်ဆိပ်ကမ်းအသစ်တစ်ခုကို ဘရာဇီးနိုင်ငံ၏အဓိကကုန်သွယ်မှုဝင်ပေါက်နှင့် တောင်အမေရိကဒေသနိုင်ငံများအတွက် အဓိကအချက်အချာကျသည့် ဆန်းတို့စ်ဆိပ်ကမ်းတွင်တိုးချဲ့တည်ဆောက်ရန် ဘရာဇီးနိုင်ငံ၏ရထားပို့ဆောင်ရေးလုပ်ငန်းဖြစ်သည့် Rumo နှင့်ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

Rumo မှ ၎င်း၏အရင်းအမြစ်များ၊ ချေးငွေများနှင့် အလားအလာရှိသော မဟာဗျူဟာမိတ်ဖက်များအား ပေါင်းစည်းစုစည်းပြီး ဘဏ္ဍာရေးအထောက်အပံ့များဖြင့် ဤစံပြခေတ်မီဆိပ်ကမ်းကြီးအား တည်ဆောက်ရန်အတွက် စုစုပေါင်းရင်းနှီးမြှုပ်နှံမှုကုန်ကျစရိတ် BRL ၂.၅ ဘီလီယံ (အမေရိကန်ဒေါ်လာ ၅၀၀ သန်း)ခန့်ရှိမည်ဖြစ်ကြောင်း ခန့်မှန်းထားပါသည်။

၎င်းသည် ကွန်တိန်နာတင်သင်္ဘောများအား ဝန်ဆောင်မှုပေးနိုင်သည့် ဆိပ်ကမ်းကြီးများကို မကြာသေးမီကာလအတွင်း DP World မှ ရင်းနှီးမြုပ်နှံခဲ့မှုများအပြင် ပေ ၂၀ ကွန်တိန်နာ ၁.၂ သန်း TEU မှ ၁.၄ သန်း TEU အထိ ပမာဏတိုးချဲ့မြှင့်တင်ပေးကာ သင်္ဘောအနီးအနားရှိ လုပ်ငန်းဆောင်ရွက်နိုင်သည့် ဆိပ်ကမ်းဧရိယာ(Quay) အရွယ်အစားကို ၁,၁၀၀ မီတာမှ ၁,၃၀၀ မီတာအထိ တိုးချဲ့ပေးနိုင်မည့် ထပ်တိုးရင်းနှီးမြှုပ်နှံမှုတစ်ခုဖြစ်ပါသည်။

ဆိပ်ကမ်းသစ်ပြီးစီးပါက တစ်နှစ်လျှင် ကောက်ပဲသီးနှံတန်ချိန် ၉ သန်းနှင့် ဓာတ်မြေသြဇာတန်ချိန် ၃.၅ သန်းကို ဝန်ဆောင်မှုပေးနိုင်မည်ဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်းမှာ လပေါင်း ၃၀ ကြာမြင့်မည်ဖြစ်ကာ Santos တွင် ကွန်တိန်နာတင်သင်္ဘောများအားဝန်ဆောင်မှုပေးခြင်းများအပါ အဝင် အခြားဝန်ဆောင်မှုများအားလုံးမှာ လက်ရှိဆောင်ရွက်နေသည့်လုပ်ငန်းများအား ထိခိုက်မှုမရှိစေဘဲ ဆက်လက်တည်ဆောက်သွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိပါသည်။

အနှစ် ၃၀ သဘောတူညီချက်အရ DP World သည် ဘရာဇီးနိုင်ငံ၊ ဆန်းတို့စ်ဆိပ်ကမ်း၏ ဘယ်ဘက်အခြမ်းရှိဆိပ်ကမ်းဧရိယာကို Rumo မှဆောင်ရွက်နိုင်ရန်ထောက်ပံ့ပေးမည်ဖြစ်ပြီး လုပ်ငန်းလည်ပတ်မှုနှင့်ဆိပ်ကမ်းဝန်ဆောင်မှုများအား တာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကာ အဆိုပါဆိပ်ကမ်းသည် ဘရာဇီးနိုင်ငံနိုင်ငံအတွင်း အကြီးဆုံးနှင့်ခေတ်အမီဆုံးပုဂ္ဂလိကဘက်စုံသုံးဆိပ်ကမ်းများအထဲမှ တစ်ခုဖြစ်ကာ ဤပူးပေါင်းဆောင်ရွက်မှုသည် ကွန်တိန်နာများ၊ ဆဲလ်လူလိုစ်၊ ကောက်ပဲသီးနှံများနှင့် ဓာတ်မြေသြဇာများကို တစ်ပြိုင်နက်ကိုင်တွယ်ဆောင်ရွက်နိုင်သော နိုင်ငံ၏ထိပ်တန်းဘက်စုံသုံးဆိပ်ကမ်းလုပ်ငန်းအော်ပရေတာအဖြစ် DP World ၏ရပ်တည်ချက်ကို ခိုင်မာစေကြောင်း ဖော်ပြထား ပါသည်။

အဆိုပါဆိပ်ကမ်းသစ်သည် DP World မှ ဘရာဇီးနိုင်ငံတွင် ၂၀၁၃ ခုနှစ်တွင်စတင်၍ လုပ်ငန်းလည်ပတ်ပြီးကတည်းက DP World ၏စတုတ္ထအကြိမ်မြောက်ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး ၎င်းသည် ဇန်နဝါရီလတွင် ကုန်စည်တန်ချိန်ပေါင်း ၁၁.၉ သန်းဖြင့် ကွန်တိန်နာလုပ်ငန်းစံချိန်တင်ဝန်ဆောင်မှုပေးနိုင်ခဲ့ပါသည်။ သကြားနှင့်ပဲပိစပ်ကဲ့သို့သော အစုလိုက်အစိုင်အခဲများဝန်ဆောင်မှုအနေဖြင့် တန်ချိန် ၅ သန်းရှိပြီး ၂၀၂၃ ခုနှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၁၃.၉ % တိုးတက်လာကြောင်း Santos ဆိပ်ကမ်း၏အဆိုအရ သိရှိရပါသည်။

DP World Santos ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Fabio Siccherino က ဘရာဇီးနိုင်ငံ၏ ထောက်ပံ့ပို့ဆောင်ရေးကဏ္ဍတွင် တိုးတက်မှုနှင့် ဆန်းသစ်တီထွင်မှုတို့ကိုတွန်းအားပေးရန် ၎င်းတို့၏ကတိကဝတ်ကို အလေးပေးဖော်ပြသည့် ဤအသွင်ပြောင်းစီမံကိန်းအတွက် Rumo နှင့်လက်တွဲခွင့်ရသည့်အတွက်ဝမ်းမြောက်မိပြီး ဤစီမံကိန်းမှာကုန်သွယ်မှုစွမ်းရည်သာမက ၎င်းတို့၏ဖောက်သည်များနှင့်သက်ဆိုင်သူများအတွက် ကာလရှည်တန်ဖိုးကိုဖန်တီးပေးထားခြင်းဖြစ်ကြောင်း သဘောတူညီချက်အပေါ် မှတ်ချက်ပြုခဲ့ပါသည်။

DP World ၏ တစ်ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့လျှော့ချရေးနည်းဗျူဟာနှင့်အညီ ဆိပ်ကမ်းသစ်တွင် လေထုညစ်ညမ်းစေသောဓာတ်ငွေ့အသုံးပြုမှုနှင့် ထုတ်လွှတ်မှုလျှော့ချရန်အတွက် အဆင့်မြင့်နည်းပညာများပါရှိသော စက်ပစ္စည်းအသစ် ၂၁ ခုတို့ဖြင့် တပ်ဆင်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ DP World သည် ၂၀၂၃ ခုနှစ်က Santos ဆိပ်ကမ်းတွင် ၎င်း၏လျှပ်စစ်ဓာတ်အားအသုံးပြု Rubber-Tired Gantry Cranes (RTGs) အား စတင်ဆောင်ရွက်ခဲ့ပါသည်။

Santos ဆိပ်ကမ်းတွင် DP World သည် အဆောက်အဦများကို တိုးချဲ့ပြီး ခေတ်မီစေရန်အတွက် ၂၀၂၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၃၅ သန်းရင်းနှီးမြှုပ်နှံထားပြီးဖြစ်ကာ လက်ရှိဆိပ်ကမ်းသည် ၈၄၅,၀၀၀ စတုရန်းမီတာကျယ်ဝန်းပြီး  ဆက်လက်တိုးချဲ့သွားနိုင်သည့် ဆိပ်ကမ်းဧရိယာမှာ စတုရန်းမီတာ ၁၃၀,၀၀၀ ရှိကြောင်း သတင်းဌာနမှ ဖော်ပြထားပါသည်။

Source: emirates247.com

(နန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News