International News

ရုရှားနိုင်ငံ၏ ကောက်ပဲသီးနှံရိတ်သိမ်းနိုင်မှု ယခုနှစ်တွင် တန်ချိန် ၁၃၅ သန်းရရှိရန် ခန့်မှန်း

Last Updated:

ရုရှားနိုင်ငံသည် ယခုနှစ်အစပိုင်းမှစတင်၍ ကောက်ပဲသီးနှံရိတ်သိမ်းမှု သည် ဂျုံတန်ချိန် ၆၄ သန်းကျော်အပါအဝင် တန်ချိန် ၈၅ သန်းကျော်ရရှိထားပြီး ယခုနှစ်ကုန်တွင် ရိတ်သိမ်းနိုင်မှုခန့်မှန်းချက်မှာ တန်ချိန် ၁၃၅ သန်းရှိမည်ဟု ဒုတိယဝန်ကြီးချုပ် Mr. Dmitry Patrushev က ‌ ပြောကြားခဲ့သည်။

ရုရှားလယ်သမားများသည် ယနေ့အထိ ကောက်ပဲသီးနှံတန်ချိန် ၈၅ သန်းကျော်ရိတ်သိမ်းထားပြီး ယင်းတို့အနက် ဂျုံသည် ၆၄ သန်းကျော်ပါဝင်ကြောင်း၊ ယင်းပမာဏသည် ပြည်တွင်းလိုအပ်ချက်ကို အပြည့်အဝဖြည့်ဆည်းပေးနိုင်ကြောင်း ဒုတိယဝန်ကြီးချုပ်က စိုက်ပျိုးရေးဆိုင်ရာ အစည်းအဝေးတွင် ပြောကြားခဲ့သည်။

၂၀၂၅ ခုနှစ်တွင် နိုင်ငံ၏ကောက်ပဲသီးနှံရိတ်သိမ်းနိုင်မှုသည် ဂျုံတန်ချိန် ၈၈-၉၀ သန်းအပါအဝင် စုစုပေါင်းတန်ချိန် ၁၃၅ သန်းခန့်ရောက်ရှိရန် မျှော်လင့်ထားကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီး Ms. Oksana Lut က အစောပိုင်းတွင် ပြောကြားခဲ့ဖူးသည်။

၂၀၂၄-၂၀၂၅ စိုက်ပျိုးရေးနှစ်တွင် ရုရှားနိုင်ငံသည် ကောက်ပဲသီးနှံတန်ချိန် ၅၃ သန်းတင်ပို့ခဲ့ပြီး ယင်းတို့အနက် ဂျုံတန်ချိန် ၄၄ သန်းပါဝင်ကြောင်း၊ ရုရှားသည် ကမ္ဘာ့ဂျုံစျေးကွက်တွင် ဦးဆောင်နေရာ၌ ဆက်လက်ရှိနေကြောင်း ရုရှားစိုက်ပျိုးရေးဝန်ကြီးက ပြောကြားခဲ့သည်။

လက်ရှိတွင် ရုရှားသည် နိုင်ငံပေါင်း ၁၀၈ နိုင်ငံသို့ ကောက်ပဲသီးနှံများတင်ပို့လျက်ရှိပြီး ယင်းတို့ အနက် နိုင်ငံ ၇၀ သည် ရုရှားဂျုံကို တင်သွင်းကြောင်း သိရသည်။

၂၀၂၄ ခုနှစ်တွင် ရုရှား၏ ကောက်ပဲသီးနှံစုစုပေါင်းရိတ်သိမ်းမှုမှာ တန်ချိန် ၁၃၀ သန်းနီးပါးရှိခဲ့ပြီး ယင်းတို့အနက် ဂျုံတန်ချိန် ၈၂ သန်းကျော်ပါဝင်ကြောင်း  ရုရှားဖက်ဒရယ်စာရင်းအင်းဝန်ဆောင်မှုဌာန၏ အချက် အလက်များအရ သိရသည်။

Source :        https://www.interfax.ru/russia/1043536

(ခွန်မျိုးသူ၊ စီးပွားရေးသံမှူး၊ မော်စကိုမြို့)

Category: International News