International News

နိုင်ငံတကာ အရှေ့- အနောက်စီးပွားရေးစင်္ကြံ ကုန်သွယ်မှုနှင့် ခရီးသွားလာရေး ပြပွဲ EWEC (Danang 2024) တွင် ပြခန်းပေါင်း ၃၀၀ နီးပါး ပါဝင်ပြသ

Last Updated:

အရှေ့- အနောက် စီးပွားရေးစင်္ကြံ (EWEC) – Da Nang 2024 နိုင်ငံတကာ ကုန်စည်ပြပွဲသည် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ အတည်ပြုထားသော ပွဲတစ်ခုဖြစ်ပြီး အလယ်ပိုင်းဒေသ၊ အလယ်ပိုင်းကုန်းမြင့်နှင့် အိမ်နီးချင်းနိုင်ငံများရှိ ပြည်နယ်နှင့် မြို့ကြီးများ၏ အောင်မြင်မှုများကို ပြသရန် နှစ်စဉ်ကျင်းပလျက်ရှိပါကြောင်း၊ အဆိုပါပြပွဲသည် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီး သွားလုပ်ငန်းကို မြှင့်တင်ရန် ရည်ရွယ်ကြောင်း သိရှိရပါသည်။

နိုင်ငံတကာ အရှေ့-အနောက် စီးပွားရေးစင်္ကြံ (EWEC) ကုန်သွယ်မှုနှင့် ခရီးသွားလာရေးပြပွဲ - Da Nang 2024 ကို ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၂ ရက်နေ့တွင် ဒါနန်းမြို့၏ နိုင်ငံတကာ ကုန်စည် ပြပွဲဗဟိုဌာနတွင် ဖွင့်လှစ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားတွင် ဗီယက်နမ်နိုင်ငံ၊ စက်မှုနှင့် ကုန် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး Mr. Nguyen Hoang Long မှ ဒါနန်းမြို့အကြီးအကဲ များ၏ ကြိုးပမ်းအားထုတ် ဆောင်ရွက်မှုနှင့် နိုင်ငံတစ်ဝှမ်းပြည်နယ်နှင့် မြို့ကြီးများ၊ ဒေသတွင်း ပူးပေါင်းဆောင်ရွက်နိုင်မှုများအတွက် ချီးကျုးဂုဏ်ပြုကြောင်းထည့်သွင်းပြောကြားခဲ့ပါသည်။  ထို့နောက် ဒါနန်းမြို့တော်စည်ပင်သာယာရေး ကော်မတီ အမြဲတမ်းဒုဥက္ကဋ္ဌ Mr. Ho Ky Minh က ၂၀၂၄ ခုနှစ် ကုန်သွယ်မှုမြှင့်တင်ရေး အစီအစဉ်အတွက် ရည်ရွယ်ကျင်းပသည့် EWEC ပြပွဲအား ဗီယက်နမ်နိုင်ငံ စက်မှုနှင့်ကုန်သွယ်ရေးဝန်ကြီးဌာနက ဒါနန်းမြို့အား ဆက်လက်ရွေးချယ်ခဲ့ပါကြောင်း၊ အရှေ့-အနောက် စီးပွားရေးစင်္ကြံ နှင့် ဒေသတွင်းနိုင်ငံများအကြား ချစ်ကြည် ရင်းနှီးစွာဖြင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ အပြန်အလှန်ယုံကြည်မှု မြှင့်တင်ရာတွင် မျှတမှု၏ အရေးပါမှုကို အလေးပေး ပြောကြားခဲ့ပါသည်။

ဒါနန်းမြို့သည် အရှေ့-အနောက် စီးပွားရေးစင်္ကြံ၏ အချက်အချာ ကျသည့်နေရာဖြစ်ပြီး ဒေသတွင်းနိုင်ငံများ၊ ကမ္ဘာ့နိုင်ငံများနှင့် ကုန်သွယ်မှုတိုးချဲ့ရာတွင် အထူးအရေးကြီးပါကြောင်း၊ ဒါနန်းရှိ ခေတ်မီဖွံ့ဖြိုးတိုးတက်သော အခြေခံအဆောက်အအုံစနစ်သည် ကုန်သွယ်မှု ချဲ့ထွင်ရန် အတွက် အရေးကြီးသည့် အချက်ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

ထို့အပြင် အလယ်ပိုင်းကမ်းရိုးတန်းမြို့အနေဖြင့် စီးပွားရေးလုပ်ငန်းများကို ပံ့ပိုးပေးရန် အတွက် အဓိကစီးပွားရေး ကဏ္ဍများနှင့် နယ်ပယ်များကို ပိုမိုအားကောင်းလာအောင် အာရုံစိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ အဆိုပါကြိုးပမ်းမှုများသည် မြို့တော်၏ စီးပွားရေးတစ်ခုလုံးအပေါ် ကောင်းသောအကျိုးသက်ရောက်မှုများ ရရှိမည်ဟု မျှော်လင့်ပါကြောင်း၊ EWEC ပြပွဲအား ၂၀၀၇ ခုနှစ်က စတင်ကျင်းပခဲ့ပြီး EWEC တစ်လျှောက်ရှိ အဖွဲ့အစည်းများ၊ စီးပွားရေး လုပ်ငန်းများနှင့် ရင်းနှီးမြှုပ်နှံသူများအတွက် ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှုနှင့် ခရီးသွားလာရေး အခွင့်အလမ်းများရရှိရန် ရည်ရွယ်ပါကြောင်းသိရှိရပါသည်။ အထူးသဖြင့် ဝန်ဆောင်မှုနှင့် ခရီးသွား ကဏ္ဍများသည် ဒေသတွင်းစီးပွားရေးတိုးတက်မှုအတွက် အရေးပါသော မောင်းနှင်အားများအဖြစ် ဆက်လက် တည်ရှိနေပါကြောင်း ပြောကြားခဲ့ပါသည်။

ပြပွဲ၏ အောင်မြင်မှုသည် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၏ အနီးကပ်ပံ့ပိုးပေးမှု၊ ဦးတည် ချက်နှင့် ပေါင်းစပ်ညှိနှိုင်းမှုတို့ကြောင့် ဖြစ်ပါကြောင်း၊ EWEC လမ်းကြောင်းနှင့် စီးပွားရေး လုပ်ငန်းများနှင့် အာဏာပိုင်များ၏ ယုံကြည်မှုနှင့် ပံ့ပိုးပေးမှုများ၊ သံရုံးများ၊ ကုန်သွယ်ရေးရုံးများ၊ ကုန်သွယ်မြှင့်တင်ရေးနှင့် စီမံခန့်ခွဲမှု အေဂျင်စီ၏ တစ်နှစ်ထက်တစ်နှစ် တက်ကြွစွာ ပံ့ပိုးကူညီမှု များကြောင့် ဖြစ်ပါကြောင်း ပြောကြားခဲ့ပါသည်။

အဆိုပါ EWEC Danang Fair 2024 ကို ဩဂုတ်လ ၂ ရက်နေ့မှ ၇ ရက်နေ့အထိ ကျင်းပမည် ဖြစ်ပြီး ပြည်နယ်နှင့် မြို့ကြီး ၃၁ ခုမှ စီးပွားရေး လုပ်ငန်းပေါင်း ၁၅၀ ကျော်မှ ပြခန်းပေါင်း ၃၀၀ နီးပါးဖြင့် ပြသလျက်ရှိပါသည်။

ပြပွဲတွင် လျှပ်စစ်၊ အီလက်ထရွန်းနစ်နှင့် ဆက်သွယ်ရေးဆိုင်ရာပြခန်းများ၊ အိမ်သုံး ပစ္စည်းများ၊ သစ်သားပရိဘောဂများ၊ အတွင်းပိုင်းအလှဆင်ခြင်း၊ လက်မှုပစ္စည်းများ၊ ဒေသထွက် လက် ဆောင်ပစ္စည်းများ၊ အစားအသောက်၊ အဖျော်ယမကာ၊ အထည်အလိပ်၊ ဖက်ရှင်၊ ဆေးဝါး၊ အလှကုန်၊ ခရီးသွားဝန်ဆောင်မှု၊ ထောက်ပံ့ပို့ဆောင်ရေး၊ ပညာရေး၊ ကျန်းမာရေးစောင့်ရှောက်မှု ဆိုင်ရာပြခန်းများ ပါဝင်ပြသလျက်ရှိပါသည်။

ကုန်စည်ပြပွဲအတွင်း ကုန်သွယ်မှု ချိတ်ဆက်မှုဆိုင်ရာ ညီလာခံကျင်းပသွားမည်ဖြစ်ပြီး အဆိုပါညီလာခံအတွင်း ပို့ကုန်မြှင့်တင်ရေးနှင့် ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ၏ ထုတ်ကုန် မိတ်ဆက်ခြင်းနှင့် အရောင်းမြှင့်တင်ရေးအစီအစဉ်များ၊ ဒေသများအလိုက် အချက်အပြုတ်နှင့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များ၊ စီးပွားရေးလုပ်ငန်းများနှင့် သမဝါယမများအတွက် အဓိက ထုတ်ကုန်များ၊ OCOP ထုတ်ကုန်များ ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်နိုင်ရေးအတွက် ထုတ်ကုန် တန်ဖိုး ကွင်းဆက်များဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါသည်။

ကုန်စည်ပြပွဲတွင် ကမ္ဘောဒီးယား အပါအဝင် အင်ဒိုနီးရှား၊ မြန်မာနိုင်ငံ၊ လာအို၊ မလေးရှား၊ ထိုင်း၊ တရုတ်၊ ကိုရီးယား၊ ရုရှားနိုင်ငံအပါအဝင် နိုင်ငံပေါင်း ၉ နိုင်ငံ၊ နိုင်ငံတကာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းများ၏ ပူးပေါင်းပါဝင်မှုကို ဆွဲဆောင်ခဲ့ကြောင်း ဖော်ပြ ထားပါသည်။

အဆိုပါ EWEC ၂၀၂၄ သို့ မြန်မာနိုင်ငံမှ A.P.T Travel Services Co., Ltd မှ ဝင်ရောက် ပြသခဲ့ကြောင်း သိရှိရပါသည်။

 

Source: Da Nang Times

(စီးပွားရေးသံမှူး၊ဗီယက်နမ်)

 

 

Category: International News