International News

အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ ကုလားပဲဈေးနှုန်းများမြင့်တက်ကာ ထုတ်လုပ်မှုကျဆင်းလာခြင်းကြောင့် ဩစတေးလျနိုင်ငံမှ ကုလားပဲကို ထပ်မံတင်သွင်းသွားမည်

Last Updated:

အိန္ဒိယနိုင်ငံသည် ပြည်တွင်း၌ ကုလားပဲဈေးနှုန်းများမြင့်တက်ကာ ထုတ်လုပ်မှုကျဆင်းလာခြင်းက စိုးရိမ်မကင်းဖြစ်ဖွယ်အခြေအနေဖြစ်သောကြောင့် ဩစတေးလျနိုင်ငံမှ ကုလားပဲ(chana/bengal gram)တန်ချိန် ၁၁ သိန်းကို မကြာမီတင်သွင်းရန်ရှိကြောင်း သိရသည်။ အဆိုပါပမာဏသည် လွန်ခဲ့သော ၆ လက သွင်းကုန်ခွန်လျှော့ချဖြတ်တောက်ခဲ့သည့် ကုလားပဲအစားထိုးစားတော်ပဲ(yellow peas) တန်ချိန် ၁၆ သိန်းကို တင်သွင်းခဲ့ပြီးနောက် ထပ်တိုးအနေဖြင့် ထပ်မံတင်သွင်းခြင်းဖြစ်ကြောင်း The Times of India က ယခုလ ၁၃ ရက်နေ့က ဖော်ပြသည်။

အစိုးရအနေဖြင့် လာမည့်လအနည်းငယ်အတွင်း ဩစတေးလျနိုင်ငံမှ ကုလားပဲများကို တင်သွင်းရန်စီစဉ်လျက်ရှိကြောင်း ကုန်သွယ်ရေးအရင်းအမြစ်များက ပြောကြားသည်။ အိန္ဒိယနိုင်ငံတွင် ကုလားပဲကို စုစုပေါင်းပဲမျိုးစုံထုတ်လုပ်မှု၏ ၅၀ ရာခိုင်နှုန်းထုတ်လုပ်ပြီး၊ နိုင်ငံတွင်း၌ ကျယ်ကျယ်ပြန့်ပြန့်စားသုံးကြကြောင်း သိရသည်။ ဈေးကွက်အတွင်း ကုလားပဲရောင်းလိုအားကျဆင်းလာခြင်းကြောင့် အခြားပဲမျိုးစုံဈေးနှုန်းများအပေါ် ရိုက်ခတ်မှုရှိကြောင်း သိရသည်။

လွန်ခဲ့သောနှစ်က ကုလားပဲ ၁ ကီလိုဂရမ်လျှင် ရူပီး ၇၄ ဒသမ ၇ ရှိကာ ယခုနှစ် ဇွန်လ ၁၃ ရက်နေ့က ရူပီး ၈၅ ဒသမ ၈ သို့မြင့်တက်လာကြောင်း၊ ဇွန်လ ၁၂ ရက်နေ့က ရူပီး ၈၇ ဒသမ ၆ တွင်ရှိခဲ့ကြောင်း အိန္ဒိယစားသုံးရေးရာဌာန၏ အချက်အလက်များအရသိရသည်။ပဲစင်းငုံ(ခွဲခြမ်း)ဈေးနှုန်းသည်လည်း လွန်ခဲ့သောနှစ်က ၁ ကီလိုဂရမ်လျှင် ရူပီး ၁၂၆ ဒသမ ၄ မှ ယခုလ ၁၂ ရက်နေ့တွင် ရူပီး ၁၆၀ ဒသမ ၃ သို့ ဈေးနှုန်း ၂၇ ရာခိုင်နှုန်းခန့်တိုးမြင့်ခဲ့ကြောင်း သိရသည်။

အလားတူ မတ်ပဲ(ခွဲခြမ်း)ဈေးနှုန်းသည်လည်း လွန်ခဲ့သောနှစ်ကထက် ၁၃ ဒသမ ၅ ရာခိုင်နှုန်းမြင့်တက်လာခဲ့ကြောင်း၊ သို့သော် ပဲနီလေးလက်လီဈေးနှုန်းမှာမူ အနည်းငယ်သာမြင့်တက်ခဲ့ကြောင်း သိရသည်။

ယင်းသို့ အိန္ဒိယအစိုးရမှ ဩစတေးလျနိုင်ငံမှ ကုလားပဲကို ပိုမိုတင်သွင်းရန် ရည်ရွယ်ထားသည့်အတွက် အဆိုပါနိုင်ငံရှိ တောင်သူများအနေဖြင့် ယခုနှစ်တွင် ကုလားပဲကို ပိုမိုစိုက်ပျိုးလာဖွယ်ရှိကြောင်း ကုန်သွယ်ရေးအရင်းအမြစ်များက ပြောကြားသည်။

၂၀၂၃-၂၀၂၄ သီးနှံနှစ်(ဇူလိုင်လမှ ဇွန်လအထိ)အတွင်း အိန္ဒိယနိုင်ငံ၌ ကုလားပဲစိုက်ပျိုးထုတ်လုပ်မှုတန်ချိန် ၁၁၆ သိန်းရှိမည်ဖြစ်ကြောင်း စိုက်ပျိုးရေးဝန်ကြီးဌာနက ခန့်မှန်းထားပြီး၊ လွန်ခဲ့သောနှစ်က တန်ချိန် ၁၂၃ သိန်းထွက်ရှိခဲ့သည့်အတွက် ကျဆင်းသွားကြောင်း သိရသည်။ သို့သော် အမှန်တကယ်ရိတ်သိမ်းမည့်ပမာဏမှာ အဆိုပါခန့်မှန်းချက်ထက် လျော့နည်းဖွယ်ရှိကြောင်း ကုန်သည်များက ယူဆ ကြသည်။

အိန္ဒိယနိုင်ငံတွင် ယင်းသို့ပဲမျိုးစုံစိုက်ပျိုးထွက်ရှိမှုကျဆင်းကာ ပြည်တွင်းစားသုံးမှုတိုးမြင့်လာခြင်းကြောင့် လက်ရှိဘဏ္ဍာနှစ်အတွင်း ပဲမျိုးစုံကို ပြည်ပမှ ပိုမိုတင်သွင်းလာရသည်။ လွန်ခဲ့သော နှစ်လခန့်က ပဲမျိုးစုံတင်သွင်းမှုတန်ချိန် ၃ ဒသမ ၇ သိန်းရှိပြီး ယခင်နှစ်ကာလတူက ၃ ဒသမ ၁ သိန်းသာရှိသည့်အတွက် တင်သွင်းမှုတိုးမြင့်လာခဲ့ကြောင်း ကုန်သွယ်ရေးအရင်းအမြစ်များက ပြောကြားသည်။

အိန္ဒိယနိုင်ငံသည် ပဲမျိုးစုံကို ပြည်တွင်း၌စိုက်ပျိုးထုတ်လုပ်လျက်ရှိသော်လည်း ပြည်တွင်းစားသုံးမှုတိုးမြင့်လာမှုကို လုံလောက်အောင်မဖြည့်ဆည်းပေးနိုင်သည့်အတွက် ပြည်ပမှနှစ်စဉ် ဝယ်ယူတင်သွင်းနေရပါသည်။ ယခုအခါ ပြည်တွင်း၌ အဓိကစားသုံးသော ကုလားပဲကို ဩစတေးလျ၊ ဘရာဇီးနှင့် တန်ဇန်နီးယားစသည့်နိုင်ငံများမှ ပိုမိုဝယ်ယူတင်သွင်းရန် လျာထားလုပ်ဆောင်လျက်ရှိသည်ကို တွေ့ရပါသည်။

သို့ပါ၍ အိန္ဒိယအစိုးရသည် ယခုလ ၇ ရက်နေ့မှစတင်၍ အဆိုပါကုလားပဲ၏ သွင်းကုန်ခွန်အား ၂၀၂၅ ခုနှစ်၊ မတ်လ အထိ ကင်းလွတ်ခွင့်ပေးခဲ့ပြီး၊ ကြက်သွန်နီတင်ပို့မှုအပေါ် ပို့ကုန်ခွန် ၄၀ ရာခိုင်နှုန်းသတ်မှတ်ကာ ကန့်သတ်ကုန်အဖြစ် ထုတ်ပြန်ကြေညာခဲ့သည်။ ထို့အပြင် ကုလားပဲအစားထိုး စားတော်ပဲတင်သွင်းမှုအပေါ် သွင်းကုန်ခွန်ကင်းလွတ်ခွင့်ကို ၂၀၂၄ ခုနှစ်၊ အောက်တိုဘာလ ၃၁ ရက်နေ့အထိ အချိန်တိုးမြှင့်သတ်မှတ်ပေးခဲ့ပါသည်။

ရည်ညွှန်း။          The Times of India, Govt plans to import additional chana from Australia to check prices - Times of India, June 13, 2024

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News