အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ယန်းငွေတန်ဖိုးကျဆင်းလာမှုကိုထိန်းညှိနိုင်ရေးအတွက် ဂျပန်အစိုးရအနေဖြင့် ဧပြီလ ၂၆ ရက်နေ့မှ မေလ ၂၉ ရက်နေ့အထိ ၅ ပတ်တာကာလအတွင်း ယန်း ၉.၇၈၈ ထရီလီယံ(အမေရိကန်ဒေါ်လာ ၆၂.၂ ဘီလီယံ) ဝယ်ယူခဲ့ပါသည်။
အဆိုပါသတင်းတွင် ဂျပန်အစိုးရ၏ ယခုကဲ့သို့မူဝါဒဆိုင်ရာထိန်းညှိဆောင်ရွက်မှုသည် ၂၀၂၂ ခုနှစ်တွင် ဂျပန်အစိုးရမှ ယန်း ၉.၁၈၈ ထရီလီယံဝယ်ယူခဲ့သည့်ပမာဏကိုကျော်လွန်၍ စံချိန်တင်များပြားခဲ့ကြောင်းဖော်ပြထားပါသည်။ဂျပန်အစိုးရ၏ထိန်းညှိဆောင်ရွက်မှုကြောင့် အမေရိကန် ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၆၀ ယန်းနှုန်းရှိခဲ့ရာမှ ဧပြီလ ၂၉ ရက်နေ့တွင် ၁၅၄ ယန်းနှုန်းသို့ ပြန်လည်မြင့်တက်ခဲ့ကြောင်း၊ ထိုသို့ယန်းငွေတန်ဖိုးပြန်လည်မြင့်တက်ခဲ့မှုသည် အစိုးရမှ ဈေးကွက်ဝင်ရောက်ထိန်းညှိခဲ့ခြင်းဖြစ်နိုင်ကြောင်း လေ့လာသူများနှင့် ကုန်သည်များမှ ခန့်မှန်းခဲ့ကြသော်လည်း အစိုးရမှ ဈေးကွက်ဝင်ရောက်ထိန်းညှိခဲ့ခြင်းကို ထုတ်ဖော်ပြောကြားခဲ့ခြင်းမရှိခဲ့ကြောင်း ဖော်ပြထားပါသည်။
၂၀၂၂ ခုနှစ် အောက်တိုဘာလတွင် အစိုးရမှ ယန်း ၆.၃၄၉ ထရီလီယံယန်းဝယ်ယူခဲ့ပြီး လစဉ်ဝယ်ယူမှုအနေဖြင့် စံချိန်တင်အများဆုံးဖြစ်ခဲ့ကြောင်းနှင့် ထိုစဉ်က အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၅၀ ယန်းနီးပါးရှိခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်အစောပိုင်းမှစ၍ ယန်းငွေတန်ဖိုးကျဆင်းမှုများဖြစ်ပေါ်ခဲ့သည့်အတွက် ဂျပန်ဗဟိုဘဏ်အနေဖြင့် ဖြေလျှော့သည့်ငွေကြေးမူဝါဒကို ကျင့်သုံးဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၂၂ ခုနှစ်တွင် ယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာနှင့်နှိုင်းယှဉ်ပါက ၁၅ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၃ ခုနှစ်တွင် ၇ ရာခိုင်နှုန်းကျဆင်းခဲ့ကြောင်း၊ ၂၀၂၄ ခုနှစ် ယနေ့အချိန်အထိတွင် ယန်းငွေတန်ဖိုးမှာ ၁၀ ရာခိုင်နှုန်းကျဆင်းလျက်ရှိကြောင်း ဖော်ပြထားပါသည်။
၂၀၂၄ ခုနှစ်၊ ဧပြီလတွင် ဂျပန်အစိုးရ၏နိုင်ငံခြားအရန်ငွေထားရှိမှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁.၂၇၈ ထရီလီယံရှိကြောင်း၊ ထို့ကြောင့် ယန်းငွေတန်ဖိုးကျဆင်းမှုကို အစိုးရအနေဖြင့် ထိန်းချုပ်နိုင်သည့်အနေအထားတွင်ရှိကြောင်း၊ အစိုးရမှ ယန်းငွေတန်ဖိုးကျဆင်းမှုကို ဝင်ရောက်ထိန်းညှိခဲ့ခြင်းမရှိပါက ယန်းငွေတန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာလျှင် ၁၆၅ ယန်းနှုန်းအထိကျဆင်းနိုင်ကြောင်း အမေရိကန်ဘဏ်မှ စီးပွားရေးပညာရှင်က ပြောကြားထားကြောင်း ဖော်ပြထားပါသည်။
ယန်းငွေသည် အမေရိကန်ဒေါ်လာနှင့်ယူရိုပြီးပါက ကမ္ဘာ့တတိယမြောက်ကုန်သွယ်မှုအများဆုံးငွေကြေးဖြစ်ကြောင်း၊ Bank for International Settlements ၏အချက်အလက်များအရ ကမ္ဘာ့စုစုပေါင်း ငွေကြေးတန်ဖိုး၏ ၁၇ ရာခိုင်နှုန်းကို ကိုယ်စားပြုလျက်ရှိကြောင်း၊ ဂျပန်ဗဟိုဘဏ်အနေဖြင့် တင်းကြပ်သည့်မူဝါဒကို ဆက်လက်ကျင့်သုံးနိုင်သည့်အတွက် အမေရိကန်ဗဟိုဘဏ် Federal Reserve အနေဖြင့် အတိုးနှုန်းလျှော့ချမှု ၁ ကြိမ်အနည်းဆုံးပြုလုပ်ခဲ့မည်ဆိုပါက ယခုနှစ်ကုန်တွင် ဂျပန်နိုင်ငံနှင့် အမေရိကန်နိုင်ငံတို့၏အတိုးနှုန်းကွာခြားမှုမှာ လျော့နည်းလာနိုင်မည်ဟု ခန့်မှန်းထားကြောင်း ဖော်ပြထားပါသည်။
(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)
Source: The Nikkei Asia (၃၁-၅-၂၀၂၄)