International News

ယူအေအီးနိုင်ငံ၏ စက်သုံးဆီဈေးနှုန်းများ အောက်တိုဘာလတွင် မြင့်တက်မည်ဟုခန့်မှန်း

Last Updated:

ယူအေအီးနိုင်ငံ၏ စက်သုံးဆီစျေးနှုန်းများပြောင်းလဲနိုင်ကြောင်း စက်သုံးဆီဈေးနှုန်းကော်မတီမှ အောက်တိုဘာလအတွက် စက်သုံးဆီစျေးနှုန်းသတ်မှတ်မည့်အစည်းအဝေးအရ သိရှိရပါသည်။

စက်တင်ဘာလတွင် ဈေးနှုန်းတိုးမြှင့်ထုတ်ပြန်ကြေညာခဲ့သည့် စက်သုံးဆီစျေးနှုန်းများ၏ နောက်ဆက်တွဲအဖြစ် ကမ္ဘာ့ဈေးကွက်ရေစီးကြောင်းနှင့်အညီ ယူအေအီးနိုင်ငံ၏စက်သုံးဆီစျေးနှုန်း အတက်အကျနှုန်းထားများကို မြင့်တက်စေရန်ဦးတည်နေကြောင်း အဆိုပါသတင်းဌာနမှ ဖော်ပြထားပါသည်။

စက်သုံးဆီဈေးနှုန်းကော်မတီသည် လစဉ်လကုန်ရက်များတွင် ဈေးနှုန်းအစည်းအဝေးပြုလုပ်လေ့ရှိသည့်အတွက် လာမည့်စနေ၊ တနင်္ဂနွေတွင် ကြေညာချက် ထွက်ရှိမည်ဟုခန့်မှန်းထားပြီး လက်ရှိကမ္ဘာလုံးဆိုင်ရာစျေးကွက်များအရ အကြောင်းတစ်စုံတရာမရှိပါက လာမည့်အောက်တို ဘာလတွင် စျေးနှုန်းများမြင့်တက်နိုင်ခြေရှိကြောင်းလည်း ဖော်ပြပါရှိပါသည်။

လက်ရှိအချိန်တွင် စက်တင်ဘာလဆန်းပိုင်းက အမေရိကန်ဒေါ်လာ ၈၄(AED ၃၀၈)သာရှိခဲ့သည့် Brent ရေနံစိမ်းတစ်စည်လျှင် အမေရိကန်ဒေါ်လာ ၉၁(AED ၃၃၄)သို့ ရောက်ရှိနေပြီး အမေရိကန်ဒေါ်လာ ၈၀(AED ၂၉၃)ရှိခဲ့သည့် WTI ရေနံစိမ်းတစ်စည်မှာလည်း အမေရိကန်ဒေါ်လာ ၈၈(AED ၃၂၃)သို့ ရောက်ရှိ နေကြောင်း ဖော်ပြထားပါသည်။

အကယ်၍ ရေနံစိမ်းဈေးမြင့်တက်လာပါက အောက်ပါလက်ရှိစက်တင်ဘာလ၏ မြင့်တက်နေသည့် စက်သုံးဆီနှုန်းထားများထက် ပိုမိုလာနိုင် ခြေရှိကြောင်း ပါရှိပါသည်။

Super 98 ဓာတ်ဆီ    - AED ၃.၄၂

Super 95 ဓာတ်ဆီ    - AED ၃.၃၁

E-Plus 91 ဓာတ်ဆီ    - AED ၃.၃၂

Diesel ဒီဇယ်ဆီ        - AED ၃.၄၀

ယူအေအီးနိုင်ငံ၏ဓာတ်ဆီဈေးနှုန်းများသည် ၂၀၂၂ ခုနှစ်၊ ဇူလိုင်လတွင် အမြင့်မားဆုံးဖြစ်ခဲ့ပြီး Super 98 ဓာတ်ဆီတစ်လီတာလျှင် AED ၄.၆၃ အထိရောက်ရှိခဲ့ကာ သြဂုတ်လ၊ စက်တင်ဘာလနှင့် အောက်တိုဘာလများတွင် သုံးလဆက်တိုက်ကျဆင်းခဲ့ပြီး ဆက်လက်၍နိုဝင်ဘာလတွင် ဈေးနှုန်းမြင့်တက်လာခဲ့သော်လည်း ဒီဇင်ဘာလတွင် ပြန်လည်လျော့ကျခဲ့ပါသည်။

ယူအေအီးနိုင်ငံရှိ စက်သုံးဆီဈေးနှုန်းများကို ၂၀၁၅ ခုနှစ်မှစ၍ ကမ္ဘာ့စက်သုံးဆီဈေးနှုန်းများနှင့်အညီဖြေလျှော့ပေးခဲ့ပြီး လွန်ခဲ့သည့်ရှစ်နှစ်တာကာလအတွင်း လောင်စာဆီဈေးနှုန်းကော်မတီမှ ပြန်လည်ပြင်ဆင်ထားသော စက်သုံးဆီဈေးနှုန်းထားများကို ထုတ်ပြန်ကြေညာရန်အတွက် လစဉ်လတိုင်း စက်သုံးဆီဈေးနှုန်းအစည်းအဝေးများကို ပြုလုပ်ခဲ့ပါသည်။

အကျိုးသက်ရောက်မှုအဖြစ် နိုင်ငံတွင်းနေထိုင်ကြသူများအနေဖြင့် လောင်စာဆီအစားထိုးအသုံးပြုမှုများရရှိစေပြီး အများသုံးသယ်ယူပို့ဆောင်ရေးစနစ်တွင် ပိုမိုအသုံးပြုစေရန် လှုံ့ဆော်မှုများရရှိလာလိမ့်မည်ဟု ယူအေအီးအစိုးရမှ မျှော်လင့်ထားကြောင်း ဖော်ပြပါရှိပါသည်။

အရင်းအမြစ် - timeoutdubai.com

(ဦးနန္ဒာစိုးမြင့်၊ စီးပွားရေးသံမှူး၊ ဒူဘိုင်းမြို့)

Category: International News