International News

တရုတ်နှင့် EU တို့ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ယန္တရားထူထောင်ရန် ဆွေးနွေးနေကြောင်း MOFCOM မှပြောကြားခဲ့

Last Updated:

တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂ(EU)တို့သည် ကုန်သွယ်ရေးနှင့် ရင်းနှီး မြှုပ်နှံမှုဆိုင်ရာညှိနှိုင်းဆွေးနွေးရေးယန္တရားတစ်ရပ်ထူထောင်ရန်အတွက် ဆွေးနွေးလျက်ရှိပြီး သက်ဆိုင်ရာဆွေးနွေးပွဲများကို ကျင်းပသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) မှ ပြောကြားခဲ့ပါကြောင်း မေလ ၂၉  ရက်၌ ကျင်းပခဲ့သော EU-တရုတ်ဆက်ဆံရေးဆိုင်ရာ ဥရောပကော်မရှင်အဖွဲ့ဝင်များကောလိပ် (European Commission's College of Commissioners)၏ ဆွေးနွေးပွဲနှင့်စပ်လျဉ်းပြီး မီဒီယာများ၏မေးမြန်းမှုကို ပြန်လည်ဖြေကြားရာတွင် MOFCOM ၏ပြောရေးဆိုခွင့်ရှိသူက တရုတ်နိုင်ငံအနေဖြင့် EU နှင့် ကောင်းမွန်သောဆက်သွယ်ဆောင်ရွက်မှုများကို ထိန်းသိမ်းထားရှိပါကြောင်းဖြင့် ပြောကြားခဲ့ပါကြောင်း ဖော်ပြထားပါသည်။

တရုတ်နိုင်ငံနှင့် EU တို့သည် တန်းတူညီမျှမှုနှင့် နှစ်ဖက်အပြန်အလှန်အကျိုးဖြစ်ထွန်းမှုအပေါ် အခြေခံသည့် အရေးပါသော စီးပွားရေးနှင့် ကုန်သွယ်ရေးမိတ်ဖက်များဖြစ်ကြကြောင်း၊ EU ဘက်မှ ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့(WTO)၏စည်းမျဉ်းများကို လိုက်နာရန်၊ လွတ်လပ်သောကုန်သွယ်မှုနှင့် တရားမျှတသော ယှဉ်ပြိုင်မှုကို ဆုပ်ကိုင်ထားရန်၊ ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒ(Protectionism)နှင့် တစ်ဖတ်သတ်ဆောင်ရွက်မှုဝါဒ(Unilateralism)တို့ကို ပြတ်ပြတ်သားသားဆန့်ကျင်ရန် တရုတ်နိုင်ငံက မျှော်လင့်ကြောင်းဖြင့်လည်း ထည့်သွင်းပြောကြားခဲ့ကြောင်း ဖော်ပြထားပါသည်။

နှစ်ဖက်ခေါင်းဆောင်များရရှိထားသည့် ဘုံသဘောတူညီချက်များကို အကောင်အထည်ဖော်ရန်၊ သဘောထားကွဲလွဲမှုများနှင့် ပဋိပက္ခများကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းရန်နှင့် တရုတ်-EU စီးပွားရေးနှင့် ကုန်သွယ်မှုဆက်ဆံရေး တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရန်အတွက် EU အနေဖြင့် တရုတ်နိုင်ငံနှင့်အတူတကွ လက်တွဲလုပ်ဆောင်သွားလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ဥရောပဘက်မှ ကုန်သွယ်ရေးဆိုင်ရာ လုပ်ငန်းစဉ်အသစ်များကို တစ်ဦးတည်းသဘောဖြင့် အတင်းအကျပ်လုပ်ဆောင်လာပြီး ခွဲခြားဆက်ဆံတတ်သော ကန့်သတ်ချက်များကို ချမှတ်လာပါက တရုတ်နိုင်ငံအနေဖြင့်လည်း မိမိတို့၏အကျိုးစီးပွားကို ကာကွယ်ရန်အတွက် ပြတ်ပြတ်သားသားတုံ့ပြန်သွားမည်ဖြစ်ပြီး ထိရောက်သော အစီအမံများကို ချမှတ်သွားမည်ဖြစ်ပါကြောင်းဖြင့် ပြောရေးဆိုခွင့်ရှိသူက ဆက်လက်ပြောကြားခဲ့ပါကြောင်း ဖော်ပြထားပါသည်။

https://english.www.gov.cn/news/202605/30/content_WS6a1ae611c6d00ca5f9a0b571.html

(ဒေါက်တာခင်စံသာဝင်း၊ စီးပွားရေးသံမှူး၊ ပေကျင်းမြို့)

Category: International News