International News

အိန္ဒိယနိုင်ငံတွင် လာမည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ ခါရစ် (မိုး) ရာသီအတွက် စပါးအပါအဝင် သီးနှံ(၁၄)မျိုး၏ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း(Minimum support price-MSP)များကို မြှင့်တင်သွားမည်

Last Updated:

အိန္ဒိယနိုင်ငံတွင် လာမည့် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်၊ ခါရစ်(မိုး)ရာသီအတွက် စပါး၏အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း(Minimum support price-MSP)ကို ၁ ကွင်တယ်(၁၀၀ ကီလိုဂရမ်)လျှင် ရူပီး ၂၃၀၀ (၅.၃၅%)သို့တိုးမြှင့်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့က သဘောတူခဲ့ကြောင်း သိရသည်။ အဆိုပါဆုံးဖြတ်ချက်ကို Haryana၊ Maharashtra၊ Jharkhand နှင့် Delhi တို့၌ လွှတ်တော်ကိုယ်စားလှယ်ရွေးကောက်ပွဲများမစတင်မီ ယခုကဲ့သို့ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း The Hindu သတင်းဌာနက ယခုလ ၁၉ ရက်နေ့က ဖော်ပြသည်။

ဝန်ကြီးချုပ်နာရန်ဒြာမိုဒီ၏ တတိယကြိမ်အစိုးရသက်တမ်းတွင် အဓိကချမှတ်ခဲ့သည့် ပထမဦးဆုံးဆုံးဖြတ်ချက်မှာ ခါရစ်ရာသီ သီးနှံ(၁၄)မျိုး၏ MSP ကို အစိုးရ၏ရှင်းလင်းသောမူဝါဒ(clear policy)နှင့်အညီ အစိုးရမှ တွက်ချက်ထားသော ထုတ်လုပ်မှုစရိတ်ထက် အနည်းဆုံး ၁ ဒသမ ၅ ဆ သတ်မှတ်ပေးရန် ပြည်ထောင်စုအစိုးရအဖွဲ့မှ သဘောတူလက်ခံခဲ့ခြင်းဖြစ်ကြောင်း သတင်းအချက်အလက်နှင့် ပြန်ကြားရေးဝန်ကြီးဌာန ဝန်ကြီး  Ashwini Vaishnaw က ပြောကြားခဲ့သည်။

သို့သော် အဆိုပါသီးနှံ(၁၄)မျိုးအနက် သီးနှံ ၄ မျိုး၏ MSP ကိုသာ ထုတ်လုပ်မှုကုန်ကျစရိတ်၏ ၅၀ ရာခိုင်နှုန်းအထက် သတ်မှတ်ပေးခဲ့ကြောင်း၊ ၎င်းတို့မှာ ဘဂျရာ(၇၇%)၊ ပဲစင်းငုံ(၅၉%)၊ ပြောင်း (၅၄%)နှင့် မတ်ပဲ(၅၂%) တို့ဖြစ်ကြောင်း သိရသည်။

သီးနှံရာသီ၏ အဓိကသီးနှံတစ်ခုဖြစ်သော စပါး၏ MSP ကို ၁ ကွင်တယ်လျှင် ရူပီး ၁၁၇ သို့ တိုးမြှင့်ပေးလိုက်ခြင်းကြောင့် လယ်သမားများအား အကျိုးအမြတ် ၅၀ ရာခိုင်နှုန်းခံစားနိုင်စေမည်ဖြစ်သည်။အစိုးရအနေဖြင့် အရန်ဆန်ဝယ်ယူစုဆောင်းမှုမှာ လိုအပ်သည်ထက် ၄ ဆပိုမိုလျက်ရှိသော်လည်း အဓိကပြည်နယ်များ၌ လွှတ်တော်ရွေးကောက်ပွဲများမစတင်မီ ယခုကဲ့သို့ဆုံးဖြတ်ချက်ထွက်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ ခါရစ်ရာသီတွင် ဇွန်လ၌ စိုက်ပျိုးမှုများစတင်ဆောင်ရွက်လေ့ရှိပြီး၊ သီးနှံအရောင်းအဝယ်ကိစ္စများကို ယခုနှစ်အောက်တိုဘာလမှ လာမည့်နှစ်စက်တင်ဘာလအတွင်း ဆောင်ရွက်သွားမည်ဟု သိရသည်။

စပါး၏ MSP ကို ရူပီး ၁၁၇ တိုးမြှင့်လိုက်သည့်အတွက် ၁ ကွင်တယ်လျှင် ရူပီး ၂၃၀၀ ဖြစ်ကာ A အဆင့်စပါး၏ MSP မှာ ၁ ကွင်တယ်လျှင် ရူပီး ၂၃၂၀ ဖြစ်ကြောင်း၊ နှံစားသီးနှံတစ်မျိုးဖြစ်သော sorghum(jowar)မျိုးစပ်၏ MSP မှာ ရူပီး ၁၉၁ တိုးမြှင့်ကာ ၁ ကွင်တယ်လျှင် ရူပီး ၃၃၇၁ သို့လည်းကောင်း၊ အရည်အသွေးကောင်းသော Maldandi သီးနှံ၏ MSP မှာ ရူပီး ၁၉၆ တိုးမြှင့်ကာ ၁ ကွင်တယ်လျှင် ရူပီး ၃၄၂၁ဖြစ်ကြောင်း၊ ပုလဲနှံစားသီးနှံ(pearl millet/bajra)သည် ရူပီး ၁၅၂ တိုးမြှင့်ကာ ၁ ကွင်တယ်လျှင် ရူပီး ၂၆၂၅ ဖြစ်ကြောင်း၊ finger millet (ragi) သည် ရူပီး ၄၄၄ တိုးမြှင့်ကာ ၁ ကွင်တယ်လျှင် ရူပီး ၄၂၉၀ ဖြစ်ကြောင်းနှင့် ပြောင်းသည် ရူပီး ၁၃၅ တိုးမြှင့်ကာ ၁ ကွင်တယ်လျှင် ရူပီး ၂၂၂၅ ဖြစ်ကြောင်း သိရသည်။

အိန္ဒိယအစိုးရအနေဖြင့် ပြည်ပမှ ပဲမျိုးစုံတင်သွင်းမှုကို လျှော့ချရန် ပဲစင်းငုံ၏ MSP ကို ၁ ကွင်တယ်လျှင် ရူပီး ၇၅၅၀ သို့လည်းကောင်း၊ ပဲတီစိမ်း၏ MSP ကို ရူပီး ၁၂၄ တိုးမြှင့်ခဲ့ပြီး ၁ ကွင်တယ်လျှင် ရူပီး ၈၆၈၂ သို့လည်းကောင်း၊ မတ်ပဲကို ရူပီး ၄၅၀ တိုးမြှင့်ခဲ့ပြီး ၁ ကွင်တယ်လျှင် ရူပီး ၇၄၀၀ သို့လည်းကောင်း အသီးသီးမြှင့်တင်ပေးခဲ့ကြောင်း သိရသည်။

ဆီထွက်သီးနှံကဏ္ဍတွင် မြေပဲ၏MSP ကို ရူပီး ၄၀၆ တိုးမြှင့်ခဲ့ပြီး ၁ ကွင်တယ်လျှင် ရူပီး ၆၇၈၃ သို့လည်းကောင်း၊ နေကြာစေ့ကို ရူပီး ၅၂၀ တိုးမြှင့်သတ်မှတ်ကာ ၁ ကွင်တယ်လျှင် ရူပီး ၇၂၈၀ သို့လည်းကောင်း၊ ပဲပိစပ်(အဝါ)ကို ရူပီး ၂၉၂ မြှင့်တင်ကာ ၁ ကွင်တယ်လျှင် ရူပီး ၄၈၉၂ သို့လည်းကောင်း၊ နှမ်း ၁ ကွင်တယ်လျှင် ရူပီး ၉၂၆၇ နှင့် ပန်းနှမ်း(nigerseed) ကို ၁ ကွင်တယ်လျှင် ရူပီး ၈၇၁၇ သို့လည်းကောင်း အသီးသီးတိုးမြှင့်ခဲ့သည်။ ဝါချည်(အလယ်အလတ်)၏ MSP ကို ၁ ကွင်တယ်လျှင် ရူပီး ၇၁၂၁ သို့လည်းကောင်း၊ ဝါချည်(အရှည်)၏ MSP ကို ၁ ကွင်တယ်လျှင် ရူပီး ၇၅၂၁ သို့လည်းကောင်း အသီးသီးတိုးမြှင့်ပေးခဲ့ကြောင်း သိရသည်။

သို့ပါ၍ အိန္ဒိယအစိုးရသစ်အနေဖြင့် တောင်သူလယ်သမားများ အကျိုးစီးပွားအလို့ငှာ စပါးအပါအဝင် သီးနှံ(၁၄)မျိုး၏ အနိမ့်ဆုံးထောက်ပံ့ဈေးနှုန်း(Minimum support price-MSP)ကို ထုတ်လုပ်မှုကုန်ကျစရိတ်ထက် ရာခိုင်နှုန်းအသီးသီးတိုးမြှင့်သတ်မှတ်၍ ဝယ်ယူပေးရန်ဆုံးဖြတ်ခဲ့ပါသည်။

ရည်ညွှန်း။          The Hindu, Cabinet approves MSP hikes for all 14 kharif season crops for the upcoming 2024-25 season, June 19, 2024 

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News