International News

အိန္ဒိယနိုင်ငံသည် မြန်မာ့ပြောင်းကို အကောက်ခွန်လွတ်အစီအစဉ်ဖြင့် စတင်တင်သွင်း

Last Updated:

အိန္ဒိယနိုင်ငံသည် အိမ်နီးချင်းနိုင်ငံတစ်ခုဖြစ်သော မြန်မာနိုင်ငံမှ ပြောင်းကို အကောက်ခွန်ကင်းလွတ်ခွင့်အစီအစဉ်ဖြင့် စတင်တင်သွင်းလျက်ရှိကြောင်း သိရသည်။ Tamil Nadu ပြည်နယ် Thoothukudi မြို့ဆိပ်ကမ်းသို့ အနည်း ဆုံးပြောင်းသင်္ဘော(၃)စီး ဆိုက်ကပ်ခဲ့ပြီးဖြစ်ကာ ဇူလိုင်လကုန်ပိုင်းတွင် နောက်ထပ်သင်္ဘောအနည်းငယ် ထပ်မံဆိုက်ရောက်လာဖို့ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၇ ရက်နေ့က ဖော်ပြသည်။

မြန်မာနိုင်ငံမှ ပြောင်းများစတင်ဝင်ရောက်လာပြီဖြစ်ကြောင်း၊ အရောင်းအဝယ်သဘောတူညီချက်တစ်ချို့ကို ညှိနှိုင်းလျက်ရှိစဉ် လတ်တလောတွင် ပြောင်းသင်္ဘော ၃ စီးသာဆိုက်ရောက်ခဲ့ပြီးဖြစ်ကာ ယခုအချိန်အထိ သဘောတူညီချက်ရပြီးဖြစ်သည့်အခြေအနေအရ နောက်ထပ်ပြောင်းသင်္ဘော ၁၀ စီးခန့် ထပ်မံဆိုက်ရောက်ဖို့ရှိနေကြောင်း တမီနာဒူပြည်နယ် ဥစားကြက်မွေးမြူရေးသမားများဈေးကွက်ရှာဖွေရေးအသင်း(Tamil Nadu Egg Poultry Farmers Marketing Society-PFMS) ဥက္ကဌ Vangili Subramanian က ပြောကြားခဲ့သည်။

ဦးစွာပထမ ပြောင်း ၁ တန်လျှင် ကန်ဒေါ်လာ ၂၆၈ နှင့်တင်သွင်းခဲ့ခြင်းဖြစ်ကာ ယခုအခါ ဈေးနှုန်းအနည်းငယ် မြင့်တက်သွားပြီဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့ မြန်မာနိုင်ငံကနေ ပြောင်းကို ပထမဦးဆုံးတစ်သုတ်တင်သွင်းခဲ့ပြီးဖြစ်ပါတယ်။ ပြောင်းဈေးက ကန်ဒေါ်လာ ၂၆၈ ကနေ၊ ယခုမြင့်တက်သွားပြီဖြစ်ပါတယ်”ဟု Olam Agro India Ltd မှ တာဝန်ရှိသူ Sanjay Sancheti က ပြောကြားခဲ့သည်။

“ပြောင်း ၁၀၀၀၀ တန်ကို ၁ တန်လျှင် ကန်ဒေါ်လာ ၂၈၆ နှင့် ဇူလိုင်လအတွင်း အရောက်တင်ပို့ရောင်းချပေးဖို့ ကမ်းလှမ်းချက်တစ်ခု လက်ခံရရှိခဲ့ပါတယ်။” ဒါပေမယ့် ၎င်းတို့အနေဖြင့် အဆိုပါကမ်းလှမ်းချက်ကို လက်မခံဖြစ်ဖြစ်ခဲ့ကြောင်း စိုက်ပျိုးရေးကုန်စည်များပို့ကုန်လုပ်ငန်းရှင်များအသင်း(Agri Commodities Exporters Association) ဥက္ကဌ M Madan Prakash က ပြောကြားခဲ့သည်။

မြန်မာနိုင်ငံမှပြောင်းကို နိုင်ငံ၏ဖွံ့ဖြိုးမှုအနေအထားအရ သွင်းကုန်ခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းနိုင်သည့် အခွင့် အလမ်းရှိကြောင်း အပြည်ပြည်ဆိုင်ရာကုန်သွယ်ရေးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ အကယ်၍ အဆိုပါကုန်စည်ကို အခြားနိုင်ငံများမှ တင်သွင်းမည်ဆိုပါက ပြည်တွင်းခွန်(IGST)၅ ရာခိုင်နှုန်း၊ လူမှုဖူလုံရေးအတွက် ၁၀ ရာခိုင်နှုန်းအပြင် သွင်းကုန်ခွန် ၆၀ ရာခိုင်နှုန်းပေးဆောင်ရန်လိုအပ်ကြောင်း၊ သို့သော် အကောက်ခွန်ဌာနအနေဖြင့် အရေအတွက်အရ စည်းကြပ်သောသွင်းကုန်ခွန်(Tariff rate quota-TRQ)၁၅ ရာခိုင်နှုန်းဖြင့် တင်သွင်းခွင့်ပြုထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်က အဆိုပါ TRQ နှုန်းဖြင့် ပြောင်းတန်ချိန် ၅ သိန်းကို တင်သွင်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အရောင်းအဝယ်သဘောတူညီချက်အရ ပြောင်းတန်ချိန် ၃ သိန်းနီးပါးကို သွင်းကုန်ခွန်လွတ်တင်သွင်းမည်ဖြစ်ကာ ကော်မှုန့်(starch)ထုတ်လုပ်ပြီး ပြန်လည်တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်း၊ ပထမဦးဆုံးကုန်တစ်သုတ်ကို ကော်မှုန့်(starch)ထုတ်လုပ်ရေးအတွက် အသုံးပြုမည်ဖြစ်ကာ ဒုတိယကုန်တစ်သုတ်ကို အီသနောရောစပ်ရန် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။ အထူးသဖြင့် တမီနာဒူပြည်နယ် ကြက်မွေးမြူရေးလုပ်ငန်းများမှ ဝယ်လိုအားရှိပြီး၊ ပြည်နယ်ရှိ မွေးမြူရေးလုပ်ငန်းတစ်ချို့က တင်သွင်းပြောင်းကို ဝယ်ယူကြကြောင်း၊ ၎င်းအနေဖြင့် ပြောင်းကို ဘီဟာပြည်နယ်မှ အဓိကဝယ်ယူကြောင်း Subramanian က ပြောကြားခဲ့သည်။

ဘီဟာပြည်နယ်နှင့် အနောက်ဘင်္ဂလားပြည်နယ်တို့၌ ရာသီဥတုပြောင်းလဲမှုကြောင့် ရာဘီ(ဆောင်း)ရာသီပြောင်းအထွက်နှုန်းကို ထိခိုက်မှုရှိခဲ့ကြောင်းနှင့် အနည်းဆုံး ၁၀ ရာခိုင်နှုန်း အထွက်နှုန်းလျော့ကျဖွယ်ရှိကြောင်း အိန္ဒိယကုန်သည်များက ပြောကြားခဲ့သည်။ သို့သော် ဘီဟာပြည်နယ်၏ သီးနှံအထွက်နှုန်းကောင်းမွန်ကြောင်း တာဝန်ရှိသူတစ်ဦးက အတည်ပြုပြောကြားခဲ့သည်။

အိန္ဒိယစိုက်ပျိုးရေးနှင့် တောင်သူလယ်သမားများဖူလုံရေးဝန်ကြီးဌာန(The Ministry of Agriculture and Farmers Welfare)မှ ယခုသီတင်းပတ်အစောပိုင်းက ပြုလုပ်ခဲ့သော တတိယအကြိမ် သီးနှံအထွက်နှုန်းကြိုတင်ခန့်မှန်းချက်အရ ယခုနှစ်အတွက် ပြောင်းတန်ချိန် ၃၅ ဒသမ ၆၇ သန်းထွက်ရှိမည်ဖြစ်ကာ ယခင်နှစ်ကာလတူက ၃၈ ဒသမ ၀၈ သန်းထွက်ရှိခဲ့သည့်အတွက် အထွက်နှုန်းလျော့ကျမည်ဖြစ်ကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ မွေးမြူရေးကဏ္ဍတစ်ခုတည်း၏ ပြောင်းလိုအပ်ချက်မှာ တစ်နှစ်လျှင် တန်ချိန် ၁ သန်း တိုးမြင့်လာလျက်ရှိကြောင်း၊ ၎င်းကဏ္ဍ၏လက်ရှိပြောင်းဝယ်လိုအားမှာ တန်ချိန် ၁၆ သန်းခန့်ရှိကြောင်း သိရသည်။ အဆိုပါကဏ္ဍအပြင် ကော်မှုန့်ထုတ်လုပ်ရေးနှင့်အီသနောထုတ်လုပ်ရေးလုပ်ငန်းများမှလည်း ပြောင်းကို ဝယ်ယူကြကြောင်း သိရသည်။

ပြီးခဲ့သည့်ဘဏ္ဍာနှစ်က အီသနောကဏ္ဍ၏ပြောင်းလိုအပ်ချက်မှာ တန်ချိန် ၀ ဒသမ ၈ သန်းရှိကာ ယခုဘဏ္ဍာနှစ်တွင် တန်ချိန် ၃ ဒသမ ၄ သန်းအထိတိုးမြင့်လာဖွယ်ရှိကြောင်း၊ အဆိုပါနှုန်းအရ ၂၀၂၇-၂၈ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၀ သန်းအထိမြင့်တက်လာဖွယ်ရှိကြောင်း သိရသည်။ အိန္ဒိယအစိုးရအနေဖြင့် ပြည်တွင်း၌ ပြောင်းဝယ်လိုအားမြင့်တက်လာမှုကို ဖြည့်ဆည်းဆောင်ရွက်နိုင်ရန် ပိုမိုဈေးသက်သာသော မျိုးဗီဇပြုပြင်ထားသည့် ပြောင်းအမျိုးအစား(Genetically modified-GM corn) ကို တင်သွင်းခွင့်ပြုရန် စဉ်းစားနေကြောင်းလည်း သိရသည်။

သို့ပါ၍ အိန္ဒိယနိုင်ငံတွင် ပြောင်းလိုအားမြင့်တက်ကာ ပြည်တွင်းပြောင်းဈေးနှုန်းများမြင့်တက်လာလျက်ရှိပြီး၊ ပြည်ပမှ ဝယ်ယူမှုတိုးမြင့်လာလျက်ရှိကြောင်း တွေ့ရှိရပါသည်။ အထူးသဖြင့် မြန်မာနိုင်ငံမှ ပြောင်းကို တမီနာဒူ ပြည်နယ်မှစတင်၍ ဝယ်ယူတင်သွင်းလျက်ရှိပြီး၊ နောက်ထပ်ပြည်နယ်မှလည်း ဝယ်ယူတင်သွင်းမည့် အလားအလာများရှိနေပါသည်။

ရည်ညွှန်း။          The Hindu Businessline, India begins importing Myanmar corn duty-free to meet surging demand, June 7, 2024   

(ကောင်းထွဋ်အောင်၊  စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)

Category: International News