အိန္ဒိယနိုင်ငံတွင် ပြည်တွင်းကွမ်းသီးကဏ္ဍမှ သက်ဆိုင်သူများက ကွမ်းသီးတင်သွင်းမှုအပေါ် စိုးရိမ်မှုများဖော်ပြနေချိန်တွင် ဗဟိုအစိုးရမှ ပေးအပ်ထားသော နောက်ဆုံးအချက်အလက်များအရ ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ မြန်မာနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့သည် အိန္ဒိယနိုင်ငံသို့ အဆိုပါကုန်ပစ္စည်းတင်ပို့ရာတွင် ဦးဆောင်လျက်ရှိကြောင်း The Hindu Businessline သတင်းဌာနက ယခုလ ၂ ရက်က ဖော်ပြသည်။
ယခုလ ၂ ရက်(အင်္ဂါနေ့)တွင် ကုန်သွယ်ရေးနှင့် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Piyush Goyal သည် လော့ခ်ဆဘာ(အောက် လွှတ်တော်)သို့ အိန္ဒိယနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်အတွင်း ကွမ်းသီး ၄၂,၂၃၆ ဒသမ ၀၂ တန်ကို ရူပီး ၁၂၀၈ ဒသမ ၃၄ ကုဋေ(အမေရိကန်ဒေါ်လာ ၁၄၃ ဒသမ ၄၅ သန်း)တန်ဖိုးဖြင့် တင်သွင်းခဲ့ပြီး ၂,၃၉၆ ဒသမ ၂၆ တန်ကို ရူပီး ၁၀၅ ဒသမ ၈၄ ကုဋေ(အမေရိကန် ဒေါ်လာ ၁၂ ဒသမ ၅၅ သန်း) တန်ဖိုးဖြင့် တင်ပို့ခဲ့ကြောင်း အသိပေးပြောကြားခဲ့သည်။
ယင်းမတိုင်မီ တစ်ရက်အလို တနင်္လာနေ့တွင် ဒက်ရှီနာ ကန်နာဒါ (Dakshina Kannada)မှ ပါလီမန်အမတ် Captain Brijesh Chowta သည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDCs)မှ ကွမ်းသီးများအကြီးအကျယ် တင်သွင်းမှုနှင့် ပြည်တွင်းကွမ်းသီးဈေးကွက်၊ တောင်သူများအပေါ် သက်ရောက်မှုရှိနေသည်ကို မီးမောင်းထိုးပြခဲ့ကြောင်း သိရသည်။
၂၀၂၄-၂၅ ဘဏ္ဍနှစ်အတွင်း အိန္ဒိယနိုင်ငံသို့ ကွမ်းသီးတင်သွင်းခဲ့သည့် အဓိကနိုင်ငံများ
|
နိုင်ငံအမည် |
သွင်းကုန်တန်ဖိုး (ရူပီး ကုဋေ) |
သွင်းကုန်တန်ဖိုး (ကန်ဒေါ်လာသန်း) |
အရေအတွက် (တန်) |
|
ဘင်္ဂလားဒေ့ရှ် |
447.76 |
53.06 |
12155.4 |
|
သီရိလင်္ကာ |
303.7 |
35.97 |
8353.7 |
|
မြန်မာ |
278.24 |
33.2 |
7569.03 |
|
အင်ဒိုနီးရှား |
129.35 |
15.36 |
11589.၅6 |
|
ယူအေအီး |
20.64 |
2.45 |
390.11 |
|
မလေးရှား |
10.14 |
1.21 |
269.86 |
|
အိုမန် |
7.65 |
0.91 |
144 |
|
စင်ကာပူ |
5.07 |
0.61 |
214.2 |
|
ဘူတန် |
3.89 |
0.46 |
1436.47 |
|
ထိုင်း |
1.77 |
0.21 |
50 |
|
အခြားနိုင်ငံများ |
0.13 |
0.01 |
63.69 |
|
စုစုပေါင်း |
1208.34 |
143.45 |
42236.၀၂ |
ရင်းမြစ်။ လော့ခ်ဆဘာ (အောက်လွှတ်တော်)၌ ဖြေကြားချက်
သုညအကောက်ခွန် (Zero customs duty)
ဝန်ကြီး၏ဖြေကြားချက်အရ အိန္ဒိယနိုင်ငံသည် ၂၀၂၄-၂၅ ဘဏ္ဍာနှစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ကွမ်းသီး၁၂,၁၅၅ ဒသမ ၄၀ တန်ကို ရူပီး ၄၄၇ ဒသမ ၇၆ ကုဋေ(အမေရိကန်ဒေါ်လာ ၅၃ ဒသမ ၀၆ သန်း)တန်ဖိုးဖြင့် တင်သွင်းခဲ့ပြီး သီရိလင်္ကာနိုင်ငံမှ တန် ၈,၃၅၃ ဒသမ ၇၀ ကို ရူပီး ၃၀၃ ဒသမ ၇၀ ကုဋေ(အမေရိကန်ဒေါ်လာ ၃၅ ဒသမ ၉၇ သန်း) တန်ဖိုးဖြင့်လည်းကောင်း၊ မြန်မာနိုင်ငံမှ ၇,၅၆၉ ဒသမ ၀၃ တန်ကို ရူပီး ၂၇၈ ဒသမ ၂၄ ကုဋေ(အမေရိကန်ဒေါ်လာ ၃၃ ဒသမ ၂၀ သန်း) တန်ဖိုးဖြင့် လည်းကောင်း၊ အင်ဒိုနီးရှားနိုင်ငံမှ ၁၁,၅၈၉ ဒသမ ၅၆ တန်ကို ရူပီး ၁၂၉ ဒသမ ၃၅ ကုဋေ(အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၃၆ သန်း) တန်ဖိုးဖြင့်လည်းကောင်း တင်သွင်းခဲ့ကြောင်း သိရသည်။
ပြီးခဲ့သည့် တနင်္လာနေ့တွင် လော့ခ်ဆဘာ(အောက်လွှတ်တော်)၌ စည်းမျဉ်း ၃၇၇ အရ အဆိုပါကိစ္စကိုတင်ပြရာတွင် Capt Chowta က ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(LDCs)အချို့သည် အိန္ဒိယနိုင်ငံ၏ အကောက်ခွန်ကင်းလွတ်ခွင့်၊ အရေအတွက်ကန့်သတ်ချက်ကင်းလွတ် ခွင့်(DFQF)ဦးစားပေးကုန်သွယ်မှုအစီအစဉ်အောက်တွင်သုညအကောက် ခွန်ကို ခံစားခွင့်ရရှိနေကြောင်းပြောကြားခဲ့သည်။ အဆိုပါ DFQF သည် မူလက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စီးပွားရေးကို အထောက်အကူပြုရန် ရည်ရွယ်ထားသော ပြဋ္ဌာန်းချက်ဖြစ်သော်လည်း ယခုအခါ အိန္ဒိယတောင်သူများကို ထိခိုက်စေသည့်ပုံစံဖြင့် အလွဲသုံးစားပြုခြင်းခံနေရကြောင်း ၎င်းက ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံသည် ကွမ်းသီးထုတ်လုပ်မှုတွင် ကိုယ်တိုင်ဖူလုံမှုရှိကြောင်း ဖော်ပြပြီး ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၁၄ သိန်းခန့် ထုတ်လုပ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။ ယင်းအနက် Karnataka ပြည်နယ်တစ်ခုတည်းကပင် တန်ချိန် ၁၀ သိန်းနီးပါးပံ့ပိုးပေးခဲ့ကြောင်း၊ သို့သော် လည်း ဤသို့ရှိနေသော်ငြားလည်း သုည-အခွန်တင်သွင်းကုန်အမြောက် အမြားသည် နိုင်ငံအတွင်းသို့ ဆက်လက်ဝင်ရောက်နေဆဲဖြစ်ပြီး အဓိကစိုက်ပျိုးရေးဒေသများရှိ တောင်သူများ၏ ယှဉ်ပြိုင်နိုင်စွမ်းကို ထိခိုက်စေသည့် မမျှတသော ဈေးနှုန်းကွာဟမှုကို ဖြစ်ပေါ်စေကြောင်း ၎င်းမှ ပြောကြားခဲ့သည်။
DFQF အကျိုးခံစားခွင့်များမှ ကွမ်းသီးကို ဖယ်ထုတ်ရန်
Capt Chowta က ပုံမှန်ကွမ်းသီးတင်သွင်းမှုများတွင် အခြေခံအကောက် ခွန် ၁၀၀ ရာခိုင်နှုန်းကောက်ခံကြောင်း၊ သို့သော် DFQF ကင်းလွတ်ခွင့်သည် အဆိုပါကာကွယ်မှုကို လုံးဝပျက်ပြယ်စေကြောင်း ပြောကြားခဲ့သည်။ ယင်းအားနည်းချက်ကြောင့် ကွမ်းသီးဈေးနှုန်းများကျဆင်းခြင်း၊ ဈေးကွက်မတည်ငြိမ်ခြင်းနှင့် အဆိုပါသီးနှံအပေါ် မှီခိုနေရသော တောင်သူသိန်းပေါင်းများစွာတို့၏ စီးပွားရေးဆိုင်ရာ စိုးရိမ်ပူပန်မှုများဖြစ်ပေါ်လာကြောင်း ပြောကြားခဲ့သည်။
Captain Chowta သည် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Nirmala Sitharaman နှင့် Piyush Goyal တို့ထံသို့လည်း ကွမ်းသီးအား DFQF အကျိုးခံစားခွင့်များမှ ဖယ်ထုတ်ရန်နှင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံများ(LDCs)မှ တင်သွင်းမှုများအပေါ် ပုံမှန်အကောက်ခွန်ပြန်လည်သတ်မှတ်ရန် တောင်းဆိုသည့် အသေးစိတ်တင်ပြချက်များကို ပေးပို့ခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံသည် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ၏ စီးပွားရေးကို ဆက်လက်ပံ့ပိုးရန် ကတိပြုထားသော်လည်း ယင်းကဲ့သို့သောအခွင့် အရေးများသည် အိန္ဒိယတောင်သူများ၏ စီးပွားရေးလုံခြုံရေးကို ထိခိုက်စေခြင်းမရှိစေရဟု ၎င်းက အလေးထားပြောကြားခဲ့သည်။
“DFQF ကင်းလွတ်ခွင့်သည် ရည်ရွယ်ချက်မရှိဘဲ ကွမ်းသီးစုပုံတင်ပို့ခြင်း (dumping)အတွက် တံခါးဖွင့်ပေးခဲ့ပြီး ကျွန်ုပ်တို့၏တောင်သူများ၊ အထူးသဖြင့် ဈေးနှုန်းမတည်ငြိမ်မှုကို ရင်ဆိုင်နေရသော ဒက်ရှီနာ ကန်နာဒါရှိ တောင်သူများအား ဆုံးရှုံးမှုများ ဆိုးရွားစွာဖြစ်ပေါ်စေခဲ့ပါတယ်။ အိန္ဒိယနိုင်ငံသည် ကွမ်းသီးထုတ်လုပ်မှုတွင် လုံးဝကိုယ်တိုင်ဖူလုံမှုရှိသော်လည်း ကျွန်ုပ်တို့၏ဈေးကွက်များသည် သုည-အခွန်တင်သွင်းမှုများကြောင့် မတည်ငြိမ်မှုများဖြစ်ပေါ်နေပါတယ်။ ဒက်ရှီနာ ကန်နာဒါနှင့် အခြားကွမ်းသီးစိုက်ပျိုးသည့် ဒေသများရှိ တောင်သူသိန်းပေါင်းများစွာတို့၏ အသက်မွေးဝမ်းကျောင်းမှုကို ကာကွယ်ရန်အတွက် ကွမ်းသီးအား DFQF အကျိုးခံစားခွင့်များမှ ချက်ချင်းဖယ်ထုတ်ပေးပါရန် အစိုးရအား တိုက်တွန်းအပ်ပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
Source: The Hindu Businessline, Arecanut imports from nearby countries rise despite India’s self-sufficiency, December 2, 2025.
(ကောင်းထွဋ်အောင်၊ စီးပွားရေးသံမှူး၊ ကော်လ်ကတ္တားမြို့)