မလေးရှားနိုင်ငံ၊ ဆေးဘက်ဆိုင်ရာကိရိယာအာဏာပိုင်အဖွဲ့(Medical Device Authority-MDA)နှင့် စင်ကာပူနိုင်ငံ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့(Health Science Authority- HSA)တို့အကြား ဆေးဘက်ဆိုင်ရာကိရိယာများ ဈေးကွက်ဝင်ရောက်မှုလျင်မြန်စေရန် လုပ်ထုံးလုပ်နည်းပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာကို (၁၄)ကြိမ်မြောက် အာဆီယံဆေးဘက်ဆိုင်ရာကိရိယာကော်မတီအစည်းအဝေး(14th ASEAN Medical Device Committee Meeting)တွင် လက်မှတ်ရေးထိုးခဲ့ပါသည်။ နားလည်မှုစာချွန်လွှာ၏ အပိုင်းတစ်ခုအနေဖြင့် ဆေးဘက်ဆိုင်ရာကိရိယာလုပ်ထုံးလုပ်နည်းအစီအစဉ်(Medical Device Regulatory Reliance Programme)ကို ၆ လ ကနဦးအစီအစဉ်အဖြစ် ကြေညာခဲ့ပါသည်။
၆ လ ကနဦးအစီအစဉ်မှာ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်နေ့မှ ၂၀၂၆ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိဖြစ်ပါသည်။ တစ်နိုင်ငံချင်းစီ၏ ဆန်းစစ်မှုနှင့်ခွင့်ပြုမှုအပေါ် ပိုမိုလျင်မြန်သည့် ခွင့်ပြုချက်များ၊ ထပ်တူညီသည့် ဆန်းစစ်မှုလုပ်ငန်းစဉ်များ၊ ကုန်ကျစရိတ်နှင့် ကြာချိန်တို့ကို လျှော့ချခြင်း၊ စိတ်ချရပြီး တီထွင်ဆန်းသစ်မှုရှိသည့် အရည်အသွေးမြင့်ဆေးဘက်ဆိုင်ရာကိရိယာများကို ဆောလျင်စွာအသုံးပြုနိုင်ခြင်းစသည်တို့အတွက် ဆေးဘက်ဆိုင်ရာကိရိယာများအုပ်စု ဘီ၊ စီနှင့် ဒီတို့မှတ်ပုံတင်ခြင်းကို လွယ်ကူချောမွေ့စေရေး ဆောင်ရွက်မည်ဖြစ်ပါသည်။
နှစ်နိုင်ငံ၏ စည်းမျဉ်းချမှတ်သူများအနေဖြင့် ရှင်းလင်းသည့်စံသတ်မှတ်ချက် လုပ်ငန်းစဉ်များချမှတ်ခြင်း၊ ကြာချိန်လျှော့ချခြင်း၊ သက်ဆိုင်ရာပါဝင်ပတ်သက်သူများ၏ အကြံပြုချက်များကို စုဆောင်းခြင်းတို့ကို ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ပါသည်။ အစီအစဉ်တွင်ပါဝင်မည့် ဆေးဘက်ဆိုင်ရာကိရိယာမှတ်ပုံတင်လက်မှတ်ကိုင်ဆောင်ထားသူများသည် အနာဂတ်တွင် အဆိုပါကိရိယာများ မှတ်ပုံတင်မှုအတွက် ကြာမြင့်ချိန်ကိုလျှော့ချနိုင်ရန် မျှော်လင့်နိုင်မည်ဖြစ်ပါသည်။ စင်ကာပူနိုင်ငံ HSA တွင် မှတ်ပုံတင်ထားသည့်ကိရိယာများသည် မလေးရှားနိုင်ငံ MDA တွင် အသိ အမှတ်ပြုလုပ်ငန်းစဉ်များဆောင်ရွက်ရာ၌ ယခင်က အလုပ်လုပ်ရက် ၆၀ ကြာမြင့်ခဲ့ရာမှ အလုပ်လုပ်ရက် ၃၀ သာကြာမြင့်နိုင်မည်ဖြစ်ပါသည်။ မလေးရှားနိုင်ငံ MDA တွင်မှတ်ပုံတင်ထားသည့် ကိရိယာများကို စင်ကာပူနိုင်ငံတွင် စိစစ်သည့်ကြာချိန်ကို ၃၀ ရာခိုင်နှုန်းအထိလျှော့ချနိုင်မည်ဖြစ်ပါသည်။
စင်ကာပူနိုင်ငံ HSA ၏အမှုဆောင်အရာရှိချုပ် Raymond Chua က “နားလည်မှုစာချွန်လွှာသည် မလေးရှားနိုင်ငံ MDA နှင့်ပူးပေါင်းဆောင်ရွက်မှုအတွက် သိသာထင်ရှားသည့်မှတ်တိုင်တစ်ခုဖြစ်ကြောင်း၊ နှစ်နိုင်ငံလုပ်ထုံးလုပ်နည်းစနစ်များကို ယုံကြည်မှုတည်ဆောက်ခြင်းဖြင့် လူနာများအတွက်စိတ်ချရပြီး အရည်အသွေးမြင့်ကိရိယာများပိုမိုလွယ်ကူစွာအသုံးပြုနိုင်ရေး အထောက်အကူဖြစ်စေမည်ဖြစ် ကြောင်း၊ ကနဦးအစီအစဉ်သည် နယ်စပ်ဖြတ်ကျော်လုပ်ထုံးလုပ်နည်းပူးပေါင်းဆောင်ရွက်မှုအတွက် လမ်းကြောင်းတစ်ခုဖြစ်လာမည်ဟု ယုံကြည်ကြောင်း” ပြောကြားခဲ့ပါသည်။ မလေးရှားနိုင်ငံ MDA ၏အမှုဆောင်အရာရှိချုပ် Dr. Muralitharan Paramasua က “မလေးရှားနိုင်ငံနှင့်စင်ကာပူနိုင်ငံတို့သည် ဆေးဘက်ဆိုင်ရာကိရိယာလုပ်ငန်းလုပ်ကိုင်သူများအတွက် လုပ်ငန်းတိုးချဲ့နိုင်ရေးအခွင့်အလမ်းများကိုဖန်တီးပေးရန် ဈေးကွက်အသစ်များရှာဖွေမှုသည် အရေးကြီးကြောင်းကို နားလည်အသိအမှတ်ပြုကြောင်း၊ ဆေးဘက်ဆိုင်ရာကိရိယာများသည် တိုးတက်ရန်အလားအလာရှိနေပြီး အဆင့်မြင့်ဆေးဘက်ဆိုင်ရာ နည်းပညာများဖြင့် လူနာများကိုကုသနိုင်ခြင်းဖြင့် နိုင်ငံ၏ဝင်ငွေနှင့်စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက် အကူပြုမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ပူးပေါင်းဆောင်ရွက်မှုသည် လုပ်ထုံးလုပ်နည်းစနစ်တွင် နည်းပညာအရယုံကြည်မှုကို ခိုင်မာအားကောင်းစေမည်ဖြစ်ပြီး ဈေးကွက်အခွင့်အလမ်းများကို ရှာဖွေနိုင်မည်ဖြစ်ကြောင်း” ပြောကြားခဲ့ပါသည်။
နားလည်မှုစာချွန်လွှာသည် ဒေသတွင်းစီးပွားရေးပေါင်းစည်းမှုအတွက် နှစ်နိုင်ငံအကြား ကတိကဝတ်ဖြစ်ပါသည်။ ကနဦးအစီအစဉ်အပြီးတွင် MDA နှင့် HSA တို့သည် ရလဒ်များကို ထုတ်ပြန်မည်ဖြစ်ပြီး လုပ်ထုံးလုပ်နည်းအစီအစဉ်များ အကောင်အထည်ဖော်ရေးကို စဉ်းစားမည်ဖြစ်ပါသည်။
ရင်းမြစ်။ စင်ကာပူနိုင်ငံ ကျန်းမာရေးသိပ္ပံအာဏာပိုင်အဖွဲ့ (Health Science Authority- HSA)
(သွယ်သွယ်ဆုတင်၊ စီးပွားရေးသံမှူး၊ စင်ကာပူမြို့)