International News

ကမ္ဘာ့အကြီးဆုံးမော်တော်ယာဉ်တင်ပို့သူဖြစ်သည့် ဂျပန်နိုင်ငံ၏နေရာကို ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံက အစားထိုးနေရာယူတော့မည်

Last Updated:

ကမ္ဘာ့အကြီးဆုံးမော်တော်ယာဉ်တင်ပို့သူဖြစ်သည့် ဂျပန်နိုင်ငံ၏နေရာကို ၂၀၂၃ ခုနှစ်တွင် တရုတ်နိုင်ငံက အစားထိုးနေရာယူသွားမည်ဖြစ် ကြောင်း၊ အဆိုပါအလှည့်အပြောင်းသည် ဥရောပ၊ အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့က ဆယ်စုနှစ်ပေါင်းများစွာလွှမ်းမိုးခဲ့မှုကို အဆုံးသတ်စေမည့် သမိုင်းဝင်ဖြစ်ရပ်တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့ပါသည်။

အဆိုပါသတင်းတွင် တရုတ်နိုင်ငံမှ ထိုသို့ကမ္ဘာ့ဈေးကွက်တွင် လွှမ်းမိုးနေရာယူလာလျက်ရှိသော်လည်း တရုတ်ပြည်တွင်းမော်တော်ယာဉ်ဈေးကွက်တွင် နက်ရှိုင်းသည့်ပြဿနာများကြုံတွေ့နေရပြီး အဆိုပါပြဿနာများသည် ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်ကို များစွာအပြောင်း အလဲဖြစ်စေကာ ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေလျက်ရှိကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံရှိ မော်တော်ယာဉ်ထုတ်လုပ်မှုကဏ္ဍတွင် ဦးဆောင်သူများအနေဖြင့် လောင်စာအသုံးပြုအင်ဂျင်ကားများရောင်းချရမှု လျင်မြန်စွာကျဆင်းလာနိုင်မှု၊ လျှပ်စစ်ယာဉ်များအသုံးပြုမှု လွန်စွာများပြားလာနိုင်မှု၊ မြို့ပြလူဦးရေများပြားလာပြီး ကူးသန်းသွားလာမှုတွင် မျှဝေအသုံးပြုသည့်စနစ်ထွန်းကားလာကာ ကိုယ်ပိုင်ယာဉ်အသုံးပြုမှုကျဆင်းလာနိုင်မှုတို့ကို ထည့်သွင်းစဉ်းစားရန်လိုအပ်ခဲ့ခြင်းတို့ကြောင့် တရုတ်နိုင်ငံရှိ မော်တော်ယာဉ်စက်ရုံများတွင် ထုတ်လုပ်မှုနှင့်ပြည်တွင်းလိုအပ်ချက်အကြား ကွာဟချက်များ များစွာဖြစ်ပွားခဲ့ကာ နိုင်ငံတစ်ဝန်းစက်ရုံများမှ မော်တော်ယာဉ်ထုတ်လုပ်သည့်အရေအတွက်မှာ လိုအပ်ချက်ထက် များစွာကျော်လွန်ခဲ့ကြောင်းနှင့် လက်ရှိတွင် အသုံးမပြုရသေးသည့် မော်တော်ယာဉ်အရေအတွက်မှာ ၂၅ သန်းကျော်ရှိနေကြောင်း  ဖော်ပြထားပါသည်။

တရုတ်နိုင်ငံ၏မော်တော်ယာဉ်တင်ပို့မှုမှာ ၂၀၂၁ ခုနှစ်တွင် တောင်ကိုရီးယားနိုင်ငံကို ကျော်လွန်ခဲ့ပြီး ၂၀၂၂ ခုနှစ်တွင် ဂျာမနီနိုင်ငံကို ကျော်လွန်ခဲ့ကြောင်း၊ ယခုနှစ်တွင် ဂျပန်နိုင်ငံကို ကျော်လွန်နိုင်ဖွယ်ရှိကြောင်း Moody’s Corporation ၏အချက်အလက်များအရ သိရှိရကြောင်း ဖော်ပြထားပါသည်။  တရုတ်နိုင်ငံအနေဖြင့် မော်တော်ယာဉ်များတင်ပို့ရာတွင် ဥရောပနှင့် အာရှရှိဖွံ့ဖြိုးဆဲနိုင်ငံများသို့ အဓိကထား၍ တင်ပို့လျက်ရှိကြောင်းနှင့် ယခုနှစ်တွင် ရုရှားနိုင်ငံသို့ အများဆုံးတင်ပို့လျက်ရှိကြောင်း ဖော်ပြထားပါသည်။

ကုန်ကျစရိတ်သက်သာသည့် လျှပ်စစ်ယာဉ်များကြောင့် တရုတ်နိုင်ငံမှ မော်တော်ယာဉ်တင်ပို့မှုမှာ ပိုမိုများပြားလာနိုင်ကြောင်းနှင့် Telsa အနေ ဖြင့် ဥရောပသို့ ၎င်း၏တရုတ်နိုင်ငံ၊ ရှန်ဟိုင်းစက်ရုံမှ ထုတ်လုပ်သည့်လျှပ်စစ်ယာဉ်များကို တင်ပို့ရောင်းချလျက်ရှိကြောင်းနှင့် BYD အနေဖြင့် တရုတ်နိုင်ငံထုတ်လျှပ်စစ်ယာဉ်များကို ဖွံ့ဖြိုးပြီးနိုင်ငံများသို့ တင်ပို့ရောင်းချလျက်ရှိပြီး လာမည့်နှစ်တွင် ယခုနှစ်တင်ပို့မှု၏ ၂ ဆဖြစ်သည့် လျှပ်စစ်ယာဉ် ၄ သိန်းရောင်းချနိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် ၂၀၂၃ ခုနှစ် ဇူလိုင်လကုန်အထိ လောင်စာဆီအသုံးပြုသည့်မော်တော်ယာဉ် ၂.၈ သန်းကို တင်ပို့ခဲ့ပြီးဖြစ်ကြောင်းနှင့် အဆိုပါအရေအတွက်မှာ ယခင်နှစ်နှင့်နှိုင်းယှဉ်ပါက ၇၄ ရာခိုင်နှုန်းမြင့်တက်ခဲ့ကြောင်း၊ ပြည်တွင်းမှဝယ်ယူသူများအနေဖြင့် လျှပ်စစ်ယာဉ်များနှင့် အသုံးပြုပြီးမော်တော်ယာဉ်များကိုသာ ရွေးချယ်ဝယ်ယူလာကြကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံအနေဖြင့် ကမ္ဘာ့အကြီးဆုံးမော်တော်ယာဉ်တင်ပို့သူအဖြစ် နှစ်ပေါင်းများစွာရပ်တည်နိုင်မည်ဟု ခန့်မှန်းထားကြောင်းနှင့် တရုတ်နိုင်ငံမှထုတ်လုပ်သည့် မော်တော်ယာဉ်များ ပြည်ပတင်ပို့မှုမှာ ၂၀၂၂ ခုနှစ်တွင် ကမ္ဘာ့ဈေးကွက်ဝေစု၏ ၁၆ ရာခိုင်နှုန်းသာရှိခဲ့ရာမှ ၂၀၃၀ ပြည့်နှစ်တွင် မော်တော်ယာဉ် ၉ သန်းအထိတင်ပို့နိုင်ပြီး ကမ္ဘာ့ဈေးကွက်ဝေစု၏ ၃၀ ရာခိုင်နှုန်းအထိ ရောက်ရှိနိုင်ကြောင်း ဖော်ပြထားပါသည်။

သုံးသပ်တင်ပြချက်

သဘာဝပတ်ဝန်းကျင်ပြဿနာများကို ဖြစ်ပွားစေမှုနှင့် အကျိုးသက်ရောက်မှုများသည် နိုင်ငံတစ်နိုင်ငံချင်းစီ၏ နယ်နိမိတ်အတွင်း၌သာမက ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားလျက်ရှိသည့် ကမ္ဘာ့အဆင့်ပြဿနာတစ်ရပ်ဖြစ်ပါသည်။ ထို့ကြောင့် ဖန်လုံအိမ်ဓာတ်ငွေ့ထုတ်လွှတ်မှုကို သုညရာခိုင်နှုန်းအထိ ‌လျှော့ချနိုင်ရေး ကမ္ဘာ့နိုင်ငံများအနေဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြပြီး ကာဗွန်ထုတ်လုပ်မှုလျှော့ချရေးအတွက် ရုပ်ကြွင်းလောင်စာအစားထိုးသည့် လောင်စာများပြောင်းလဲအသုံးပြုခြင်းနှင့် လျှပ်စစ်ယာဉ်များပြောင်းလဲသုံးစွဲခြင်းကဲ့သို့သော မူဝါဒများချမှတ်ဆောင်ရွက်လာကြပါသည်။ အဆိုပါမူဝါဒအပြောင်းအလဲများသည် တရုတ်နိုင်ငံထုတ် ရုပ်ကြွင်းလောင်စာအစားထိုးသုံးစွဲနိုင်မည့် ဈေးနှုန်းသက်သာသည့် နည်းပညာမြင့်လျှပ်စစ်ယာဉ်များဝယ်လိုအားကို ပိုမိုမြင့်တက်စေခဲ့ပြီး တရုတ်နိုင်ငံအား ကမ္ဘာ့မော်တော်ယာဉ်ဈေးကွက်တွင် ဦးဆောင်သူအဖြစ် ပြောင်းလဲစေခဲ့ခြင်းဖြစ်ကြောင်း သုံးသပ်ရပါသည်။ 

Source: The Financial Times 

(သူဇာဖြိုး၊ စီးပွားရေးသံမှူး၊ တိုကျိုမြို့)

Category: International News